တင်ညွန့်

တနင်္ဂနွေနေ့
မောင်ကျော်စွာ ကျွန်တော့်အိမ်ကိုလာသည်။
“ဆရာ … ဆရာ့ကို တစ်ခုလောက်ပြစရာရှိလို့”
ကျွန်တော်က ထမင်းစားအပြီး ပက်လက်ကုလားထိုင်တွင်ထိုင်ကာ ထန်းလျက်စားနေစဉ် မောင်ကျော်စွာက ဖုန်းလေးကိုင်လာပြီး ကျွန်တော့်ကို ပြောလိုက်ခြင်းဖြစ်သည်။
“ဘာများလဲကွ”
“ဒီမှာဆရာ”
မောင်ကျော်စွာက ကျွန်တော့်ကို လူတစ်ယောက်ပုံပြသည်။ အမှန်တော့ ပုံမဟုတ် ဗီဒီယိုကလစ်တစ်ခု ဖြစ်သည်။
“ဘာဖြစ်လို့လဲ”
“သူပြောတာ နားထောင်ကြည့်ပါဦးဆရာ”
“နားမထောင်တော့ဘူး မောင်ကျော်စွာ။ ငါ့မှာ Facebook ပေါ်က အရာတိုင်းကို ကြည့်ဖို့ နားထောင်ဖို့ အချိန် မရှိပါဘူး။ အဲဒီလိုလူတွေရဲ့ မျက်နှာကိုရော ပြောစကားကိုရော ဘယ်တော့မှလည်း မကြည့်ဘူး၊ နားလည်း မထောင်ဘူး။ ကျော်ပစ်လိုက်တာပဲ”
“ဆရာရေ ပြည်သူတွေကို စော်ကားလွန်းလို့ပါ။ မခံချင်လွန်းလို့”
“မောင်ကျော်စွာ ငါမင်းကိုပြောဖူးတယ်နော်။ မခံချင်စိတ်တစ်ခုခု ဝင်လာရင် သူ့ထက်ပိုတော်အောင်ကြိုးစား ဆိုတာ။ မခံချင်စိတ်ဟာ ကိုယ့်အတွက် တွန်းအားတစ်ခုပဲဖြစ်ရမယ်”
“ဟုတ်ပါတယ်ဆရာ … ဒီလူတော်တော်လေး လွန်လာလို့ ကျွန်တော် မခံချင်စိတ်ဖြစ်နေတာ”
“ထားလိုက်ပါကွာ။ အဖက်လုပ်ပြီး မခံစားနေနဲ့။ လျစ်လျူရှုလိုက်စမ်းပါ။ မင်းကို ငါစကားလေးတစ်ခွန်း ပြောမယ်။ If a donkey kicked me, would I sue it? ဆိုတာကြားဖူးသလား”
“မကြားဖူးပါဘူးဆရာ … ဘာများပါလိမ့်”
“မြည်းတစ်ကောင်က ငါ့ကိုကန်ရင် … ငါတရားစွဲရမလား လို့ ဆိုလိုတာကွယ့်”
“အင်း … စဉ်းစားစရာပေါ့ဆရာ … မြည်းကန်တာကို တရားစွဲရမလား”
“အေး ဒီစကားက ဆိုကရေးတီးခေတ်မှာ ပေါ်ခဲ့တာလို့ ပြောကြတယ်။ အေသင်ခေတ်မှာ ဆိုကရေးတီးဟာ လူငယ်တွေအတွက်တော့ ရှေ့ဆောင်လမ်းပြကြီးတစ်ယောက်ပဲကွ။ သူ့ဒဿနတွေကို လက်မခံတဲ့သူတွေ၊ ဆိုးဖစ်တွေက သူ့ကိုတွေ့ရင် ပြောင်လှောင်စော်ကားကြတယ်။ အချို့ဆိုရင် ရွှံ့နဲ့ပေါက်တာတွေတောင် လုပ်ကြတယ်။ အဲဒါကို ဆိုကရေးတီးတပည့်တွေက ဆရာ ဘာဖြစ်လို့ သူတို့ကို မတုံ့ပြန်ပဲ စော်ကားတာကို ငြိမ်ခံနေရသလဲလို့ မေးခွန်းထုတ်ကြတယ်။ အဲဒီအချိန်မှာ ဆိုကရေးတီးက If a donkey kicked me, would I sue it? ဆိုတာလေးကို ပြောလိုက်တာ။ မင်းတို့ကိုမြည်းကကန်ရင် မြည်းကို တရားပြန်စွဲမလို့လားလို့ ဆိုလို လိုက်တာ။ ကဲ ငါမေးပါဦးမယ် … မင်းကိုလည်း မြည်းလိုကောင်တွေက ထိုးနှက်တိုက်ခိုက်တာကို မင်းက ဘာများ ပြန်လုပ်ဦးမလဲ”
“ဟုတ်တော့ ဟုတ်ပါတယ်ဆရာ … အဲဒီလို လူမျိုးတွေကို မြည်းလိုကောင်တွေလို့ သဘောထားလိုက်ရင် ကျွန်တော်ဘာမှ ပြန်လုပ်စရာ မလိုတော့ဘူးပေါ့”
“အေးလေ … ဘာမှ ပြန်လုပ်လို့ မရနိုင်တဲ့အနေအထားတစ်ခုမှာ မင်းက မြည်းလိုကောင်တွေရဲ အပြုအမူ အပြောအဆိုတွေကို ဘာဖြစ်လို့ ခံစားနေတာလဲ။ ထားလိုက်စမ်းပါကွာ။ သူ့စရိတ်နဲ့သူ သွားမယ့်ဟာတွေပါ”
“ကျွန်တော်တို့က ဆိုကရေးတီးမဟုတ်တော့ ခံပြင်းလို့ပါဆရာရယ်”
“ဒေါသကို ကိုင်တွယ်နိုင်စွမ်းရှိတဲ့ သူတွေဟာ အတွင်းစိတ်ငြိမ်းချမ်းတယ်တဲ့ကွ။ ဒါကြောင့် Facebook သုံးရင် အရာရာတိုင်းကို လိုက်မကြည့်နဲ့။ ကြည့်မိလည်း မသုံးသပ်နဲ့။ ဘာကိုမှ ဆုံးဖြတ်ချက်မစောနဲ့။ အချို့ကိစ္စ တွေဟာ အဓိပ္ပာယ်ရှိရှိနဲ့ ပေါတောတောလုပ်ပြနေတာ။ အဲဒါတွေကို ငါတို့က လိုက်ပြီး နားယောင်သွားရင် ငါတို့လည်း ပေါတောတောတွေ ဖြစ်ကုန်လိမ့်မယ်။ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးနှက်တိုက်ခိုက် တာတွေဆိုရင် ပိုပြီး သတိထားသင့်တယ်။ ဒါကြောင့် တွေ့တွေ့ချင်း မဆုံးဖြတ်လိုက်နဲ့။ စဉ်းစားပါ … ဆင်ခြင်ပါ … ခဏလေးစောင့်လိုက်။ သူ့ဘာသာသူ အလိုလိုပေါ်လာလိမ့်မယ်။ ပြည်သူတွေက ငအတွေမှ မဟုတ်တာ။ ချက်ဆို နားခွက်ကမီးတောက်ပြီးသားကွ”
“ဒါဆိုရင် တုံပြန်ဖို့ မလိုအပ်ဘူးလားဆရာ”
“ငါက မင်းကို မတုံ့ပြန်ရဘူးလို့ ပြောနေတာမဟုတ်ဘူး။ ထစ်ခနဲ ဒိုင်းခနဲ ဆန္ဒတွေစောပြီး မှားယွင်းတဲ့ တုံ့ပြန်ချက်တစ်ခုခုကို လုပ်လိုက်ရင်မှားမယ်လို့ပြောတာ။ ဆင်ထားတဲ့ ထောင်ချောက် (ခွင်) ထဲရောက်သွားမှာ စိုးရိမ်လို့ပြောတာ။ ဉာဏ်ပညာနည်းတဲ့လူတစ်ယောက်က တရားလက်လွှတ် ပြုမူပြောဆိုလိုက်တာကို မင်းအနေနဲ့ ဒါဟာ မြည်းတစ်ကောင်လို အသိနဲ့ ပြောလိုက်တာပါလားလို့ သဘောပေါက်ရင် တော်ပြီ။ သူ့လို ဉာဏ်ပညာ နည်းစွာနဲ့ လိုက်တုံ့ပြန်ဖို့မလိုဘူး။ မင်းတုံ့ပြန်လိုက်ရင် မင်းလည်းသူ့လိုမြည်းတစ်ကောင် အဆင့်ကို လျောကျသွားမှာစိုးလို့ သတိပေးနေတာ”
“သဘောပေါက်ပါပြီဆရာ … လူငယ်စိတ်ဆိုတော့ ခံပြင်းမိတယ်ပေါ့”
“ဉာဏ်ပညာနည်းတဲ့ လူတွေကို လိုက်တုံ့ပြန်နေရင် မင်းရဲ့ အချိန်နဲ့ စွမ်းအင်တွေကို အချည်းနှီး ဖြစ်စေနိုင်တယ်မောင်ကျော်စွာ။ ဒေါသနဲ့ပေါက်ကွဲနေမယ့်အစား ကိုယ့်မှာ အခြားလေ့လာစရာ၊ သင်ယူစရာ၊ ရှာမှီးစရာတွေအပေါ်မှာ အားထည့်လိုက်စမ်းပါကွာ။ ဂရုစိုက်မနေစမ်းပါနဲ့။ ခွေးလှေးခုန်လို့ ဖုန်မထပါဘူး”
“ဟုတ်ကဲ့ပါဆရာ”
တင်ညွန့်
Keep Reading