Author's Profile Photo

Digital Khit (ဒစ်ဂျစ်တယ် ခေတ်)

15/10/2025

Windows 10 ကို နှုတ်ဆက်ချိန်တန်ပြီ!

1 min read
Windows 10 ကို နှုတ်ဆက်ချိန်တန်ပြီ!'s photo

Byline: လင်းသစ် | နည်းပညာဆောင်းပါးရှင်
Published on: Oct 10, 2025

ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေမှာ ဆယ်စုနှစ်တစ်ခုနီးပါး အဖော်မွန်ကောင်းဖြစ်ခဲ့တဲ့ Windows 10 ရဲ့ ခရီးရှည်ကြီးဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားဝင်အဆုံးသတ်သွားခဲ့ပါပြီ။

Microsoft ကုမ္ပဏီက သူတို့ရဲ့ ကတိအတိုင်း 2025 ခုနှစ် အောက်တိုဘာ 14 ရက်နေ့ကနေ စပြီးတော့ Windows 10 အတွက် Security Update, Bug Fix, Feature Update မထွက်တော့ပါဘူး။

ဒါက ဘာအဓိပ္ပာယ်လဲဆိုတော့ "Support ပေးတာကို ရပ်လိုက်ရုံလေးပါ၊ ငါ့ကွန်ပျူတာက သုံးလို့ရနေသေးတာပဲ" ဆိုပြီး လျှော့တွက်လို့ရတဲ့ ကိစ္စတစ်ခုတော့ လုံးဝမဟုတ်ပါဘူး။ ဒီပြောင်းလဲမှုက သင့်ရဲ့ ဒစ်ဂျစ်တယ်ဘဝ လုံခြုံရေးနဲ့ ကွန်ပျူတာသုံးစွဲမှု အတွေ့အကြုံတစ်ခုလုံးကို ဘယ်လိုသက်ရောက်လာနိုင်လဲဆိုတာ အသေးစိတ် ရှင်းပြပါမယ်။

"Support မရှိတော့ဘူး" ဆိုတာ တကယ်တော့ ဘာကိုဆိုလိုတာလဲ?

ရိုးရိုးရှင်းရှင်းပြောရရင် သင့်ရဲ့ Windows 10 ကွန်ပျူတာဟာ အကာအကွယ်မဲ့သွားတာနဲ့ အတူတူပါပဲ။ အဓိကအားဖြင့် အောက်ပါအချက်တွေကို ဆက်ပြီးရရှိတော့မှာ မဟုတ်ပါဘူး။

လုံခြုံရေးဆိုင်ရာ Update များ (Security Updates):

ဒါက အရေးကြီးဆုံးအချက်ပါ။ ဟက်ကာတွေနဲ့ Cyber တိုက်ခိုက်သူတွေဟာ အမြဲတမ်း အားနည်းချက်အသစ်တွေကို ရှာဖွေနေပါတယ်။ Microsoft က ဒီလိုအားနည်းချက်တွေကို ပြန်ပိတ်ပေးတဲ့ Security Patch တွေ ထုတ်ပေးတော့မှာ မဟုတ်တဲ့အတွက် သင့်ကွန်ပျူတာဟာ ဗိုင်းရပ်စ် (Virus)၊ မဲလ်ဝဲ (Malware) နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် ခိုးယူမှု (Phishing) တွေရဲ့ ပစ်မှတ်တစ်ခု အလွယ်တကူ ဖြစ်သွားနိုင်ပါတယ်။ Online Banking သုံးတာ၊ အရေးကြီး Email တွေစစ်တာမျိုးတွေအတွက် အလွန်အန္တရာယ်များလာပါပြီ။

Feature အသစ်များ မရရှိတော့ခြင်း (No New Features):

Windows 10 မှာ လုပ်ဆောင်ချက်အသစ်တွေ၊ ဒီဇိုင်းပိုင်းအပြောင်းအလဲတွေ ဘာတစ်ခုမှ ထပ်မံရရှိတော့မှာ မဟုတ်ပါဘူး။ နည်းပညာလောကက ရှေ့ကိုဆက်သွားနေချိန်မှာ သင့်ကွန်ပျူတာကတော့ တစ်နေရာတည်းမှာ ကျန်နေခဲ့တော့မှာပါ။

နည်းပညာပိုင်းဆိုင်ရာ အကူအညီများ (Technical Support):

ကွန်ပျူတာမှာ ပြဿနာတစ်ခုခုတက်လို့ Microsoft ကို တရားဝင်အကူအညီတောင်းခံတာမျိုးတွေ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

"ငါက အင်တာနက်လည်း သိပ်မသုံးဘူး၊ အရေးကြီးဖိုင်တွေလည်း မရှိပါဘူး" ဆိုပြီး Windows 10 ကိုပဲ ဆက်သုံးမယ်ဆိုရင်တော့ ဒါဟာ တံခါးသော့မခတ်ထားတဲ့ အိမ်ထဲမှာ နေတာနဲ့ အတူတူပါပဲ။

ဘယ်အချိန် သူခိုးဝင်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်နေရသလိုပါပဲ။ အထူးသဖြင့် Online ကနေ ငွေကြေးလွှဲပြောင်းမှုတွေ၊ လူမှုကွန်ရက်သုံးစွဲမှုတွေ ပြုလုပ်တတ်သူဆိုရင် လုံးဝမသုံးသင့်တော့ပါဘူး။

ဒါကြောင့် လုံခြုံရေးကို အလေးထားတယ်ဆိုရင်တော့ Windows 11 ကို ပြောင်းလဲအသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။

Keep Reading