ရွှေငါး
တစ်နေ့သောအခါ နေသာသာ
ဘဲမေမေကြီး ပျော်နေတာ။
ရင်ခုန်လွန်းလို့ တပြုံးပြုံး
သူဥထားတာ ဥသုံးလုံး။
🐥🐥🐥
ဒါပေမဲ့လည်း ဗိုက်ဆာတယ်
အစာ သွားရှာရတော့မယ်။
သွားပေမဲ့လည်း သူ့စိတ်က
ဥလေးတွေကို စိတ်မချ။
ခပ်သုပ်သုပ်လေး ပြန်လာကြည့်
ဘဲဥလေးတွေ မရှိ။
ဘဲမေမေကြီး သောကပွေ
ဥတွေပျောက်လို့ အော်ငိုနေ။
ခပ်လှမ်းလှမ်းက သစ်တောက်ငှက်
ငိုသံကြားလို့ ခဏရပ်။
🐥🐥🐥
ဘဲမေမေအတွက် ကိုယ်ချင်းစာ
သူမြင်သမျှကို ပြောပြရှာ။
တွန့်လိမ် တွန်လိမ် ကိုမြွေဆိုး
တိတ်တိတ်ကလေး ဥတွေ ခိုး။
မြွေတွင်းနေရာ သူသိလို့
အတူ သွားချောင်းကြည့်ကြစို့။
မကြာခင်မှာ မြွေကြီးဟာ
ဥတွေထားပြီး ထွက်သွားတာ။
ဘဲမေမေနဲ့ သစ်တောက်ငှက်
ဥလေးတွေကို အမြန်ဝှက်။
🐥🐥🐥
သေချာကြည့်တော့ ဥတွေဟာ
သုံးဥထက်တောင် ပိုနေတာ။
ဘယ်ဥတွေလဲ သူမသိ
တွေးရခက်တဲ့ ပဟေဠိ။
ပထမဆုံး ဥလေးဟာ
အကောင်ကလေး ပေါက်လို့လာ။
သေချာကြည့်တော့ ဘဲမဟုတ်
ပုံစံလေးက ကြက်ကလေးရုပ်။
ကူညီပေးတဲ့ သစ်တောက်ငှက်
ကြက်မေမေဆီ ပြန်ကာအပ်။
🐥🐥🐥
ဒုတိယဥ ပေါက်လာပြန်
လိပ်လေး ပက်လက်လန်။
ကမ်းစပ်ဘက်ကို သူထွက်ပြေး
သနားစရာ လိပ်ကလေး။
တခြားဥတွေ ထပ်ကာကွဲ
ဘဲလေး နှစ်ကောင်တွဲ။
နောက်ဆုံးနှစ်ဥ ကျန်နေတာ
ဘယ်တစ်ဥက ဘဲလေးဟာ။
နှစ်ဥစလုံး ပြိုင်တူကွဲ
မိချောင်းပေါက်နဲ့ ဘဲလေးပဲ။
ဘဲမေမေကြီးနဲ့ ဘဲငယ်များ
မြွေကြီးအဝေးကို မြန်မြန်သွား
နောက်ဆို ခုထက် သတိထား။
(ရွှေငါးရဲ့ ကဗျာထဲက ပုံပြင်များ)
Keep Reading