Author's Profile Photo

Kaung Set Lwin

18/04/2025

ကွန်ပျူတာထဲက ပိုးကောင်

1 min read
General Knowledge
History
Programming
ကွန်ပျူတာထဲက ပိုးကောင်'s photo

အမှားအယွင်းတွေကို အင်္ဂလိပ်လို "mistake (ဒါမှမဟုတ်) error" လို့ခေါ်ကြတယ်။ ဒါပေမယ့် ကွန်ပျူတာ programmingပိုင်းမှာ Codeရေးတာ၊ softwareတည်ဆောက်တာမှာ ဖြစ်ပေါ်တတ်တဲ့ အမှားအယွင်းတွေကိုတော့ "bug"(ပိုးကောင်)လို့ခေါ်ကြပါတယ်။ ဘာကြောင့် ဒီလိုခေါ်ကြတာလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။



"bug"ဆိုတဲ့ စကားလုံးကို ကွန်ပျူတာတွေ မပေါ်ခင်ကတည်းက စက်ပစ္စည်းဆိုင်ရာ အမှားအယွင်းတွေကို ပြောဖို့သုံးခဲ့ကြပါတယ်။ ဒီစကားလုံးရှိနေခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေကိုလည်း တွေ့ရှိရပါတယ်။ ဥပမာပြောရမယ်ဆိုရင် သိပ္ပံပညာရှင်ကြီး Thomas Edisonရဲ့ ၁၈၇၈ခုနှစ်က စာတစ်စောင်မှာ သူ့ရဲ့မှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး

It has been just so in all of my inventions. The first step is an intuition, and comes with a burst, then difficulties arise—this thing gives out and then that "Bugs"—as such little faults and difficulties are called—show themselves and months of intense watching, study and labor are requisite before commercial success or failure is certainly reached.

ဆိုပြီး ရေးသားထားတာကိုလည်းတွေ့ရပါတယ်။

ဒါ့အပြင် ၁၉၃၁က pinballဂိမ်းစက်တစ်ခုရဲ့ ကြော်ညာမှာလည်း ဂိမ်းစက်မှာစက်ပစ္စည်းဆိုင်ရာ အမှားအယွင်းတွေ မရှိကြောင်း "NO BUGS IN THIS GAME!"လို့ရေးထားတာကို တွေ့နိုင်ပါတယ်။ ဒါကတော့ ကွန်ပျူတာတွေ မပေါ်ခင်က "bug"ဆိုတဲ့ အသုံးအနှုန်းရှိနေတယ်ဆိုတဲ့ ထင်ရှားတဲ့ ဥပမာတွေပဲဖြစ်ပါတယ်။





၁၉၄၇ခုနှစ်က ပိုးကောင်ဖြစ်ရပ်ကတော့ "bug"ဆိုတဲ့ အသုံးအနှုန်းကို ကွန်ပျူတာပညာရှင်တွေကြားမှာ ပိုပြီးတွင်ကျယ်လာအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ကွန်ပျူတာသိပ္ပံပညာရှင် Grace Hopperက Harvardတက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံခန်းထဲမှာ Mark II ကွန်ပျူတာတစ်လုံးနဲ့ အလုပ် လုပ်နေခဲ့တယ်။ သူတို့အဖွဲ့အလုပ် လုပ်နေတဲ့အချိန်မှာပဲ ကွန်ပျူတာမှာ errorတစ်ခုဖြစ်နေခဲ့တယ်။ ကွန်ပျူတာအကောင်းကြီးက errorဖြစ်နေတာဆိုတော့ စဥ်းစားစရာပဲ။ နောက်ဆုံးတော့ကွန်ပျူတာကို တစ်စဆီဖြုတ်ပြီး စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီအခါမှာတော့ ကွန်ပျူတာrelay တစ်ခုကြားမှာ ပိုးဖလံတစ်ကောင် ညပ်နေတာကို တွေ့လိုက်ရပါတော့တယ်။
ဒီဖြစ်ရပ်ကို ပိုးကောင်နဲ့တကွ သူတို့ရဲ့မှတ်တမ်းစာအုပ်မှာ "First actual case of bug being found"ဆိုပြီး မှတ်တမ်းတင်ခဲ့ကြပါတယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ ကွန်ပျူတာမှာ အမှားအယွင်းတစ်ခုခုရှိနေတယ်ဆိုရင် "bug"တွေရှိနေတယ်လို့ ပြောဆိုကြပါတော့တယ်။ "bug"နဲ့အတူ "debug" (ကွန်ပျူတာအမှားအယွင်းတွေကို ပြင်သည်) ဆိုတဲ့ စကားလုံးလည်း ပေါ်လာပါတယ်။ အခုဆိုရင်တော့ ဒီစကားလုံးတွေဟာ programmerတွေကြားမှာ ရင်းနှင်းပြီးသား စကားလုံးတွေအဖြစ် တည်ရှိနေပြီဖြစ်ပါတယ်။

ဒီလောက်ဆိုရင် စာဖတ်သူတို့လည်း ပိုးဖလံတစ်ကောင်ကနေ "bug"ဆိုတဲ့ အသုံးအနှုန်းတွင်ကျယ်လာတယ်ဆိုတဲ့အကြောင်း သိရှိပြီး ဗဟုသုတတွေရရှိသွားပြီလို့ထင်ပါတယ်။ နောက်ထပ်လည်း ဗဟုသုတရစရာ အကြောင်းအရာတွေကို ရေးသားတင်ပြသွားမှာဖြစ်လို့ တင်ရင် သိရအောင် followလုပ်ခဲ့ကြပါဦးနော်။



  • 11:00 P.M.




Keep Reading

လူငယ်နှင့် အောင်မြင်မှု...စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာရေးဆရာနတ်နွယ်ဆိုတာThe Fall Of Spartacusမုန်းခိုင်းတိုင်း မုန်းမှာလား 𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေ