ရွှေငါး
သူမွေးခဲ့တဲ့ ၁၉၇၁ ခုနှစ်ကတည်းက ကိုကိုဆိုတဲ့ ဂေါ်ရီလာမျောက်ဝံမလေးဟာ လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တယ်။ သူနဲ့ သူ့အမေ ဂျက်ကီက ဆန်ဖရန်စစ္စကိုတိရစ္ဆာန်ရုံမှာ နေခဲ့ကြပြီး လူပေါင်းများစွာက နေ့တိုင်း သူတို့ကို ကြည့်ဖို့ လာခဲ့ကြတယ်။
လာကြည့်ကြသူတွေက ကိုကို့ကို သိပ်ချစ်ဖို့ကောင်းပြီး ရယ်ရတယ်လို့ သတ်မှတ်ကြတယ်။ ကိုကိုတို့သားအမိဟာ သူတို့ကိုလူတွေ လာကြည့်ကြပြီဆို လူတွေလိုမျိုးအသံတွေ လုပ်ပြတတ်ကြတယ်။
🦍🦍🦍🦍🦍
ကိုကိုငယ်ငယ်လေးတုန်းက အပြင်းဖျားခဲ့တယ်။ သူဟာ တိရစ္ဆာန်ရုံရဲ့ ဆေးရုံမှာ သက်သာလာတဲ့အထိ နေခဲ့ရပြီး ကလေးတိရစ္ဆာန်ရုံရဲ့ အထူးပြုစုတဲ့နေရာကို ပြောင်းခဲ့ရတယ်။ အဲဒီမှာ အလုပ်လုပ်ကြတဲ့ လူတွေက သိပ်ကြင်နာတတ်ပြီး သူ့ကို မကြာခဏ ပွေ့ဖက်ထားပေးတယ်။ အတူလည်း ကစားပေးကြတယ်။ ကိုကိုသိပ်ပျော်တာပေါ့။
🦍🦍🦍🦍🦍
တနေ့တော့ ခေါင်းပေါ်မှာ အမွေးဝါဝါရှည်ရှည်နဲ့ လူသားအသစ်တစ်ယောက် ကိုကို့ဆီရောက်လာတယ်။ ကိုကိုက သူ့ကို ရှက်နေတယ်။ လူသစ်က ကိုကို့ကို ပွေ့ချီလိုက်တော့ ကိုကိုက အနံ့ခံကြည့်လိုက်တယ်။ သူ့အနံ့က ကောင်းသားပဲ။ သူက ကိုကို့ကို လက်ဟန်ခြေဟန်တွေ လုပ်ပြတယ်။ ကိုကိုနားမလည်ဘူး။ အဲဒါကြောင့် သူ့ဆံပင်ကို ဆွဲလိုက်တယ်။ အဲဒီအနံ့ကောင်းကောင်းနဲ့ လူသားက ရယ်နေခဲ့တယ် ။
ကိုကိုက ဒီလူသားအသစ်ဟာ ပျော်တတ်တဲ့သူဖြစ်မယ်လို့ ထင်တယ်။ သူ့လက်နဲ့ လက်ဟန်ခြေဟန်အမျိုးမျိုး လုပ်ပြတယ်။ သူလုပ်ပြတဲ့တစ်ခုက သူ့ကို လာ လာ ဆိုပြီး လက်ယက်ခေါ်နေသလိုပဲ။ ဒါ့ကြောင့် ကိုကိုက ဒါ သူ့ကို ခေါ်တာလို့ သိလိုက်ပြီး သူ့ဆီ သွားလိုက်တယ်။ အဲဒီလူသားက ကိုကိုဉာဏ်ကောင်းတာကို သိပ်အံ့အားသင့်သွားပြီးတော့ ခေါင်းလေးကို ပုတ်ပေးပြီး ချီးကျူးလိုက်တယ်။
ရွှေရောင်ဆံပင်နဲ့လူစိမ်းနာမည်က “ဖရန်ဆင်း” ဖြစ်ပါတယ်။ ကိုကိုက ဖရန်ဆင်းဟာ လူကောင်းတစ်ယောက်လို့ သတ်မှတ်လိုက်ပြီး သူတို့ မိတ်ဆွေတွေ ဖြစ်သွားကြပါတော့တယ်။ သူတို့နှစ်ဦးဟာ တိရစ္ဆာန်ရုံတဝိုက် အတူလမ်းလျှောက်ကြပြီး တခြားတိရစ္ဆာန်တွေကို လိုက်ကြည့်လေ့ရှိတယ်။
🦍🦍🦍🦍🦍
ကိုကိုအကြိုက်ဆုံးအကောင်တွေက လားမားတွေပဲ။ ကိုကို စပြီး ခြောက်လှန့်လိုက်ရင် လားမားတွေ လန့်ပြီးထွက်ပြေးကြတယ်။ ကိုကို့ကို ရေနဲ့ အစာမကျွေးခင် ဖရန်ဆင်းက ရယ်ရတဲ့ လက်ဟန်ခြေဟန်မျိုး လုပ်ပြတယ်။ ကိုကိုက ဗိုက်ဆာပြီး စားချင်နေပြီ။ ဒါပေမဲ့ ဖရန်ဆင်းလုပ်ပြတာကို နားမလည်သေးဘူး။
ကိုကိုက ဖရန်ဆင်းလုပ်ပြတဲ့အတိုင်း တထပ်တည်းလုပ်ပြလိုက်တော့မှ ဖရန်ဆင်းက ပျော်ပြီး သူ့ကို ပန်းသီးတစ်စိတ်ပေးတယ်။ အဲဒီတော့မှ အဲဒီလက်သင်္ကေတတွေသုံးပြီး လူတွေကို သူလိုချင်တာပြောပြရမယ်လို့ ကိုကိုက သဘောပေါက်သွားတယ်။
🦍🦍🦍🦍🦍
ဖရန်ဆင်းရဲ့ မျောက်ဝံလေးကိုကိုက လူတွေအတိုင်းတော့ စကားမပြောတတ်ဘူး ဒါပေမဲ့ ဖရန်ဆင်းလုပ်ပြတဲ့ လက်သင်္ကေတအတိုင်းတော့ လိုက်လုပ်ပြတတ်တယ်။
ကိုကိုက မုန့်စားချင်ရင် အစာဆိုတဲ့ သင်္ကေတလုပ်ပြတတ်တယ်။ မြေပဲထောပတ် အသားညှပ်ပေါင်မုန့်၊ အသား၊ ချိစ်၊ ပြောင်းဖူးနဲ့ သူ့အကြိုက် ဆန်နဲ့စပျစ်ခြောက်တို့နဲ့လုပ်ထားတဲ့ အထူးပေါင်မုန့်တို့ကို လက်ဟန်ခြေဟန်နဲ့လုပ်ပြတတ်တယ်။ ကိုကိုက တခြားလက်ဟန်စကားတွေကိုလည်း သင်ယူတယ်။ သောက်တယ်၊ အပြင်သွားမယ်၊ လာပေးပါ၊ ချီပေးပါ၊ သွားတိုက်တံ စတာတွေကိုလည်း လုပ်ပြတတ်တယ်။
လူတွေကို လိုချင်တာတွေ လုပ်ပြရတာ ပျော်စရာကောင်းတယ်။ ကိုကိုက တခြားလက်ဟန်တွေ ထပ်သင်တယ်။ သကြားလုံးတွေ့ပြီဆို ပေးပါလို့ လုပ်ပြတယ်။ အဲဒီလိုလုပ်ပြရင် ဖရန်ဆင်းက ကိုကို့ကို သကြားလုံးတစ်လုံးစီ ပေးတယ်။ ကိုကိုက သိပ်တော်တဲ့ မျောက်ဝံမလေးပဲ။
သူအချီခံချင်ရင် ချီလို့ လက်ကမ်းပေးတယ်။ နားချင်ရင် ခေါင်းအုံးလုပ်ပြတယ်။ သန့်ရှင်းရေးလုပ်ဖို့လိုရင် သုတ်တဲ့အဝတ်စလို့ လုပ်ပြတယ်။ သူအဲဒီသင်္ကေတတော့ ခဏခဏလုပ်ပြတယ်။ ဘာလို့ဆို သူက ရွံ့တွေပေနေရင် မနေတတ်ဘူး။ သူမကြိုက်တဲ့သူတွေကို အောအော့ လိုလုပ်ပြတတ်တယ်။ လူတွေက ကိုကိုရဲ့ လက်သင်္ကေတနဲ့ စကားပြောတာကို ကြည့်ချင်ကြတယ်။ စိတ်ဝင်စားကြတယ်။ ဒါ့ကြောင့် ကိုကိုဟာ သူတို့တိရစ္ဆာန်ရုံလေးမှာ နာမည်ကြီးလာပြီး လူတွေကလည်း မုန့်တွေ အစာတွေ အများကြီး ကျွေးကြတယ်။
🦍🦍🦍🦍🦍
ကိုကိုဟာ အချိန်ကြာလာတာနဲ့အမျှ အကောင်လည်းပိုကြီးပြီး ပိုသန်မာလာတယ်။ တစ်နေ့မှာ လာလည်တဲ့လူတစ်ယောက်က သူ့မှန်တံခါးကို ခေါက်တယ် ကိုကိုက ပိုပြင်းပြင်း ပြန်ခေါက်မိတော့ ပြူတင်းပေါက်ကျိုးသွားခဲ့တယ်။ အဲဒီအခါ လူတချို့က အလန့်တကြားထပြေးတော့တာပဲ။ ကိုကိုလည်း ဘာတွေဖြစ်မှန်းနားမလည်တော့ စိတ်ရှုပ်ထွေးသွားပြီး ဘယ်လို သင်္ကေတနဲ့ ပြန်ပြောရမှန်းမသိဖြစ်သွားတယ်။
အဲဒီကိစ္စပြီးတော့ မျောက်ဝံမလေးကို တခြားလှောင်အိမ်ဆီ ပြောင်းလိုက်ကြတယ်။ အဲဒီနေရာက ပိုကောင်းပြီး တိတ်ဆိတ်တယ်။ လူအုပ်ကြီးနဲ့လည်း ဝေးသွားတယ်။ ကိုကိုက သူ့နေရာအသစ်ကို သဘောကျတယ်။ ကစားစရာတွေလည်းရှိတယ်။ အိပ်ဖို့ နေရာလည်းရှိတယ်။ သူက ဆိုင်ကယ်တာယာတွေ စောင်တွေသုံးပြီး အိပ်ရာလုပ်တယ်။ အဲဒါက လူတွေအိပ်တဲ့ အိပ်ရာထက် ပိုဇိမ်ရှိတယ်။
မနက်ခင်းတစ်ခုမှာတော့ ဖရန်ဆင်းက ကိုကို့ကို ကားထဲဝင်ဖို့ အချက်ပြတယ်။ ကိုကိုက ကားလိုက်စီးရတာကြိုက်တော့ ဖရန်ဆင်းကားနောက်ထဲ ဝင်လိုက်တယ်။ ကားက တိရစ္ဆာန်ရုံဂိတ်ကနေထွက်ပြီး ဟိုင်းဝေးလမ်းမကြီးပေါ်ဆက်မောင်းသွားတယ်။ ကိုကို့လှောင်အိမ်လည်း ကားနောက်မှာ တွဲပြီး ပါတယ်။
ဒါပေမဲ့ ဒီကားစီးတာက အရင်က သူစီးဖူးတာထက် ပိုကြာတာမို့ မျောက်ဝံမလေးက စိုးရိမ်လာတယ်။ "အိမ်ပြန်မယ်" လို့သူအမူအယာနဲ့ပြောတယ်။ ဖရန်ဆင်းက သူ့ကိုနှစ်သိမ့်ဖို့ကြိုးစားပေမဲ့ ကိုကိုက စိတ်လှုပ်ရှားသွားပြီး ထိုင်ခုံပေါ် အပေါ့သွားမိတယ်။
🦍🦍🦍🦍🦍
အကြာကြီးဆက်မောင်းလာပြီးတဲ့အခါ အပြင်မှာ မြက်ခင်းပြင်တွေနဲ့ တောင်ကုန်းတွေ အရိပ်ရအပင်တွေမြင်လာရတယ်။ နေရာသစ်ရဲ့အနံ့ကို ကိုကိုမရင်းနီးဘူး။ ကြက်သံလေးတွေလည်း ကြားနေရတယ်။ ကိုကိုက ငှက်တွေ ကြက်တွေ နှုတ်သီးချွန်တွေကို မကြိုက်ဘူး။ ကြောက်တယ်။
"အိမ်ပြန်မယ်" လို့ သူက လက်သင်္ကေတနဲ့ ထပ်ပြောတယ်။
အဲဒီညက ကိုကိုက သူ့အသိုက်ထဲ ဝင်နေပါတယ်။ ဒါပေမဲ့ အိပ်မပျော်ဘူး။ ဒီနေရာက ထူးဆန်းတဲ့အသံတွေကို သူ့ကို စိတ်ညစ်စေတယ်လေ။ ဖရန်ဆင်းက သူ့ကို တညလုံး ချော့သိပ်ပေးတယ်။ ဒီလိုကျေးလက်ဘက်မှာ အသားကျဖို့ အချိန်တစ်လကျော်ယူခဲ့ရတယ်။ ဒီနေရာက တိရစ္ဆာန်ရုံထက် တိတ်ဆိတ်တယ်။ တခြား တိရစ္ဆာန်တွေရဲ့ ဆူညံသံတွေ၊ လာလည်ကြတဲ့ လူအုပ်ကြီးရဲ့အသံတွေ၊ လူစကားသံတွေ မကြားရဘူး။
ဒီက လေကလည်း သန့်တယ်။ ကိုကိုက သူ့ရဲ့ တနေ့တာလုပ်ငန်းစဉ်အသစ်ကို သဘောကျနေပြီ။ အိပ်ရာထ၊ မနက်စာစား ပြီးတော့ လက်ဟန်ခြေဟန်စကားပြောသင်။ ဖရန်ဆင်းက ကိုကိုအတတ်မြန်လို့ သိပ် အံ့သြနေတယ်။ အခြား သိပ္ပံပညာရှင်တွေကတောင် သူ့ဆီလာတွေ့ကြတယ်။ ကိုကိုက လူစိမ်းတွေနဲ့ တွေ့ရတာ ပျော်နေတယ်။ ဒါပေမဲ့ မေးခွန်းတွေ ထပ်လာရင် သူက ပျင်းနေရော။ သူက လူတွေကိုတောင် ပြန်နောက်တတ်နေပြီ။
🦍🦍🦍🦍🦍
သိပ္ပံပညာရှင်တစ်ယောက်က သူ့ကို မေးတယ်။
"မင်းရဲ့ ခဲရောင်စောင်က ဘာအရောင်လဲ" တဲ့။ ကိုကိုက
"အနီရောင်" လို့ လက်ဟန်ခြေဟန်နဲ့ ပြန်ဖြေတယ်။ သိပ္ပံပညာရှင်က
"မဟုတ်ဘူး" လို့ ပြန်လုပ်ပြတယ်။
"ခဲရောင်"
ကိုကိုက စောင်ကို ယူချလာပြီးတော့ စောင်မှာပါတဲ့ အနီရောင်ဒီဇိုင်းအချို့ကို
"ဒီမှာတွေ့လား" ဆိုတဲ့ ပုံနဲ့ ပြလိုက်သေးတယ်။
🦍🦍🦍🦍🦍
ပုံပြင်ပြောပြတဲ့အချိန်က တနေ့လုံးမှာ ကိုကိုအကြိုက်ဆုံးအချိန်ပဲ။ လက်သင်္ကေတလေ့ကျင့်၊ ညစာစား၊ ကစားပြီးရင် ဖရန်ဆင်းက သူ့ကို ပုံပြင်တွေ ဖတ်ပြတယ်။ သူအကြိုက်ဆုံးပုံပြင်စာအုပ်ကတော့ " ကြောင်ကလေးသုံးကောင်" တဲ့။
ဖရန်ဆင်းက ကိုကို့ကို ခရစ္စမတ်အတွက် ဘာလက်ဆောင်လိုချင်လဲလို့ မေးတော့ ကိုကိုက အစေ့တွေ၊ အရုပ်နဲ့ ကြောင်လို့ လုပ်ပြတယ်။ ခရစ္စမတ်မနက်မှာ ကိုကို သိပ်စိတ်လှုပ်ရှားနေခဲ့တယ်။ သူ့ရဲ့ ခရစ္စမတ်လက်ဆောင်ထုတ်ကို ခပ်မြန်မြန်ဖြည်လိုက်တယ်။ ပထမတစ်ထုပ်က အစေ့အဆံတွေ။ ဒုတိယတစ်ထုပ်က အရုပ်လေး။ နောက်ဆုံးတစ်ခုကို သူသိပ်စိတ်ဝင်စားနေတယ်။
ဖွင့်ကြည့်လိုက်တော့...ဘိလပ်မြေနဲ့လုပ်ထားတဲ့ ကြောင်ရုပ်ကလေး။ ကိုကိုက သိပ်စိတ်ပျက်သွားတယ်။ ကြောင်လို့ လက်ဟန်ခြေဟန်နဲ့ ခဏခဏ လုပ်ပြပြီး ဒီလက်ဆောင်ကို သူစိတ်ဆိုးကြောင်း ပြတယ်။ ဖရန်ဆင်းက ဆန္ဒကို ဖြည့်ဆည်းဖို့ ဆုံးဖြတ်လိုက်တယ်။ အချိန် ခြောက်ပတ်ကြာပြီးတဲ့အခါ မျောက်ဝံမလေးအိပ်ရာနိုးလာတဲ့အခါ ကြောင်ပေါက်ကလေး သုံးကောင်ကို သူ့အခန်းမှာ တွေ့လိုက်ရပါတော့တယ်။
သူ ဂရုတစိုက်စူးစမ်းကြည့်တယ်။ သူ့အကြိုက်ဆုံးပုံပြင်စာအုပ်ထဲက ကြောင်လေးတွေ အတိုင်းပဲမို့ ကိုကို သိပ်ပျော်နေတယ်။
"ဒီထဲက ဘယ်ကောင်လေးကို လိုချင်လဲ" လို့ ဖရန်ဆင်းက မေးတယ်။ ကိုကို မီးခိုးရောင်ကြောင်လေးကို လက်ညှိုးထိုးပြတယ်။ သူက အဲ့ကြောင်လေးကို ပိုသဘောကျနေတယ်။ သူက ကိုကို့လိုပဲအမြီးမပါလို့လေ။
"သူ့ကို ဘယ်လိုနာမည်ပေးမလဲ" လို့ မေးတော့ ကိုကိုက ဖြေတယ်။
" ဘောလုံးလေး" တဲ့။ အမြီးမပါဘဲ လုံးလုံးကလေးမို့ပေါ့။
" ဒါဆို နင်ကရော ဘာလဲ" လို့ မေးတော့ ကိုကိုက ခါတိုင်းလို မျောက်ဝံလို့ မဖြေဘဲ တခါမှ မဖြေဖူးတဲ့ အဖြေကို လုပ်ပြတယ်။
"ဘုရင်မ" တဲ့။ ကိုကို သိပ်ကို ပျော်နေတယ်။ ဘုရင်မကိုကိုဟာ ကမ္ဘာ့ကံအကောင်းဆုံး မျောက်ဝံမလေးပါပဲ။
🦍🦍🦍🦍🦍
ကိုကို ဘာဆက်ဖြစ်သွားလဲ
ကိုကိုဟာ ကယ်လီဖိုးနီးယား မျောက်ဝံဖောင်ဒေးရှင်းက သူ့အိမ်ကလေးမှာ အကြာကြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တယ်။ သူ့အခင်ဆုံးသူငယ်ချင်း ဖရန်ဆင်း ပက်တာဆန်နဲ့ အခြားသိပ္ပံပညာရှင်တွေက သူ့ကို အမေရိကန် လက်သင်္ကေတပြဘာသာစကားနဲ့ လမ်းလျှောက်စ လူသားကလေးတစ်ယောက်သိနားလည်တဲ့ ဝေါဟာရနဲ့ ညီမျှတဲ့ မတူညီတဲ့သင်္ကေတပေါင်း ၁၀၀၀ ကို သင်ကြားပေးနိုင်ခဲ့ကြတယ်။
ကိုကိုက လက်သင်္ကေတနဲ့ပတ်သတ်ရင် အတော်ကို ကျွမ်းကျင်နေပြီ။ ဉာဏ်ကလည်းကောင်းတယ်။ ဟာသတွေလည်းပြောတတ်ပြီး လိမ်တောင် လိမ်တတ်သေးတယ်။ တိရိစ္ဆာန်တွေဟာ ဘာသာစကားစွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ခံစားမှုတွေ ရှိနိုင်ကြောင်း လူတွေသိဖို့ ကူညီပေးခဲ့တယ်။ သိပ္ပံပညာရှင်တွေနဲ့ နာမည်ကြီးတွေက သူ့နဲ့ တွေ့ဆုံချင်ကြလောက်အောင် ကိုကိုက ဆယ်လီဖြစ်လာတယ်။
ဖရန်ဆင်းက "ကိုကို့ကို သင်ကြားခြင်း" လို့ နာမည်ပေးထားတဲ့ သူ့ရဲ့လက်ဟန်ပြဘာသာစကား သုတေသနစာအုပ်နဲ့ ကိုကို့ကြောင်ကလေးလို့ ခေါ်တဲ့ မျောက်ဝံမကြီးနဲ့ ဘောလုံးလေးအမည်ရ ကြောင်ကလေးတို့အကြောင်း ကလေးဖတ်စာအုပ်ကို ရေးသားခဲ့တယ်။ ဖရန်ဆင်းရော ကိုကိုရော နာမည်ကျော်ကြားအောင်မြင်ခဲ့ပြီး လူတွေ မျောက်ဝံတွေ တခြားမျောက်ဝံနွယ်ဝင်တွေကို ဘယ်လိုသင်ကြားပေးရမလဲဆိုတာ လူအများသိရှိနားလည်စေဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။
🦍🦍🦍🦍🦍
ရွှေငါးပြန်လည်ရေးသားတင်ဆက်သည်။
Keep Reading