Default Profile Photo

SarPhat User

4/03/2025

“A blessing in disguise”

1 min read
Education
Entertainment

“A blessing in disguise”

ဒီနေ့ မျှဝေပေးမယ့် phrase ကတော့ အထက်ပါစကားစုလေးပဲ ဖြစ်ပါတယ်။
ဒီစကားစုနဲ့ ပတ်သက်လို့ ပုံပြင်လေး
တစ်ပုဒ်ကို ကျနော် အရင် ပြောပြပါမယ်။ ကြားဖူးပြီးသားသူတွေလည်း ရှိမှာပါ။ နားမထောင်ဖူးသေးတဲ့သူတွေတော့ နားထောင်ကြပေါ့။
ထုံးစံအတိုင်း၊ ဟိုရှေးရှေးတုန်းကပေါ့...ကွယ်။
ဆင်းရဲတဲ့ လယ်သမားကြီးတစ်ယောက်ရှိသတဲ့။ သူ့မှာ မြင်းလေးတစ်ကောင်ရှိတယ်။ တစ်နေ့တော့ သူ့မြင်းက တောထဲကို ထွက်ပြေးသွားသတဲ့ကွယ်..။ သူ့ရဲ့အိမ်နီးနားချင်းတွေက သူ့ဆီလာပြီး ပြောကြတယ်။

“ဟာ..ကံဆိုးလိုက်တာ ၊ ခင်ဗျားရဲ့ မြင်း ပျောက်သွားတယ်နော် ”

လယ်သမားကြီးက
“ ကံဆိုးတာလဲ ဖြစ်ချင်ဖြစ်မယ်။ ကံကောင်းတာလဲ ဖြစ်ချင်ဖြစ်မယ်။ စောင့်ကြည့်ကြည့်ကြတာပေါ့။ ” လို့ ပြန်ပြောတယ်ကွယ်..။

ရက်နည်းနည်းကြာတော့ လယ်သမားကြီးရဲ့ မြင်းဟာ အိမ်ပြန်လာခဲ့သတဲ့။
ပြီးတော့ သူနဲ့အတူ တောထဲကနေ မြင်းရိုင်းတွေအများကြီး အဖော်ပါလာခဲ့တယ်။
ဒါကို အိမ်နီးချင်းတွေက မြင်တော့ လယ်သမားကြီးဆီ လာပြီးပြောကြသတဲ့။

“ဟာ.. ကံကောင်းလိုက်တာဗျာ၊ ခင်ဗျားမှာ အခုဆိုရင် မြင်းတွေ အများကြီး ရသွားပြီ”

လယ်သမားကြီးက
“ ကံကောင်းတာလဲ ဖြစ်ချင်ဖြစ်မယ်။
ကံဆိုးတာလဲ ဖြစ်ချင်ဖြစ်မယ်။ စောင့်ကြတာပေါ့ ” လို့သာ ပြန်ပြောသတဲ့။

သိပ်မကြာခင်မှာပဲ လယ်သမားကြီးရဲ့ သားက မြင်းရိုင်းတစ်ကောင်ကို ယဥ်ပါးအောင်လုပ်ဖို့အတွက် မြင်းဇက်ပေါ်တက်ခွတယ်။
မြင်းက မြင်းရိုင်းဆိုတော့ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး လယ်သမားကြီးရဲ့သားဟာ မြင်းပေါ်ကနေပြုတ်ကျပြီး ခြေထောက်ကျိုးသွားပါလေရောသတဲ့။

အိမ်နီးချင်းတွေလည်း လာပြောကြပြန်ပြီပေါ့...။ (တော်တော်သူများအကြောင်းစပ်စုတဲ့လူတွေ)

“ ခင်ဗျား သားလေး ခြေထောက်ကျိုးသွားတာ တော်တော်ကံဆိုးတာပဲနော်..”

လယ်သမားကြီးကလဲ သူ့ရဲ့လက်သုံးစကားကိုပဲ ပြန်ပြောတယ်။
“ ကံကောင်းတာလဲ ဖြစ်ချင်ဖြစ်မယ်။
ကံဆိုးတာလဲ ဖြစ်ချင်ဖြစ်မယ်။ စောင့်ကြတာပေါ့ ”

ရက်သတ္တပတ်အနည်းငယ်ကြာတော့ နေပြည်တော်က ဘုရင့်တပ်သားတွေ ရွာထဲကို ရောက်ချလာတယ်။
ကျေးရွာက လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ လိုက်ခေါ်တာတဲ့။(ပေါ်တာလာဆွဲတာပေါ့။)
လယ်သမားကြီးရဲ့သားဟာ ခြေထောက်ကျိုးနေတာကြောင့် စစ်မှုထမ်းဖို့ ရွေးချယ်မခံရတော့ဘူး။

ထုံးစံအတိုင်း အိမ်နီးချင်းတွေက လာကြပြန်ပြီ။

“ ခင်ဗျားသားလေး စစ်ထဲ မပါသွားတာ ကံကောင်းလိုက်တာ ”

လယ်သမားကြီးကလဲ ပြောနေကျစကားအတိုင်းပဲ ပြန်ပြောလိုက်တယ်။

“ ကံကောင်းတာလဲ ဖြစ်ချင်ဖြစ်မယ်။
ကံဆိုးတာလဲ ဖြစ်ချင်ဖြစ်မယ်။ စောင့်ကြတာပေါ့ ”

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

“A blessing in disguise” ရဲ့ အဓိပ္ပါယ်ကလဲ ဒီပုံပြင်ထဲကလိုပါပဲ၊ တစ်ခါတလေ ကိုယ်က ကံဆိုးတယ်လို့ ထင်မှတ်ထားတာဟာ ကံကောင်းတာလဲ ဖြစ်နေတတ်ပါတယ်။
ဥပမာ ကောင်လေးနဲ့ပြတ်လို့ အသည်းကွဲပြီး ကိုယ့်ဘာသာ ကံဆိုးလိုက်တာဆိုပြီး ယူကြုံးမရဖြစ်နေတဲ့အခါမှာ နောက်ထပ်ရတဲ့ကောင်လေးအသစ်က ကိုယ့်ကိုပိုချစ်နေတာနဲ့ ကြုံတွေ့ရတာမျိုးပေါ့။
ဒါဆိုရင် အရင်ကောင်လေးနဲ့ ပြတ်သွားတာက ကံဆိုးတာမဟုတ်ဘဲ ကံကောင်းတာပေါ့...။
ကံကောင်းခြင်းဟာ ဟန်ဆောင်ရုပ်ဖျက်ပြီးတော့ လာတတ်ပါတယ်။ “A blessing in disguise”ပါပဲ။ အဆိုးထဲက အကောင်းပါပဲ။

ဥပမာလေးနဲ့တကွ ဖတ်ထားရင် ပိုမှတ်မိပါတယ်။

Losing my job was a blessing in disguise — I found a better one.
ကျွန်တော်အလုပ်ပြုတ်သွားတာဟာ အဆိုးထဲကအကောင်းပါပဲ။ ပိုကောင်းတဲ့အလုပ်တစ်ခု တွေ့ပြီ။

Our trip got canceled, but it was a blessing in disguise — the weather was terrible.
ကျွန်တော်တို့ရဲ့ ခရီးစဥ်ပျက်သွားတယ်။ အဆိုးထဲက အကောင်းပဲဗျို့။ ရာသီဥတုက အတော်လေးဆိုးရွားတယ်။

The power went out, but it was a blessing in disguise — we had a great family chat
မီးပျက်သွားပြီ...။ အဆိုးထဲက အကောင်းပါပဲ။ မိသားစုစုံစုံညီညီစကားလက်ဆုံကျလိုက်ရတယ်။

မောင်ဦး
4.3.2025








Keep Reading

"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စFinance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လေညင်းတွေဟာ ဘယ်ကလာ