Author's Profile Photo

SarPhat Author

24/04/2024

၂၁.၉.၂၀၂၁ (ကြေးမုံသတင်းစာပါ ဝတ္ထုတို)

5 mins read
Education
Art
18 Again
၂၁.၉.၂၀၂၁ (ကြေးမုံသတင်းစာပါ ဝတ္ထုတို)'s photo


*"ဘယ်သူ့အမှားလဲ ?"*

အောင်ခန့်သည် တစ်ဦးတည်းသောသား ဖြစ်သည်။ အောင်ခန့်၏အဖေ ဦးအောင်မြင့်နှင့် အမေ ဒေါ်မိမိကျော်တို့သည် ကိုယ်ပိုင် ကုန်စုံဆိုင်ကြီးတစ်ဆိုင်ပိုင်ဆိုင်ပြီး လူလတ်တန်းစား၊ နေနိုင်စားနိုင်သူများလည်း ဖြစ်ကြသည်။ တ၀်ဦးတည်းသောသားလေးအောင်ခန့်ကို လိုလေသေးမရှိ၊ ပူဆာသမျှကို ငြူစူခြင်းမရှိ မဖြစ်ဖြစ်အောင် လုပ်ပေးကြသည်။ အောင်ခန့်သည ် ၈ တန်းကျောင်းသား၊ စာတော်သည်။ သန့်ရှင်းသပ်ရပ်စွာ ၀တ်စားဆင်ယင်သည်။ အောင်ခန့်ကစာတော်သောကြောင့် ဒေါ်မိမိကျော်သည် ပို၍ချစ်သည်။

"အမေ သား စာမေးပွဲ ဖြေနိုင်တယ်၊ သားအောင်စာရင်းထွက်လို့ အဆင့်ကောင်းရရင် သားကို ဘာ၀ယ်ပေးမှာလဲ"
"သားသာ အမှတ်ကောင်းရရင် သားလိုချင်တာ မရရအောင် အမေ၀ယ်ပေးမှာပေါ့၊ မဖြစ်နိုင်တာတော့ မပူဆာနဲ့ပေါ့"
"သားလိုချင်တဲ့ဟာကို အမေတို့ ဝယ်ပေးနိုင်မှာပါ"

-----------

လပတ်စာမေးပွဲရဲ့ အဆင့်သတ်မှတ်ချက် ထွက်လာပါပြီ။ အောင်ခန့်ကျောင်းကနေ သူ၏အဖေနဲ့ အမေရှိရာဆိုင်သို့ သွားလေသည်။ ဆိုင်သို့အရောက် အောင်ခန့်သည် မိဘနှစ်ဦးကို လှမ်း၍ခေါ်သည်။ ဆိုင်ထဲတွင် အမေသာရှိသည်။ အဖေက ဆိုင်အတွက်လိုအပ်သည်များကို သွား၍၀ယ်နေသည်။

"အမေ၊ သားရဲ့ အမှတ်စာရင်းထွက်လာပြီ"
"ဟုတ်လားသား၊ ပြစမ်း၊ အခြေအနေရော ကောင်းရဲ့လား"
"အမေ့ရဲ့သားပါဗျ၊ အခြေအနေမကောင်းပဲနဲ့ သားလိုချင်တဲ့ဟာကို ပူဆာမလား"
"ဟုတ်ပါပြီ၊ လောလောဆယ်တော့ သားအမှတ်စာရင်းကို အမေတို့ အရင်ကြည့်ဦးမယ်၊ ညကျမှ သားလိုချင်တာကို အဖေ့ရှေ့မှာ ပြောကြတာပေါ့၊ အခု မင်းအဖေလည်း စျေးသွား၀ယ်နေတယ်"
"ဟုတ်ကဲ့အမေ၊ အဲ့ဒါဆို သားအိမ်ပြန်ပြီး အ၀တ်အစားတွေ သွားလဲလိုက်ဦးမယ်၊ လွယ်အိတ်ထားခဲ့တယ်၊ အ၀တ်အစားလဲပြီး ပြန်လာခဲ့မယ်နော်"
"အေး၊ အေး၊ ဂရုစိုက်သွားဦးနော်"
"ဟုတ်ကဲ့ပါ။"

အောင်ခန့်သည် ပြောပြောဆိုဆိုဖြင့် ပျော်ရွှင်မြူးတူးကာ အိမ်သို့ပြန်သွားလေသည်။ ဒေါ်မိမိကျော်သည် သူ၏သားလေး ပျော်ရွှင်မြူးတူးနေပုံလေးကိုကြည့်ပြီး အပြုံးလေးများေ၀လျက်၊ လက်ထဲတွင်လည်း သူ၏သားရဲ့ အမှတ်စားရင်းစာရွက်ကလေးကို ကိုင်ကာ ဆိုင်တွင်ကျန်ရစ်ခဲ့သည်။

----------

ညအချိန်ဖြစ်သည်။ အောင်ခန့်တို့မိသားစု အိမ်တွင်ညစာထမင်း၀ိုင်းကလေးမှာ အပြုံးပန်းများေ၀ကာ၊ စကားများဖောင်ဖွဲ့နေကြသည်။

"သား၊ မင်းရဲ့အမှတ်စာရင်းက တစ်ခန်းလုံးမှာ နံပါတ်တစ်ဆို၊ ဟုတ်လားသား"

ဦးအောင်မြင့်က သူ၏သားကို မေးသည်။ သားဖြစ်သူ အောင်ခန့်ကလည်း ဤသို့ပြန်ဖြေသည်။

"ဟုတ်ကဲ့အဖေ၊ သား တစ်ခန်းလုံးမှာ နံပါတ်တစ်ရတယ်။"
"ငါ့သား တော်တာပေါ့၊ အေးကွာ ဆက်ကြိုးစားပေါ့၊ စာတော်တဲ့ သားလေးကိုရထားတော့ အဖေတို့ ၀မ်းသာရတာပေါ့၊ မဟုတ်ဘူးလား အမေကြီးရေ။"
"ဟုတ်ပရှင်၊ ကျွန်မကတော့ ကျွန်မသားလေးကို ဂုဏ်ယူတယ်ရှင်၊ သားလေး ဘာလိုချင်လည်းပြော၊ အမေတို့သားလေးကို ၀ယ်ပေးမယ်၊ ၀ယ်ပေးပြီးရင်တော့ စာတော်အောင် ဆက်ပြီးကြိုးစားရမှာနော်၊ လိုချင်တာရပြီးမှ အမှတ်တွေလျော့သွားလို့တော့ မရဘူးနော်"
"စိတ်ချပါ အမေရာ၊ သားကအမေတို့ရဲ့သားပါဗျ၊ သားက ကျောင်းမှာရော အိမ်မှာပါ အမြဲတမ်းနံပါတ်တစ်ပဲ ယူမှာ"
"ဟုတ်ပါပြီ၊ အပြောနဲ့အလုပ် ညီရဲ့လားဆိုတာ အမေတို့စောင့်ကြည့်မယ်လေ၊ အခုတော့ ရော့၊ သားကြိုက်တဲ့ ကြက်သားဆီပြန်ဟင်းလေး၊ အမေထည့်ပေးမယ်၊ စားလိုက်ဦး၊ စကားတွေကြီး ပြောနေတယ်၊ ဖေကြီးလည်း ထည့်စားလေ၊ ရော့ ရော့"

ဒေါ်မိမိကျော်က သားနှင့် ယောက်ျားဖြစ်သူတို့ကို ဟင်းထည့်ပေးသည်။ ဦးအောင်မြင့်က သူ၏သားကို ဆက်လက်၍မေးလေသည်။

"ငါ့သားက ဘာလိုချင်လို့လည်းကွ"
"သား၊ ဆိုင်ကယ်လိုချင်တယ်။"

ဦးအောင်မြင့်နှင့် ဒေါ်မိမိကျော်တို့ သံပြိုင် သူတို့သားကို ပြန်မေးလိုက်ကြသည်။

"ဆိုင်ကယ်လား"
"ဟုတ်၊ သား ဆိုင်ကယ် လိုချင်တယ်၊ ၀ယ်ပေးပါနော်၊"
"၀ယ်ပေးရမှာပေါ့ကွာ"

ဦးအောင်မြင့်က ထိုသို့ပြောပြီး စားလက်ဆထမင်းပန်းကန်ကို ကုန်အောင်စားပြီး ထမင်း၀ိုင်းမှ ထ သွားသည်။

----------

နောက်တစ်နေ့သို့ရောက်သော် ဦးအောင်မြင့်နှင့် ဒေါ်မိမိကျော်တို့ ကုန်စုံဆိုင်တွင် နှစ်ယောက်သား တိုင်ပင်ဆွေးနွေးနေကြသည်။ သူတို့တိုင်ပင်ဆွေးနွေးနေသည်က အခြားမဟုတ်၊ သားကိုဆိုင်ကယ်၀ယ်ပေးရေး၊ ၀ယ်မပေးရေး အကြောင်းကိုတိုင်ပင်နေကြခြင်း ဖြစ်သည်။

"မေကြီးရေ၊ ကိုယ်ကတော့ သားလေးကို ဆိုင်ကယ်၀ယ်မပေးချင်ဘူး"
"ဘာဖြစ်လို့လည်းဖေကြီးကလည်း၊ ၀ယ်ပေးလိုက်ပါ၊ အရင်တုန်းကတော့ ဘာပဲပူဆာပူဆာ လိုလေသေးမရှိအတူတူ၀ယ်ပေးခဲ့ပြီးမှ အခုပူဆာတာကို မ၀ယ်ပေးရင် သားကငြိုငြင်မှာပေါ့ ဖေကြီးရဲ့"
"ဟုတ်တယ်၊ သူငြိုငြင်မှာကို အစ်ကိုသိတာပဲ၊ ဒါပေမယ့် သူအခုပူဆာနေတာက အန္တရာယ်များလို့ မေကြီးရေ၊ အစ်ကိုလည်း သားလေး ပူဆာလာသမျှ ၀ယ်ပေးချင်တာပေါ့၊ တစ်ခြားဟာ ပူဆာရင်လည်း အကောင်းသား၊ အခုဟာက ဆိုင်ကယ်ဆိုတော့၊"
"ဖေကြီး ၀ယ်မပေးချင်နေ၊ ကျွန်မကတော့ သားလေးပူဆာတာ ရအောင်၀ယ်ပေးမှာပဲ၊ အန္တရာယ်များတယ်ဆိုရင် သားလေးကို စည်းကမ်းနဲ့စီးရအောင် ကျွန်မလုပ်ပေးမှာပေါ့၊ ဆိုင်ကယ်ကို စည်းနဲ့ကမ်းနဲ့စီးရင် အန္တရာယ်ဆိုတာ မလာနိုင်ပါဘူး ဖေကြီးရာ၊"
"ပြောမရလည်း မင်းသဘောပဲ၊ ငါကတော့ မ၀ယ်ပေးချင်ဘူး၊ အေး၊ တ၀်ကယ်လို့၀ယ်ပေးခဲ့ရင်လည်း၊ စည်းနဲ့ကမ်းနဲ့ စီးတတ်အောင်လို့တော့ စည်းကမ်းတွေ ထုတ်သင့်ရင်ထုတ်မှာနော်၊ ငါ့သားကအခုမှ ၈ တန်းပဲရှိသေးတယ်၊ ငါ့သားကို ဘာမှမဖြ၀်စေချင်ဘူး"
"ဖေကြီးကလည်း......၊ ကျွန်မကလည်း ကျွန်မသားလေးကို ချစ်တာပေါ့၊ ကျွန်မသားလေးကို အလိုလိုက်ပေမယ့်၊ အန္တရာယ်မဖြ၀်အောင်လို့ ကျွန်မတို့ဘက်က စည်းကမ်းလေးနဲ့ သေသေချာချာ ကြပ်ကြပ်မတ်မတ်လေး စီးခွင့်ပေးမယ်ဆိုရင်တော့ ကျွန်မတို့သားလေးကို အန္တရာယ်ကနေ ကာကွယ်ပေးနို၈်မှာပါ"
"မင်းသဘော၊ မင်းသဘော၊ ဆိုင်ကယ်ကိုတော့ ငါကိုယ်တိုင် ပဲခူးသွားပြီး ၀ယ်မှာနော်၊ ငါ့သားလေးအတွက် အကောင်းဆုံးဆိုတာလေးကို ရွေးပြီး ၀ယ်လာခဲ့မယ်။"

သူတို့လင်မယားနှစ်ယောက် အကြီးအကျယ်ခေါင်းစားပြီးနောက် ဆိုင်ကယ်၀ယ်ပေးရန် အဖြေထွက်ခဲ့သည်။ ဦးအောင်မြင့်သည် သူ့သားအောင်ခန့်ကို ဆိုင်ကယ်မ၀ယ်ပေးချင်၊ တစ်ခြားအရာသာ ၀ယ်ပေးချင်သည်။ အောင်ခန့်သည် ယခုမှ ၈ တန်းအရွယ်သာရှိသေးသော ကလေးတစ်ယောက်ဖြစ်ခြင်း၊ ဆိုင်ကယ်တစ်စီးကြောင့် သူငယ်ချင်းအပေါင်းအသင်း ခုန်မင်လာပြီး အပေါင်းအသင်းမှားမည်စိုးခြင်းတို့ကြောင့် ဆိုင်ကယ်ကို ၀ယ်မပေးချင်သည်သာဖြစ်သည်။ ယခုတွင်တော့ ဒေါ်မိမိကျော်မှ ကလေးကို သေသေချာချာ ကြပ်ကြပ်မတ်မတ် စည်းကမ်းချက်တွေထုတ်ပြီးမှ ဆိုင်ကယ်ကို စီးခွင့်ပေးမည်ဆိုသောကြောင့် ဦးအောင်မြင့် ဆိုင်ကယ်၀ယ်ပေးရတော့မည်။ ထို့ကြောင့် နေ့ကောင်းရက်သာ၊ ရက်ရာဇာ၊ ပြဿဒါးရွေးကာ ပဲခူးသို့ဆိုင်ကယ် ၀ယ်ရန် ထွက်ခဲ့လေတော့သည်။

----------

အောင်ခန့်သည် ၈ တန်း နောက်ဆုံးစာမေးပွဲကြီး ဖြေဆိုရန် အချိန်သို့ ရောက်ရှိလာခဲ့ချိန်တွင် သူငယ်ချင်းများနှင့် ဆိုင်ကယ်လျှောက်စီးကာ နေလေသည်။ ဒေါ်မိမိကျော်က သူ၏သား သူငယ်ချင်းအိမ်တွင် စာသွားကျက်သည်ဟုသာ ထင်သည်။

အချိန်သည် တစ်ဖြည်းဖြည်းနှင့် မှောင်စပြုလာလေသည်။ ဦးအောင်မြင့်တို့လင်မယားနှစ်ယောက် ဆိုင်သိမ်းပြီး အိမ်ပြန်ရန် ပြင်လိုက်ကြတော့သည်။ ဒေါ်မိမိကျော်က ပိုက်ဆံအိတ်နှင့် ထမင်းချိုင့်ထည့်ထားသော ဆွဲခြင်းတောင်းကိုကိုင်၊ ဦးအောင်မြင့်က ဆိုင်တံခါးကိုပိတ်ပြီး သော့ကိုယူ၊ ဒေါ်မိမိကျော်ဆီမှ ဆွဲခြင်းကိုကူဆွဲကာ အိမ်အပြန်လမ်းဘက်သို့ လင်မယားနှစ်ယောက်လှည့်အထွက်တွင် ဒေါ်မိမိကျော်၏ ပိုက်ဆံအိတ်ထဲမှ ဖုန်း ringtone ထမြည်လာသည်။ ဒေါ်မိမိကျော်က ပိုက်ဆံအိပ်ဖွင့်ပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။

"ဟဲလို၊ သားလား"

၀င်လာသည့်ဖုန်းသည် ဖုန်းနံပါတ်အစိမ်းဖြစ်သည်။ ဤအချိန်တွင် သူ၏သားဆက်မည်ဟုထင်နေသောကြောင့် ဘယ်သူလဲလို့ မမေးပဲ သားလားဟုသာမေးလိုက်သည်။

"ရှင်!!!"

မျက်ရည်များ၀ဲလာသည်။ ကြိုးနှင့်ဆွဲထားသော အရုပ်ကလေး ကြိုးပြက်သွားသည့်နှယ် ဒေါ်မိမိကျော်သည် ငူငူငေါင်ငေါင်ကြီးဖြစ်သွားကာ မြေကြီးပေါ်ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။

"မေကြီး၊ မေကြီး ဘာ ဘာဖြစ်တာလည်း၊ ငါ့လည်းပြောပါဦး၊ မေကြီး"

ဦးမြင့်အောင်က အရှေ့ကနေ သွားရင်းနှင့် နောက်လှည့်ကြည့်လိုက်တော့ ဒေါ်မိမိကျော် လမ်းဘေးတွင် ခြေပစ်လက်ပစ် ထိုင်နေသည်ကိုတွေ့ပြီး အပြေးရောက်လာကာ ပြာပြာသလဲ မေးလေသည်။ ဒေါ်မိမိကျော်ကိုလည်း နဖူးတွေစမ်း၊ မျက်ရည်များသုတ်ပေး၊ ပြုတ်ကျသွားသော ပိုက်ဆံအိတ်ကို ပြန်ကောက်ပေးပြီး ဒေါ်မိမိကျော်ထံမှ ထွက်လာသောစကားလုံးများကို စောင့်ကာနားဆင်နေသည်။

"ဖေကြီးရေ.....၊ သားလေး၊ သားလေး ဟိုင်းေ၀းလမ်းမှာ၊ ကားတိုက်ခံလိုက်ရလို့တဲ့"
"ဘာ!!!"

ဦးအောင်မြင့်သည်လည်း ဒေါ်မိမိကျော်ဆီမှ ထိုစကားကိုကြားရပြီးလျှင် အရုပ်ကြိုးပြက်ဖြစ်ကာ မျက်ရည်များ၀ိုင်းလာလေသည်။ ဦးအောင်မြင့်က ဒေါ်မိမိကျော်ကို အကြောင်းစုံမေးသည်။ ဒေါ်မိမိကျော်က ငိုကြီးချက်မနှင့် ပြန်၍ဖြေသည်။

"စာသွားကျက်တဲ့သားက ဘယ်လိုဖြစ်ပြီး အေ၀းပြေးလမ်းမကြီးပေါ် ရောက်သွားရတာလဲ မေကြီးရာ.....၊ အခု သားလေးအခြေအနေရော"
"သားလေးက မနက်တုန်းက သူ့သူငယ်ချင်းတွေနဲ့ စာသွားကျက်ကြမယ်လို့ပြောပြီး အိမ်ကဆိုင်ကယ်ကိုထုတ်သွားတယ် ဖေကြီးရာ၊ ကျွန်မလည်း ဒီအနားပဲဆိုပြီး လွှတ်ထားလိုက်တာပေါ့၊ အခုတော့......၊ အခုတော့ သားလေးက ဆိုင်ကယ်စီးတာ ဆိုင်ကယ်ဦးထုတ်မပါပဲ၊ ယောက်ျားလေး လေးယောက်စီးကြတာ၊ ကုန်ကားကြီး တစ်စီးအောက်ကို အရှိန်မထိမ်းနိုင်ပဲ ရောက်သွားပြီး သုံးယောက်က နေရာမှာတင်ဆုံးသွားပြီတဲ့ဖေကြီးရဲ့.....၊ နောက်တစ်ယောက်ကလည်း အခြေအနေစိုးရိမ်ရတယ်တဲ့ဖေကြီးရဲ့၊ လေးယောက်လုံးက မျက်နှာတွေ ဒဏ်ရာတွေနဲ့မို့၊ ဘယ်သူဘယ်၀ါခွဲခြားလို့မရတာကြောင့် လေးယောက်လုံးရဲ့ အုပ်ထိမ်းသူတွေဆီ ဖုန်းဆက်ရတာပါတဲ့၊ ကျွန်မသားလေး ဘာမှမဖြစ်ပါစေနဲ့....."
"မေကြီး၊ အခုသူတို့က ဘယ်နားမှာတဲ့လဲ ဟင်....."
"ဖြူး ဘက်မှာတဲ့၊ ပရဟိတတစ်ဖွဲ့က လိုအပ်တာတွေ ကူညီပေးနေတယ်တဲ့၊ ကျွန်မတို့သားလေးကို သွားကြည့်ရအောင်နော်၊ ဖေကြီး၊ နော်၊"
"အေးကွာ အစ်ကိုတို့ ညတွင်းချင်းပဲ သွားကြမယ်ကွာ"

ဦးအောင်မြင့်နှင့် ဒေါ်မိမိကျော်တို့သည် သူတို့သား၏ သတင်းကို ကြားလျှင်ကြားချင်း အိမ်မပြန်ကြတော့ပဲ ဖြူးမြို့နယ်ဘက်သို့ ညတွင်းချင်း သွားကြလေတော့သည်။

-----------

အချိန်က ည အတော်နက်နေလေပြီ။ ဖြူးမြို့က ပြည်သူ့ဆေးရုံသို့ ဦးအောင်မြင့်နှင့် ဒေါ်မိမိကျော်တို့ ရောက်နေကြပြီဖြစ်သည်။ အေ၀းပြေးလမ်းက ပရဟိတအဖွဲ့တစ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ဦးအောင်မြင့်တို့လင်မယားကို အရင်ဆုံး အလောင်းများလိုက်ပြသည်။

အလောင်းတ၀်လောင်း၏ အုပ်ထားသောပိတ်စကို လှန်ပြီးပြကြသည်။ ဒေါ်မိမိကျော်နှင့် ဦးအောင်မြင့်တို့က ဒါကျုပ်တို့သားမဟုတ်ဘူးဆိုပြီး နောက်တ၀်လောင်း၊ ပြီး နောက်တစ်လောင်းနှင့် သေဆုံးသွားသူသုံးယောက်မှာ ဒေါ်မိမိကျော်၏ သားမဟုတ်ပေ။ ထို့ကြောင့် နောက်ဆုံးတစ်ယောက်သာကျန်သည့် အထူးကြပ်မတ်ဆောင်ထဲမှ လူနာကိုသွားကြည့်ကြသည်။

ထိုအခါတွင်တော့ ဒေါ်မိမိကျော်သည် ရူးမတတ်ခံစားရတော့သည်။ ဦးအောင်မြင့်သည်လည်း ကုတင်ပေါ်က သူ၏သားကိုကြည့်ပြီး မျက်ရည်များစီးကျလာလေသည်။ ဦးအောင်မြင့်တို့ လင်မယားနှစ်ယောက် လူနာ၏အခန်းထဲသို့ ၀င်သွားကြသည်။ သူတို့လင်မယား၀င်သွားကြပြီး ခဏအကြာတွင် ညပိုင်းဆရာ၀န်နှင့်သူနာပြုတို့၀င်ရောက်လာပြီး ဆေးမှတ်တမ်းများကြည့်ရှုလေသည်။

"လူနာရှင်လားခဗျ"

ဆရာ၀န်လေးက မေးလေသည်။

"ဟုတ်ကဲ့ပါခဗျ"

ဦးအောင်မြင့်က ပြန်ဖြေလေသည်။

ဆရာ၀န်က အကောင်းဆုံးဖြစ်အောင် ကုသပေးခဲ့ပေမယ့် ကံမကောင်းခဲ့ကြောင်း၊ ကုသလို့မရနိုင်တော့၍ လက်လွှတ်ရတော့မည်ဖြစ်ကြောင်း ပြောပြီး လိုအပ်သည်များကို ပြောကြားကာ ထွက်ခွါသွားကြတော့သည်။

နောက်ဆုံးတွင်တော့ ဦးအောင်မြင့်နှင့် ဒေါ်မိမိကျော်တို့သည် သားလေးကိုသာ ဖက်၍ငိုရတော့မည့်အခြေအနေသို့ ရောက်ရှိလာခဲ့လေတော့သည်။


ကိုမျိုး

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?