တင်ညွန့်
ကျောင်းဆင်းတော့မည်။ ဆဋ္ဌမတန်းမှ ဆရာမက သူ့တပည့်တွေကိုမှာနေသည်။
“မနက်ဖြန် တရုတ်နိုင်ငံအကြောင်း ကျက်ခဲ့။ တစ်ယောက်ချင်း ဆရာမဆီမှာ လာဆိုပြရမယ်”
“ဟုတ်ကဲ့ပါ”
ကလေးတွေက ပျော်ရွှင်စွာ အော်လိုက်ကြသည်။ စာကျက်ခဲ့ကြဆိုခြင်းကို ပျော်၍အော်ခြင်းမဟုတ်။ ကျောင်းဆင်းခေါင်းလောင်း ထိုးတော့မည်ကို ပျော်၍ အော်ခြင်းသာဖြစ်သည်။
သုသုတစ်ယောက် စိတ်ညစ်နေသည်။ သူက စာကျက်ရမှာကို ပျင်းသည်။ ထို့ပြင် ယနေ့ည တီဗီအစီအစဉ် ကိုလည်း ကြည့်ချင်သေးသည်။ မေမေက အိမ်စာပါလား မေးသည်ကိုပင် မပါဟု ဖြေကာ တီဗီအစီအစဉ်ကို မိသားစုနှင့်အတူ ထိုင်ကြည့်ရင်း ည ၁၀ နာရီထိုးသွားသည်။
အိပ်ခန်းထဲဝင်ပြီး ပထဝီဝင်စာအုပ်ကိုဖွင့်လိုက်သေးသည်။ သို့သော် စာကျက်ရန် စိတ်မပါ။ စာလုံးတွေက မျက်လုံးထဲတွင် ဝေဝါးနေသည်။ ထို့ကြောင့် မထူးဘူးဆိုကာ အိပ်ရာထဲဝင်လိုက်သည်။
သုသုတစ်ယောက် အိပ်မက်ထဲတွင် နတ်သမီးလေးတစ်ပါးနှင့် တွေ့နေသည်။ နတ်သမီးလေးက
“သုသု ဘာဖြစ်နေတာလဲ မပျော်ဘူးလား”
“မပျော်ပါဘူး။ မနက်ဖြန် ဆရာမက စာတွေကို သူ့ဆီ လာဆိုပြရမယ်တဲ့”
“ဆိုပြလိုက်ပေါ့”
“အလွတ်ဆိုပြရမှာ အလွတ်ကျက်နေရတာကို စိတ်မပါဘူး။ မနက်ဖြန် အလွတ်မကျက်သွားရင် အရိုက်ခံရတော့ မယ်”
“အဲဒီတော့ ဘာဖြစ်ချင်သလဲ”
“စာတွေကို အလွတ်ရရင် ကောင်းမှာပဲ”
“ကိုင်း ... မနက်ဖြန် စာတွေကို အလွတ်ရစေသတည်း”
“တကယ်အလွတ်ရမှာလား”
“ရမှာပေါ့”
သူလန့်နိုးသည့်အခါတွင် မိုးလင်းပြီ။ ကျောင်းသွားရန် ပြင်ဆင်ရသည်။ စိတ်ထဲကတော့ လေးနေသည်။ ညက စာမကျက်။ ထို့ကြောင့် အရိုက်ခံရရုံသာရှိတော့သည်။
ပထဝီဝင် ဆရာမအချိန်ရောက်လာပြီ။ သုသုတစ်ယောက် စာမရသဖြင့် ခေါင်းမဖော်ရဲ။ ခေါင်းလေးကို ဝှက်ထားရာမှ ဆရာမက ရိပ်မိပြီး
“သုသု ထွက်လာခဲ့ ... စာလာဆို” ဟု ပြောလိုက်သည်။
သုသုက လက်ကလေးပိုက်ပြီး ဆရာမရှေ့တွင် ရပ်လိုက်သည်။
“စာကျက်ခဲ့ရဲ့လား”
“ကျက်ခဲ့ပါတယ်ဆရာမ” သူ့ပါးစပ်က အလိုလိုထွက်သွားသည်။
“ကဲ ဒါဆို တရုတ်နိုင်ငံအကြောင်း ဆိုပြ”
သုသုက ဆိုလိုက်သည်။ ဘယ်က ဘယ်လို စာတွေရလာသည် မသိပြီ။
“တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်ရှိ အိမ်နီးချင်း နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် တတိယအကြီးဆုံး နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ဧရိယာအများစုမှာ တောင်ကုန်း တောင်တန်းနှင့် ကုန်းမြင့်များဖြစ်ပြီး၊ လူနေကျဲပါးသည်။ မြစ်ဝှမ်းမြေနိမ့်ဒေသများတွင် လူနေထူထပ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ နိုင်ငံဧရိယာ ကြီးမားသောကြောင့် မြေမျက်နှာသွင်ပြင်လက္ခဏာ မျိုးစုံတွေ့နိုင်ပြီး ရာသီဥတု သဘာဝပေါက်ပင် အမျိုးအစားများလည်း များစွာ ကွဲပြားသည်”
“တော်ပြီ ... တော်ပြီ ... ငါ့တပည့်က ဘယ်ဆိုးလို့လဲ။ စာတွေကျက်လာသားပဲ”
သုသုက ဆက်ဆိုသည်
“တရုတ်နိုင်ငံ တည်နေရာ။ တရုတ်နိုင်ငံသည် ပင်လယ်ဝါ၊ တောင်တရုတ်ပင်လယ် ...”
“သုသု တော်ပြီလေ ... တော်တော့”
“ပစိဖိတ်သမုဒ္ဒရာနှင့် ထိစပ်နေသည့်အပြင် ...”
“သုသုတော်ပြီလို့ ပြောနေတယ်လေ”
“ကုန်းနယ်နိမိတ်အားဖြင့် နိုင်ငံပေါင်း ၁၄ နိုင်ငံဖြစ်သည့် ...”
“သုသုတော်တော့ ... ရပ်လိုက်တော့”
“မြောက်ကိုရီးယား၊ ရုရှား၊ မွန်ဂိုးလီးယား ..."
“သုသု ငါပြောတာ ဂရုမစိုက်ဘူးလား ... တော်ဆိုတော်လိုက်တော့”
“ဗြန်း”
ဆရာမက စိတ်ဆိုးဆိုးနှင့် ကြိမ်လုံးကို စားပွဲပေါ်ရိုက်လိုက်မှ သုသုတစ်ယောက် လန့်နိုးသလိုဖြစ်သွားသည်။
“သွားတော့ ... ခုံမှာ သွားပြန်ထိုင်တော့”
သုသုက သူ့နေရာတွင် သွားပြန်ထိုင်သည်။ သူဘာတွေဖြစ်ခဲ့ လုပ်ခဲ့သည်ကို ယောင်ဝါးဝါး ဖြစ်နေသည်။
ထိုညတွင် သုသုအိပ်ပျော်သွားသည့်အခါ နတ်သမီးလေးက သူ့ကို ပုတ်နှိုးလိုက်ပြန်သည်။
“အလို နတ်သမီးလေး”
“ငါ့ကိုမှတ်မိလား”
“မှတ်မိတာပေါ့။ ညက လာသွားတာပဲ”
“ဘယ့်နှယ်လဲ ... ကျောင်းမှာ အဆင်ပြေခဲ့ရဲ့လား”
“ပြေတာပေါ့ ... စာတွေကို အလွတ်ရွတ်ပြလိုက်တာပေါ့”
“ဒါဆို အမှတ်တွေ ကောင်းကောင်းရမှာပေါ့”
“မသိဘူး ... ဒီနေ့ ရေးဖြေ ဖြေရမယ်။ ရေးဖြေအမှတ်က အဓိကပဲ”
“မနေ့ကစာတွေအားလုံး အလွတ်ရွတ်ပြခဲ့တယ်ဆို”
“ဟုတ်တယ် ဆရာမကတောင် အတင်းတော်ခိုင်းရတယ်”
“မင်းဒီနေ့ ဖြေနိုင်မှာပါ”
နောက်တစ်နေ့ သုသုကျောင်းကိုစောစောလာသည်။ ယနေ့ရေးဖြေ ဖြေရသည်။ သုသုကောင်းစွာ ဖြေနိုင်လိမ့် မည်ဟုထင်သည်။ သို့သော် တကယ်တန်း ရေးဖြေ ဖြေသည့်အခါတွင် သူ့ခေါင်းထဲတွင် ဘာမျှ မမှတ်မိတော့။ သူ ဘာတစ်လုံးကိုမှလည်း ချမရေးနိုင်တော့။ ဆရာမက
“သုသု ဘာလုပ်နေတာလဲ ဖြေလေ”
“သမီးဘာမှ မမှတ်မိဘူး”
“မနေ့ကတော့ အတင်းကို ရပ်ခိုင်းရတယ်။ ဖြေလေ မနေ့က ရွတ်ခဲ့တာတွေ ဖြေပေါ့”
“သမီး မမှတ်မိတော့ဘူး”
သုသုတစ်ယောက် ငိုပါတော့သည်။
(မူရင်း အိန္ဒိယနိုင်ငံမှ အဖြစ်အပျက်လေးဖြစ်ပါသည်။ အလွတ်ကျက်ခြင်း၏ ဆိုးကျိုးကိုပေါ်လွင်စေချင်သော ကြောင့် ရေးသားထားသော ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်)
(Ref: The bad of rote learning)
(Photo Credit: EuroSchool)
တင်ညွန့်
၁၉.၄.၂၀၂၄
Keep Reading