Author's Profile Photo

တင်ညွန့်

4/04/2024

ပညာရေးအဟောသိကံဖြစ်မှု ------------------------------

1 min read
Education
ပညာရေးအဟောသိကံဖြစ်မှု
------------------------------'s photo


ပညာရေးအဟောသိကံဖြစ်မှုကို (Dropping out or Dropout) ဟု သုံးစွဲပါသည်။ တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ပညာရေးဆုံးခန်းတိုင်မရောက်မီ အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက် သင်ကြားနိုင်ခြင်းမရှိဘဲ ထွက်သွားကြရခြင်းကို ဆိုလိုပါသည်။

ပညာရေးအဟောသိကံဖြစ်ရသည့်အကြောင်းရင်းများကို လေ့လာဆန်းစစ်ရာတွင်

(၁) ဆင်းရဲခြင်း

ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ ကျောင်းထွက်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆင်းရဲခြင်း ဖြစ်သည်။ မိသားစုဘဝတွင် ဆင်းရဲစွာနေထိုင်ခဲ့ရခြင်း၊ အများနှင့်ယှဉ်ကြည့်တိုင်း စိတ်ဓာတ်ကျစရာများခြင်း၊ ကျောင်းတက်ရသော်လည်း မပြည့်စုံမှုပေါင်းများစွာကို ရင်ဆိုင်နေရသူများသည် အချိန်မတိုင်မီ ကျောင်းထွက် သွားကြသည်ကများသည်။

(၂) မိသားစုအတွင်း စိတ်ဆင်းရဲစရာများကြုံတွေ့နေရခြင်း

မိသားစုအတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးပြဿနာများကလည်း ပညာရေးကို သက်ရောက်မှု ရှိနိုင်သည်။ မိဘများ အိမ်ထောင်ရေးပြိုကွဲခြင်း၊ နောက်အိမ်ထောင်ပြုခြင်း၊ ပညာရေးကို အားမပေးခြင်း၊ ဖိနှိပ်ခြင်း၊ အနှိမ်ခံဘဝများဖြင့် နေထိုင်ရခြင်းကြောင့်လည်း အိမ်ကိုသာမက ကျောင်းကိုပါစိတ်ပျက်ပြီး ထွက်ပြေးချင် စိတ်များ ဖြစ်ပေါ်စေနိုင်သည်။

(၃) ကျောင်းပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်

ကျောင်းတွင် မိမိဝန်းကျင်က သုံးနိုင်ဖြုန်းနိုင်သူများပြီး၊ မိမိမှာ မုန့်ဖိုးပင်မှန်မှန်မရသည့်ဘဝ၊ ကျောင်းသို့ လာသော အခါတွင် အနိုင်ကျင့်ဗိုလ်ကျမှုကို အများဆုံး ခံနေရသည့်ဘဝတွင် နေထိုင်ရသူများသည် ကျောင်းက ထွက်ပြေးလိုစိတ်များပေါ်လာတတ်သည်။

မိမိပတ်ဝန်းကျင်တွင် ဆင်းရဲပြီး နိမ့်ကျသည့်လူနေမှုဖြင့် နေထိုင်ရသူများသည် ရာဇဝတ်မှုများကိုလည်း အတုမြင် အတတ်သင် ကျူးလွန်နိုင်သည်။ သူများက ကျူရှင်တက်နိုင်ပြီး ကိုယ်ကကျူရှင်မတက်ရလျှင် အလိုလို သိမ်ငယ်စိတ်များ ဝင်လာနိုင်သည်။ ကျောင်းသားဆရာအချိုးသည်လည်း စကားပြောသည်။

ပညာရေး ကလည်း ကျောင်းသားကို စိတ်မဝင်စား၊ ဆရာကလည်း ကျောင်းသားကို အလေးမထားနိုင်လျှင် ကျောင်းသား ကလည်း အားလုံးကို လျစ်လျူရှုထားလိုက်မည်သာဖြစ်သည်။

(၄) လူမျိုးခြား ဘာသာခြား ခွဲခြားခြင်း

လူမျိုးခြား၊ ဘာသာခြား လူနည်းစုများသည် များသောအားဖြင့် အဖိနှိပ်ခံနေရကြောင်း၊ အနှိမ်ခံနေရကြောင်း စိတ်ထဲတွင် ထင်မြင်ယူဆလာလျှင်လည်း ကျောင်းကထွက်ပြေးနိုင်ပေသည်။ ဥပမာ လူဖြူများလွှမ်းမိုးသည့် ကျောင်းတွင် လူမည်းတို့ မျက်နှာငယ်ရ၊ အနှိမ်ခံကြရသည်။ အလားတူ ဘာသာမတူ၊ လူမျိုးကွဲပြားသည့် ကျောင်းများတွင်လည်း အနည်းစုသည် အနှိမ်ခံရမည်သာဖြစ်သည်။ ထိုသဘောတရားများကို ကျောင်းများတွင် ပပျောက်စေရန် ကြံဆောင်ရမည်။ တစ်ခါတစ်ရံတွင် ဘာသာစကားမတူသည့် ကျောင်းများသို့ရောက်လာပြီး ဘာသာစကားပြဿနာကို ကြီးမားစွာ ရင်ဆိုင်ရလျှင်လည်း ကျောင်းထွက်သွားနိုင်သည်။

ပညာရေးတွင် အဟောသိကံဖြစ်နေမှုမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်ကတည်းကဟုဆိုနိုင်သည်။ အထူးသဖြင့် စီးပွားရေး မပြေလည်မှုနှင့် မိသားစုပြဿနာများကြောင့် ကျောင်းထွက်နှုန်းများသည် ယနေ့တိုင် မြင့်မားနေစဲဖြစ်သည်။

ပညာရေးစနစ်ကလည်း ကျောင်းပြီးလျှင်ဘာဖြစ်မည်နည်းဆိုသည့် မေးခွန်းများကို ရင်ဆိုင်နေရသည်။ ကျောင်းတက်နေရသည့်သူနှင့် ကျောင်းမတက်ဘဲ အပြင်ထွက်နေသူတို့သည် အချင်းချင်း ဝင်ငွေအပေါ် ဆန်းစစ်လိုက်ပြီး စိတ်ပျက်မှုများ ကြုံတွေ့နိုင်သည်။

အလားတူ ဘွဲ့ဒီရီပေါင်းများစွာ ပိုင်ဆိုင်ထားသော်လည်း ပညာတတ်အလုပ်လက်မဲ့ ဘဝရောက်နေသူများ ဘဝကလည်း တွေးစရာဖြစ်သည်။

လက်ငင်းပြဿနာကို ဖြေရှင်းရန် အရေးကြီးနေသူများသည် အနာဂတ်ကို သည်းခံပြီးလျှောက်လိုကြမည်မဟုတ်။ ကျောင်းတက်ပြီး အငတ်ခံမည်လား၊ ကျောင်းထွက်ပြီး ဝဝလင်လင် စားမည်လားဆိုသည့်သဘောတရားကို ကွဲပြားစွာခွဲခြားပြီး ပညာမပေးနိုင်လျှင် ပညာရေး အဟောသိကံ ဖြစ်နေမှုများ ရှိနေမည်သာဖြစ်သည်။

(အဟောသိကံ = အကျိုးမဲ့ဖြစ်ခြင်း၊ အချည်းနှီးဖြစ်ခြင်း)

(Photo Credit: iStock)

တင်ညွန့်

၄.၄.၂၀၂၄

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------