သင်္ကေတ

စာဖတ်သောသူလေးများ အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ ဆောင်းပါးလေးမှာတော့ ပညာရှင်တချို့အကြောင်း ဖော်ပြသွားမှာပါ။
ပညာရှင်ဆိုလို University တက္ကသိုလ်ကြီးတွေ၊ Collage ကောလိပ်ကြီးတွေက လို့မထင်လိုက်ပါနဲ့။ အဲ့နေရာကနေ တစ်ယောက်မှမဟုတ်ပါဘူး
ဒါဆို ဘယ်ကလဲ ?
ရပ်ကွက်ထဲမှာရှိတဲ့ ဈေးလေးတွေထဲကပါ၊ ကုန်စုံဆိုင်ကြီးတွေကပါ။
?ဟုတ်လို့လား။
ဟုတ်ပါတယ်၊ အဲ့မှာရှိတဲ့ ဈေးရောင်းတဲ့သူတွေပါ၊
ကျွန်မတို့ ဈေးသွားဝယ်ကြတယ်၊ ကြက်သားဆိုင်၊ ဝက်သားဆိုင် လိုမျိုး အသားဆိုင်တွေမှာဆို ဘယ်နှစ်ပိဿ၊ ဘယ်နှစ်ကျပ်သား ဆိုပြီး သူ့အရင်းဈေးနဲ့တွက်ပြီး ရောင်းကြတာပါ၊ အဲ့ခါ ကပ်သီးကပ်သတ် တွက်ရတာမျိုးတွေရှိတတ်ကြပါတယ်၊ အဲ့လိုမျိုးအခါ ကျွန်မတို့ ဝယ်သူတွေ စဉ်းစားပြီးတွက်နေတုန်း သူတို့က တွက်လို့ပြီးနေကြပြီဆိုတာ သတိထားမိကြမယ်ထင်ပါတယ်၊
နောက်ပြီး ဟင်းသီးဟင်းရွက်ဆိုင်၊
အဲ့မှာဆို ဟင်းရွက်တွေက အမျိုးစုံရင်ပိုလိုတောင်ခက်ပါသေး၊(ကျွန်မအတွက်ပြောတာပါ) ဟိုဟာတစ်မျိုး၊ ဒီဟာတစ်မျိုး၊ ဈေးက မတူညီတဲ့ ဈေးမျိုးစုံ၊ တစ်နေ့တစ်နေ့ ရောင်းရတဲ့ဈေးကလည်း တူချင်မှာတူတာ၊
ဈေးဝယ်သူတစ်ယောက်လာပြီး ပစ္စည်းအတော်စုံနီးပါးဝယ်တယ်ဆိုပါတော့၊ အဲ့မှာတွက်ချေတော့၊ ခက်ပြီထင်လား
သူတို့အတွက်လုံးဝမခက်ပါဘူး၊ သူတို့ဆီ ဖုန်းရှိကြပေမဲ့ Calculator ဂဏန်းတွက်စက် မသုံးဘဲ စိတ်ထဲနေပဲ တွက်ပြီး ချက်ချင်းပင် ဈေးနှုန်းကိုပြောနိုင်ပါတယ်၊ Calculator နဲ့သာ ထိုင်တွက်နေရင် ဈေးရောင်းရမှာ မဟုတ်တော့ပါ။ သူတို့ဆိုင်တွေမှာရှိတာ ကတ္တားတွေပဲ ရှိတာပါ၊ ချိန်ခွင်လဲ သုံးကြပါတယ်၊ (ငါးသည်၊ ကြက်သားသည်၊ အသားသည်တို့)
အဲ့လိုပဲ တခြားသော အမျိုးအမည်တွေနဲ့ ရောင်းနေကြသော ဈေးသည်တွေလဲ ထိုနည်းတူပါပဲ။ ဒီစာထဲမှာတော့ စာဖတ်သူတို့ အမြင်သာဆုံးဖြစ်မယ့်ဟာကိုပဲ ထည့်ရေးလိုက်တာပါ။
တစ်နေ့ ကျွန်မကို အိမ်က ဈေးသွားဝယ်ခိုင်းပါတယ်၊ ဈေးသွားဝယ်ခိုင်းရင်အမျိုးအမည်များတတ်တဲ့အခါကျ ဒီတိုင်းမမှတ်မိတတ်၊ စာရွက်မှာ List ရေးချပြီးမှ ဘာဘယ်လောက် ဆိုပြီး ရေးသွားရတယ်၊ ဈေးထဲရောက်တဲ့အခါကျ လိုက်ဝယ်ပြီး ပြန်တွက်ရင် ကိုယ့်ဟာကိုယ်လည်နေတတ်ပါတယ်၊
ဒါတောင် ကျွန်မသည် ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ၊ ကျောင်းမှာ သင်္ချာအနည်းငယ်ပဲ ရပေမဲ့ ဈေးထဲသွားဝယ်တဲ့အခါကျ သင်္ချာလုံးဝမရတော့ဘူးလို့ပင် ခံစားရပါတော့သည်။
ဒီနေရာမှာပဲ တစ်ဆက်တည်း ကျွန်မဈေးရောင်းဖူးတဲ့အကြောင်းလေး ပြောပြချင်ပါတယ်၊
ကျွန်မတို့ မောင်နှမတွေကို ကျောင်းပိတ်တော့ အိမ်က အဒေါ်ဈေးရောင်းနေတာကူဖို့ ဈေးထဲသွားခိုင်းပါတယ်၊
ကျွန်မတို့ သွားရတဲ့ဈေးက ကျွန်မတို့နေတဲ့ ရပ်ကွက်ထဲက ဈေးမဟုတ်၊ ကျွန်မတို့ အဖိုးနေတဲ့ရပ်ကွက်ထဲ၊ ရပ်ကွက်က နည်းနည်းလှမ်းတော့ မနက်စောစော ၅ နာရီလောက် ထပြီး စက်ဘီးနဲ့ ဈေးကိုသွားရပါတယ်၊ဈေးကိုရောက်တော့ တခြားဈေးသည်တွေလည်း ဆိုင်ခင်းနေကြပါပြီ၊ ကျွန်မတို့မောင်နှမ နှစ်ယောက်လည်း ဆိုင်ခင်းကြပါတယ်၊ကျွန်မတို့ရောင်းရတာက ကုန်စုံဆိုင်ပါ၊ ဆီလည်းရောင်းပါသေးတယ်၊ ပထမ ကြက်ဥ၊ဘဲဥ တွေလဲ အများကြီး ရောင်းချပါသေးတယ်၊ နောက်ပိုင်းကျ ကြက်ဥ၊ဘဲဥတွေက အထားမခံတော့ ဖြုတ်ချလိုက်ပါတယ်၊
ဈေးရောင်းခြင်းလေး ပြန်ဆက်လိုက်ပါအုံးမယ်၊
ကျွန်မတို့ ဆိုင်ခင်းပြီး ဈေးစရောင်းကြပါတယ်၊ စစရောင်းရတာတော့ ပျော်တာပေါ့၊ ဈေးရရောင်းတဲ့အချိန်က
မနက် ၈ခွဲ ၉ နာရီ လောက်ပါ၊ အဲ့နောက်ပိုင်း ချိန်က သိပ်မရောင်းရတော့ပါဘူး၊ ဈေးကွဲပြီး လူပါးသွားပါတယ်၊ ဈေးကလည်း မနက်တစ်ပိုင်းပဲဆိုတော့ နေ့လယ် ၁၂ လောက်ကျ အကုန်သိမ်းကြပါပြီ၊
ကျွန်မတို့ မောင်နှမမှာဆို ကျွန်မမောင်လေးက ကျွန်မထက် သင်္ချာပိုကျွမ်းပါတယ်၊ ကျွန်မကတော့ အနည်းငယ် အားနည်းပါတယ်၊ တစ်နေ့ ဆီရောင်းရတဲ့ခါ ၁၀ သား၊ ၂၅ ကျပ်သား၊ အဲ့လိုမျိုးလာဝယ်ကြတဲ့လူလည်းရှိ၊ ဘယ်လောက်ဖိုးဆိုပြီး လာဝယ်ကြတဲ့လူလည်းရှိ၊ ကျွန်မ စတွက်ရပါပြီ ဦးနှောက်ထဲလည်း အတော်ကိုလည်နေပါပြီ၊ အဲ့လိုကျ Calculator နဲ့လည်း မတွက်တတ်၊ ပိဿလိုက်လာဝယ်ရင် အလွယ်ဆုံးပါ၊ ကျွန်မ တွက်ရင်း လည်နေတုန်း လာဝယ်တဲ့ အသက်ကြီးတဲ့အန်တီကြီးက တွက်လို့ပြီးပါပြီ၊ ကြက်သွန်ရောင်းတော့လည်း ဒီတိုင်းပါပဲ၊ တွက်ရခက်နေတာပဲ၊
၃ ပတ်လောက်ထိ ကျွန်မဈေးမရောင်းတတ်သေး၊ နောက်ပိုင်းမှ အတွေ့အကြုံက သင်ပေးသွားလို့ အနည်းငယ်တတ်ပါတော့တယ်၊
ကျွန်မ မောင်လေးကတော့ ကျွန်မထက် မဆိုးဘူး၊ ကျွန်မထက် အရင်စောပြီး ဈေးရောင်းတတ်သွားပါတယ်၊
ကျွန်မကတော့ ဈေးရောင်းခြင်းကို အနုပညာ တစ်ရပ်လို့ပင် မြင်ပါတယ်၊
တချို့ကြပြောကြပါတယ်၊
ဘယ်အရာကိုမှ အထင်ပိုင်းနဲ့မဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် စာဖတ်သူလေးတွေလဲ ဈေးထဲက သင်္ချာပညာရှင်များကို အထင်အမြင်မသေးကြဖို့ တိုက်တွန်းရေးသားလိုက်တော့သည်။
April 21 Sunday
18:10PM (@Ag)
#အတွေးစုလေးများ
Keep Reading