WHY:ဘာကြောင့်လဲ
ယခုဆိုလျှင် ကမ္ဘာ့ရေထုက တဖြည်းဖြည်း ညစ်ညမ်းလာနေပါပြီ။ မြေပေါ်ရေတွေသာမက တချို့နေရာတွေမှာဆိုရင် မြေအောက်ရေတွေကပါ ညစ်ညမ်းစ ပြုလာပါပြီ။ ဒီလိုရေထုညစ်ညမ်းမှု ကိုဖြစ်စေတဲ့ အဓိက ရင်းမြစ်တွေကတော့-
(၁) အိမ်သုံး စွန့်ပစ်ရေများ။ ။ အိမ်တစ်အိမ်ချင်းစီကနေ စွန့်ပစ်လိုက်တဲ့ မီးဖိုချောင်မှအညစ်အကြေးတွေ၊ အသုံးပြုပြီးသား ဆပ်ပြာရည် စတာတွေက နောက်ဆုံး မြစ်ထဲ၊ ကန်ထဲကို မြောင်းတွေကနေ တစ်ဆင့် စွန့်ပစ်ကြပါတယ်။ စွန့်ပစ်ရေ ပမာဏအနည်းငယ်က သဘာဝတရား အပေါ်သိပ်သက်ရောက်မှု မသိသာပေမယ့် ပမာဏအများအပြား ဆိုရင်တော့ သဘာဝတရား အတွက် အန္တရာယ်ရှိပါတယ်။ အကယ်၍ ဒီစွန့်ပစ်ရေတွေက မြောင်းတွေထဲမှာ ပိတ်မိနေမယ် ဆိုရင်လည်း ခြင် နဲ့ ဘတ္တီးရီးယားတွေကို ပေါက်ဖွားစေနိုင်ပြီးတော့ မကောင်းတဲ့ အနံ့အသက်တွေလည်း ထွက်လာမှာပါ။
(၂) စက်ရုံမှ စွန့်ပစ်ရေများ။ ။ ဒီစွန့်ပစ်ရေတွေက အိမ်သုံးစွန့်ပစ်ရေတွေထက် ပမာဏအားဖြင့် မများပေမယ့် သူတို့က ပိုအန္တရာယ်ရှိပါတယ်။ စက်ရုံတွေကနေ စွန့်ပစ်လိုက်တဲ့ရေတွေထဲမှာ ဆပ်ပြာရည်၊ အက်စစ်၊ ဘေ့စ်၊ သတ္တုဆား၊ ဆီအညစ်အကြေး နဲ့ အခြားသော ဓာတုပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ အဲ့လိုရေတွေကို သဘာဝထဲသို့ တိုက်ရိုက်စွန်ပစ်လိုက်ရင် မြေပေါ်ရေသာမက၊ မြေအောက်ရေကိုပါ ညစ်ညမ်းစေနိုင်ပါတယ်။
(၃) လယ်ယာသုံး စွန့်ပစ်ရေများ။ ။ လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ဓာတုဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စတာတွေကလည်း ရေထုကို အနည်းနဲ့အများ ညစ်ညမ်းစေပါတယ်။
(၄) အခြားညစ်ညမ်းရေများ။ ။ နျူကလီးယား ဓာတ်ပေါင်းဖိုမှ စွန့်ပစ်ရေတွေကလည်း အရမ်းကိုအန္တရာယ်များပါတယ်။( မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖို မရှိတဲ့အတွက် ဒီအန္တရာယ်ကတော့ ကင်းဝေးပါတယ်)။ ရေနံ၊ ရွှေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကလည်း ရေထုကို ညစ်ညမ်းစေနိုင်ပါတယ်။
➡️ ဘယ်လိုထိန်းသိမ်းကာကွယ်မလဲ
- အိမ်သုံးစွန့်ပစ်ရေအညစ်အကြေးတွေကို မြေအောက်ရေပိုက်လိုင်းစနစ်နဲ့ သွယ်ယူပြီး အဆင့်မြင့်နည်းပညာတွေနဲ့ သန့်စင်ပြီး စွန်ပစ်ရပါမယ်။ ဒါပေမယ့် ဒီစနစ်က အရမ်းကို စရိတ်စကများတဲ့ အတွက်ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေသာ ပြုလုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ အတွက်တော့ လက်လှမ်းမမှီနိုင်သေးတဲ့ အရာပါ။
- စက်ရုံစွန့်ပစ်ရေတွေကိုတော့ အစိုးရက တရားဥပဒေ ပြဠာန်းပြီး စွန့်ပစ်ရေသန့်စင်ရေးလုပ်ငန်းကို သေချာကြီးကြပ် လုပ်ဆောင်စေရပါမယ်။ လယ်ယာသုံးစွန့်ပစ်ရေတွေ မများပြားလာအောင်လို့လည်း အစိုးရက လယ်သမားတွေကို ထိရောက်တဲ့ အသိပညာပေးတာတွေ၊ အဆိပ်သင့်မှုနည်းတဲ့ ပိုးသတ်ဆေးတွေကိုသာ ဈေးကွက်ထဲ ဖြန့်ဝေခိုင်တာတွေကို ပြုလုပ်သင့်ပါတယ်။ ရေနံ၊ ရွှေ နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကိုလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းအောင် အစိုးရက သေချာကြပ်မက်လုပ်ဆောင်ဖို့လိုပါတယ်။ ဒီလိုသဘာဝပတ်ဝန်းကျင်ကို ထိရောက်စွာကာကွယ်နိုင်ဖို့ဆိုရင် အဂတိလိုက်စားမှု ကင်းတဲ့ အစိုးရကောင်းတစ်ရပ် ရှိဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့လိုပြည်သူတွေကလည်း အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်တာတွေကို မပြုလုပ်ဘဲ သဘာဝတရားကြီးကို ကာကွယ်သင့်ပါတယ်။
Keep Reading