Shain
ဒီနေ့အကြောင်းအရာလေးကတော့ "Delayed fear realization" လို့ခေါ်ပါတယ်။ ဒါကို မြန်မာလို ဘာသာပြန်ရင်တော့ "နောက်ကျမှဖြစ်ပေါ်တတ်တဲ့ ကြောက်ရွံ့မှု"လို့ပြောလို့ရပါတယ်။
ဥပမာတစ်ခုဆိုရင် ငယ်ငယ်တုန်းက ကားအက်စီးဒင့်တစ်ခုကြုံခဲ့ရပြီး အဲ့တုန်းကတော့ ဘာဒဏ်ရာမှလည်းမရခဲ့ဘူး၊ ဘာမှမဖြစ်ခဲ့ဘူးဆိုပေမယ့် အရွယ်ရောက်လာတော့မှ ကားစီးရမှာကြောက်သွားတာဖြစ်တတ်ပါတယ်။
ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတစ်ခုကို ပြောပြရမယ်ဆိုရင် ကျွန်တော် ငယ်ငယ်က အိမ်ကနေထွက်ပြေးဖူးပါတယ်။ ပြီးတော့ ရန်ကုန်က အသိအစ်မတစ်ယောက်ရဲ့အိမ်မှာ သွားနေတာပေါ့။ အဲ့အစ်မနဲ့က လူချင်းတွေ့ဖူးပြီး ခင်တာလည်းမဟုတ်ဘူး။ မင်းသားတစ်ယောက်ရဲ့ Fan ဖြစ်နေတာမို့ သိကြယုံလေးပဲ။ အဲ့အစ်မကလည်း ခုမှအပြင်မှာတွေ့ဖူးတာဆိုပေမယ့် ကျွန်တော့်ကို မောင်လေးတစ်ယောက်လိုပဲ ဂရုစိုက်တယ်။ သူ့မှာ သမီးလေးတစ်ယောက်နဲ့ ယောက်ျားလည်းရှိတယ်။ သူတို့အိမ်က နှစ်ထပ်ဖြစ်ပြီးတော့ သူတို့မိသားစုက အပေါ်ထပ်မှာနေကြတယ်။ ကျွန်တော်ကိုတော့ အိမ်အောက်ထပ်က အခန်းလေးထဲမှာ ပေးနေတယ်ပေါ့နော်။ အခန်းက ကျဉ်းပြီးတော့ မီးလည်းမရှိဘူး။ ညဘက်တွေဆို ကျွန်တော်က ဖယောင်းတိုင်ထွန်းပြီးနေတယ်။
ပြီးတော့ ကြောက်ဖို့ကောင်းတာကလေ အဲ့အခန်းနံရံမှာ အပေါက်ကြီးတစ်ခုရှိတယ်သိလား။ အဲ့အပေါက်ကို သစ်သားချောင်းနှစ်ချောင်းနဲ့ ကြက်ခြေခတ်ကာထားတယ်။ ရန်ကုန်ထဲက လူနေထူထပ်တဲ့ရပ်ကွက်လည်းဖြစ်တယ်။ ပြီးတော့ အိမ်တွေက ခြံစည်းရိုးမရှိဘဲ တစ်အိမ်နဲ့တစ်အိမ်က ကပ်နေတာကွာ။ အဲ့အပေါက်ကြီးရဲ့အပြင်ဘက်က အခြားသူတွေရဲ့ အိမ်အောက်ကြီး။ နေ့ဘက်တွေဆိုရင် ကြမ်းပြင်က အလင်းရောင်လေးတွေ မြင်ရတယ်။ လူတွေလမ်းလျှောက်တာ စကားပြောတာကြားရတယ်။ ညဘက်ရောက်တော့ သူတို့က မီးပိတ်အိပ်တာဆိုတော့ မှောင်မဲပြီး ဘာမှမမြင်ရဘူးပေါ့နော်။ အဲ့တုန်းကတော့ ကျွန်တော် မကြောက်ဘူး။ စိတ်ထဲမှာ အဲ့အပေါက်ကြီးကို ဘာမှတောင်မဖြစ်ဘဲ နေခဲ့တာ။
အခုချိန်ပြန်စဉ်းစားကြည့်တော့ ကြက်သီးပါထတယ်။ လူတစ်ယောက်ယောက်ဝင်လာပြီး ကိုယ့်ကိုတစ်ခုခုလုပ်ဖို့မပြောနဲ့ဦး၊ ကိုယ်အိပ်နေတဲ့အချိန် အဆိပ်ရှိတဲ့အကောင်တွေ ဝင်လာပြီးကိုက်သွားရင်တောင် ဘာမှသိလိုက်မှာမဟုတ်ဘူး။ နောက်တော့ အိမ်ကပြန်ခေါ်လို့ ပြန်သွားရတယ်ပေါ့နော်။ ပြန်တော့လည်း အဲ့အစ်မက မုန့်ဖိုးတွေပေးပြီး အစစအရာရာ ဂရုစိုက်ပေးပါတယ်။ အခုချိန်မှာ အဲ့ကိစ္စက ပြီးသွားပြီဖြစ်ပေမယ့် တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်ပြီး ပြန်သတိရရင် တကယ်ကြောက်တယ်။ အတိတ်တွေကို ပြန်တွေးတတ်တဲ့အကျင့်က အရမ်းကြောက်ဖို့ကောင်းပါတယ်။ အတိတ်ဆိုတာ ပြီးသွားပြီမို့ အနာဂတ်မှာ အကောင်းဆုံးရှင်သန်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ အဲ့လိုအတွေ့အကြုံမျိုးရှိခဲ့ဖူးလားဆိုတာ ပြောပြပေးခဲ့ကြပါဦး။
#Delayed_fear_realization
#နောက်ကျမှဖြစ်ပေါ်တတ်တဲ့ကြောက်ရွံ့မှု
Keep Reading