ရွှေငါး

ရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးတစ်ပါးမှာ သမီးလေး သုံးယောက်ရှိသတဲ့။ ဘုရင်ကြီးဟာ သမီးတွေထဲမှာ သမီးထွေးလေးကို အချစ်ဆုံးဆိုပဲ။
တစ်နေ့တော့ ဘုရင်ကြီးဟာ တခြားတိုင်းပြည်တစ်ခုဆီ ခရီးထွက်ဖို့ ကိစ္စရှိလာတယ်။ သမီးတွေကို အပြန်လက်ဆောင် ဘာလိုချင်လဲ မေးကြည့်တဲ့အခါ သမီးအကြီးက တန်ဖိုးကြီးရတနာလည်ဆွဲဘယက် မှာလိုက်တယ်။ သမီးလတ်က သိပ်လှတဲ့ ဝတ်စုံသစ် ဝယ်ပေးဖို့ မှာတယ်။ သမီးထွေးလေးကတော့ ထူးထူးဆန်းဆန်းပဲ။ လမ်းဘေးက ပန်းရိုင်းလေးတွေနဲ့ ဖန်တီးထားတဲ့ ပန်းကုံးလေး လိုချင်ပါတယ်တဲ့။
ဒီလိုနဲ့ ခရီးဝေးထိနှင်လာတဲ့ ဘုရင်ကြီးဟာ လာရင်းကိစ္စပြီးစီးလို့ ကိုယ့်တိုင်းပြည်ပြန်ခါနီးမှာ ချစ်သမီးလေးတွေ မှာလိုက်တဲ့ ရတနာလည်ဆွဲဘယက်ရယ် ဂါဝန်လှလှလေးရယ်ပါ ဝယ်ခဲ့ပြီလေ။ ဒါပေမဲ့ သမီးထွေးလေးမှာတဲ့ လမ်းဘေးက ပန်းရိုင်းလေးတွေနဲ့ ဖန်တီးထားတဲ့ ပန်းကုံးကိုတော့ ရှာမရခဲ့ဘူး။
စီးတော်မြင်းနဲ့ တောထဲကိုဖြတ်ပြီး နန်းတော်ဆီပြန်လာတဲ့ ဘုရင်ကြီးဟာ သမီးထွေးလေးတော့ သူမှာတာ မပါရင် စိတ်မကောင်းဖြစ်တော့မှာပဲဆိုပြီး မပျော်နိုင်ရှာဘူးပေါ့။ မမျှော်လင့်ဘဲ လမ်းမှာ အမွှေးဖြူလွှလွှတွေ လေထဲဝင့်နေအောင် လှပတဲ့ ဝံပုလွေဖြူတစ်ကောင်နဲ့ ဆုံသတဲ့။ ဝံပုလွေက လည်ပင်းမှာ လမ်းဘေးပန်းလေးတွေနဲ့ သီထားတဲ့ ပန်းကုံးနဲ့ပါလား။ ဘုရင်ကြီးဟာ ပန်းကုံးကိုမြင်တော့ သိပ်ဝမ်းသာသွားပြီး မြင်းကို ရပ်ပြီး ဝံပုလွေကို လေးလေးစားစား ဒီလိုမေးလိုက်တယ်။
"ဝံပုလွေကြီးရေ မင်းလည်ပင်းက ပန်းကုံးလေး ပေးနိုင်မလားကွယ်။ ငါကိုယ်တော်မှာပါတဲ့ ရွှေဒင်္ဂါးတွေ တောင်းသလောက်ပေးပါ့မယ်"
ဝံပုလွေဖြူကြီးက
"အရှင်မင်းကြီး ကျုပ်အတွက် ရွှေဒင်္ဂါးတွေ မလိုပါ။ တစ်ခုတော့ ရှိတယ်။ အရှင်မင်းကြီး နန်းတော်ကို ရောက်ရောက်ချင်းတွေ့တဲ့သူကို ကျုပ်ကို လက်ဆောင်ပေးပါ။ ဒါဆို ဒီပန်းကုံးပေးပါ့မယ်" လို့ ဖြေသတဲ့။
ဘုရင်ကြီးလည်း သဘောတူလိုက်တယ်။ ဝံပုလွေဖြူကြီးက အဲဒီလက်ဆောင်ကို နောင် သုံးရက်နေရင် ကိုယ်တိုင်လာယူမယ်လို့ ပြောပြီး ပန်းကုံးကို ပေးလိုက်ပါတယ်။
ဒီလိုနဲ့ သမီးတွေမှာတဲ့ပစ္စည်းတွေစုံလို့ ဘုရင်ကြီးဟာ ပျော်ရွှင်စွာနဲ့ နန်းတော်ကို ပြန်လာပါပြီ။ ဒါပေမဲ့ ဝံပုလွေဖြူကြီးကို ကတိပေးခဲ့သလို နန်းတော်ရောက်ရောက်ချင်းတွေ့မယ့်သူဟာ ဘယ်သူများ ဖြစ်မလဲလို့ စဉ်းစားလာခဲ့တယ်။ သူ့အစောင့်ရဲမက်များဖြစ်မလား။ ဒါမှမဟုတ် နန်းတော်ပန်းခြံထဲ ဆော့ကစားနေတဲ့ ယုန်ကလေးများ ဖြစ်မလားပေါ့။
တကယ်တမ်း နန်းတော်ပြန်ရောက်ရောက်ချင်း တွေ့လိုက်ရတာကတော့ သူအချစ်ဆုံး သမီးထွေးလေး ဖြစ်နေပါသတဲ့။ သူ့သမီးထွေးလေးက သူပြန်လာမှာမို့ ထွက်မျှော်နေတာတဲ့လေ။ ဘုရင်ကြီးဟာ ဝံပုလွေကို ပေးထားတဲ့ကတိကြောင့် အတော်လေး စိတ်မကောင်းဖြစ်သွားတယ်။ သမီးတွေကတော့ ဘုရင်ကြီးပါလာတဲ့ လက်ဆောင်တွေကြောင့် ပျော်နေကြတာပေါ့။
ဘုရင်ကြီးကတော့ ဘယ်ပျော်နိုင်ပါ့မလဲ။ ဒါ့ကြောင့် မိဖုရားကြီးကိုပဲ တိုင်ပင်သတဲ့။
"မိဖုရားကြီးရေ ငါကိုယ်တော်တော့ ငါ့ကတိအတိုင်း ဝံပုလွေကြီးလာတဲ့အခါ သမီးထွေးလေးကို ပေးရတော့မယ်။ ဘယ်လိုလုပ်ကြမလဲကွာ"
"ဒီလိုလုပ်ပါလား မင်းကြီး။ နန်းတော်က ရံရွေတော်တစ်ယောက်ကို ပေးလိုက်ကြတာပေါ့။ ဝံပုလွေလည်း ဘယ်သိပါ့မလဲ။ နော်"
မျက်နှာပျက်နေတဲ့ ဖခင် ဘုရင်ကြီးတို့စကားကို သမီးထွေးလေးက ကြားသွားခဲ့တယ်။
ဒီလိုနဲ့ နောက်သုံးရက်ကြာတဲ့အခါ ဝံပုလွေကြီး ရောက်လာပါတော့တယ်။ ဘုရင်ကြီးက အသင့်စီစဉ်ထားတဲ့ ရံရွေတော်ကို ဝံပုလွေကို လက်ဆောင်ပေးတဲ့အခါ ဝံပုလွေက
"အို ကတိမတည်တဲ့ အရှင်မင်းကြီး... ဒါ ကျုပ်တို့ သဘောတူထားတဲ့ အရာမဟုတ်ဘူး" လို့ စိတ်ဆိုးစွာနဲ့ ပြောပြီး အသံကျယ်ကြီးတစ်ချက် အူလိုက်တယ်။
စောင့်ကြည့်နေတဲ့ သမီးထွေးလေးဟာ ဝံပုလွေကြီး သူ့မိဘတွေကို ရန်မူမှာ စိတ်ပူတာနဲ့ ပြေးထွက်လာပြီး
"ဖခမည်းတော် ကတိအတိုင်း သမီးကို ဝံပုလွေကြီးလက်ထဲ အပ်ပါ။ သမီးလိုက်သွားပါရစေ" လို့ ခွင့်တောင်းလိုက်တယ်။
ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ဟာ သမီးထွေးလေးကို ဝံပုလွေလက်ထဲ ဘယ်လိုမှ မထည့်ချင်ပေမယ့် ကတိအတိုင်း ပေးလိုက်ရပြီပေါ့။
ဝံပုလွေဖြူကြီးဟာ သမီးထွေးလေးကို သူ့ပခုံးပေါ်တက်စေပြီး တောထဲကို ပြန်သွားပါတော့တယ်။
ဒီလိုနဲ့ ဝံပုလွေဖြူကြီးဟာ တောနက်ကြီးထဲက စံအိမ်ကြီးတစ်ခုဆီ မင်းသမီးလေးကို ခေါ်လာခဲ့တယ်။ မင်းသမီးလေးကတော့ ကြောက်နေရှာတာပေါ့။ စံအိမ်ထဲရောက်တာနဲ့ ဝံပုလွေဖြူကြီးဟာ ဝံပုလွေအရေခွံကြီးကို ချွတ်ချလိုက်တာ ချောမောခန့်ညားတဲ့ မင်းသားလေးတစ်ပါးဖြစ်နေပါရောလား။ တကယ်တော့ ဝံပုလွေဖြူကြီးဟာ လူအဖြစ်ပါ ပြောင်းလဲနိုင်တဲ့ ဝံပုလွေမင်းသားလေးတစ်ပါးပါတဲ့ကွယ်။ ဝံပုလွေမင်းသားလေးနဲ့ မင်းသမီးလေးတို့ဟာ ချစ်ခင်စွာနဲ့ တောနက်ထဲက စံအိမ်ကြီးမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပါသတဲ့။
တစ်နေ့တော့ မင်းသမီးလေးရဲ့ အမဖြစ်သူ မင်္ဂလာဆောင်မယ့် သတင်းကို ကြားလို့ ဝံပုလွေမင်းသားလေးဟာ ဝံပုလွေအဖြစ်ပုံစံပြန်ပြောင်း၊ မင်းသမီးလေးကို ကျောပေါ်တင်ပြီး တော်ဝင်မင်္ဂလာပွဲကို လာတက်ကြတယ်။
အခန်းထဲပြန်နားကြတဲ့အခါမှ ဝံပုလွေအရေခွံကို ချွတ်ထားပြီး မင်းသားလေးအဖြစ် နားနေတုန်း မိဖုရားကြီးက မြင်သွားသတဲ့။ မိဖုရားကြီးဟာ မင်းသားလေးကနေ ဝံပုလွေအဖြစ် ပြန်ပြောင်းသွားမှာစိုးလို့ သူတို့ မသိအောင် ဝံပုလွေအရေခွံကို မီးထဲ ရှို့လိုက်ပါလေရော။ ဝံပုလွေမင်းသားလေးက တောထဲပြန်ဖို့ လိုက်ရှာတဲ့အခါ မတွေ့တော့ဘူး။ ဒါကို မင်းသမီးလေး လုပ်ပစ်လိုက်တယ်လို့ အထင်လွဲသွားပြီး စိတ်ဆိုးဆိုးနဲ့ မင်းသမီးလေးကို ထားခဲ့ပြီးတော့ တောထဲပြန်သွားပါတော့တယ်။
မင်းသမီးလေးဟာ ချစ်ရတဲ့ မင်းသားလေးစိတ်ဆိုးသွားလို့ ဝမ်းနည်းရပါပြီ။ မိဖုရားကြီးတားမြစ်ပေမယ့် မရဘဲ မင်းသားလေးရှိရာ တောထဲဆီ ပြေးလိုက်ပြီး မင်းသားလေးကို လိုက်ရှာပါတော့တယ်။ ရက်ပေါင်းများစွာ လိုက်ရှာရင်း သစ်သီး သစ်ဥလေးတွေရှာစားရင်း သစ်ပင်ရိပ်အောက်မှာ နားရင်း ပေါ့။ ဒါပေမဲ့ ဝံပုလွေမင်းသားလေးကို ရှာမတွေ့ပါဘူး။ ဒါ့ကြောင့် ငိုနေရရှာသတဲ့။
တိုက်ခတ်နေတဲ့ လေပြေညှင်းလေးက မင်းသမီးလေးရဲ့ ငိုသံကို ကြားသွားပြီး မင်းသမီးလေးကို အသာပွတ်တိုက် ချော့မြူပေးတယ်။
"လေညှင်းကလေးရယ် ကျွန်မချစ်သူ ဝံပုလွေ မင်းသားကလေးကို မတွေ့မိဘူးလားကွယ်" လို့ ငိုရင်း မေးလိုက်တယ်။
လေညှင်းကလေးက ပြန်ဖြေပါတယ်။
"အို သနားစရာ မိန်းကလေးရယ်... ကျုပ်ဟာ နေရာတကာကို သွားလာခဲ့ပေမယ့် မင်းလေး မေးတဲ့ ဝံပုလွေမင်းသားလေးကို မတွေ့မိခဲ့ပါဘူးကွယ်... ဒါပေမဲ့လေ ဒီသစ်ပင်ကြီးရဲ့ အောက်မှာ ထူးဆန်းတဲ့ မှော်ဖိနပ်ကလေးတစ်ရံရှိတယ်။ မင်းစီးလိုက်တာနဲ့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လေနဲ့အတူ စိတ်စေရာကို သွားနိုင်ပါတယ်" တဲ့။
မင်းသမီးလေးလည်း လေညှင်းလေးပြောသလို ရှာကြည့်တော့ မှော်ဖိနပ်ကိုတွေ့တယ်။ အဲ့မှော်ဖိနပ်ကို စီးပြီး ဝေးလံခေါင်ဖျားတဲ့နေရာတွေ တောတောင် ရေတံခွန်တွေမှာ ဝံပုလွေမင်းသားလေးကို ရှာကြည့်ပြန်သတဲ့။ ဒါပေမဲ့ မတွေ့ပါဘူး။
လက်မလျှော့သေးတဲ့ မင်းသမီးလေးဟာ တစ်ညမှာ မှော်ဖိနပ်တန်ခိုးနဲ့ လမင်းကြီးဆီကိုတောင် သွားမေးလိုက်တယ်။
"ဖိုးရွှေလမင်းကြီးရယ် ကျွန်မရဲ့ မောင်တော် ဝံပုလွေမင်းသားလေးကို မတွေ့မိဘူးလားကွယ်"
လမင်းကြီးက
"တို့တော့ မတွေ့မိလို့ပါကွယ်။ ဒါနဲ့ နေမင်းကြီးကိုရော မေးပြီးပလား" တဲ့။
မင်းသမီးလေးဟာ မနက်လင်းအောင် စောင့်ပြီး နေမင်းကြီးကို သွားမေးပြန်ပါရော။
နေမင်းကြီးက
"ဝံပုလွေမင်းသားလေးလား။ တွေ့တာပေါ့။ မင်းသားလေးက သူ့ဝံပုလွေအရေခွံကို မီးရှို့ခံရတာ မင်းလုပ်လိုက်တယ်ထင်ပြီး စိတ်နာသွားတာ။ ခုဆို သူက တခြားတိုင်းပြည်က မင်းသမီးလေးတစ်ပါးနဲ့ လက်ထပ်ဖို့တောင် ပြင်နေပြီ။ အမြန်သွား။ သြော် နေဦး။ ဒီမှာ မင်းအတွက် ရေညှိလေးတွေကနေ ပိုးချည်ထည်လေးတွေ ဖြစ်သွားစေတဲ့ ဗိုင်းငင်ခုံ "
မင်းသမီးလေးဟာ မင်းသားလေးသတင်းကြားတာနဲ့ နေမင်းကြီးလက်ဆောင်ပေးတဲ့ ဗိုင်းငင်တဲ့ခုံကို ယူပြီး အပြေးကလေး လိုက်သွားပါသတဲ့။ ဟိုရောက်တော့ မင်းသားလေးနဲ့ တခြားမင်းသမီးလေးတို့ဟာ မင်္ဂလာပွဲကျင်းပဖို့တောင် ပြင်ဆင်နေကြပါပြီ။ နက်ဖြန်ဆို မင်္ဂလာပွဲပေါ့။
မင်းသမီးလေးဟာ ရက်ပေါင်း လပေါင်းများစွာ မင်းသားလေးကို ရှာနေခဲ့လို့ လူရော အဝတ်အစားတွေရောဟာ ညစ်ပြီး မမှတ်မိလောက်အောင် ဖြစ်နေတယ်။ မှတ်မိလည်း မင်းသားလေးက သူ့ကို စိတ်ဆိုးနေတော့ စကားပြောခွင့်ရမှာ မဟုတ်ပါဘူး။
ဒီလိုနဲ့ မင်းသမီးလေးဟာ သတို့သမီးလောင်းလေး မြင်အောင် နေမင်းကြီးပေးလိုက်တဲ့ ဗိုင်းငင်တဲ့ခုံမှာ ရေညှိရေမှော်တွေကနေ အဝတ်အထည်တွေရအောင် ယက်လုပ်ပြလိုက်တယ်။ သတို့သမီးလောင်းဟာ ဗိုင်းငင်တဲ့ခုံကို စိတ်ဝင်စားသွားပြီး မင်းသမီးလေးကို ပြန်ရောင်းဖို့ ပြောတယ်။ မင်းသမီးလေးက မင်းသားလေးနေတဲ့အခန်းအပြင်မှာ ဒီည နေပါရစေလို့ ခွင့်တောင်းပြီး ဗိုင်းငင်ခုံကို ခဏငှားမယ့်အကြောင်း အလဲအလှယ်လုပ်လိုက်တယ်။
အဲဒီညမှာ မင်းသမီးလေးဟာ အခန်းထဲက မင်းသားလေးကြားအောင် သူတို့အရင်တုန်းက ပျော်မြူးဖူးခဲ့ကြတဲ့ အမှတ်တရတွေအကြောင်းနဲ့ မင်းသားလေးအထင်လွဲနေတဲ့အကြောင်းတွေကို သီချင်းကလေးအဖြစ် လုပ်ဆိုပြီး တောင်းပန်ရှာသတဲ့။
မနက်လင်းလို့ မင်္ဂလာပွဲကျင်းပချိန်ရောက်ပါပြီ။ မင်းသားလေးဟာ ဧည့်ပရိသတ်တွေကို ခုလို မေးလိုက်တယ်။
"အားလုံးပဲ တစ်ခုလောက် နားထောင်ပေးပါ။ ကျွန်တော် တစ်ခုမေးချင်ပါတယ်။"
လူတွေဟာ ပြောလက်စကားတွေ စားလက်စ အစားတွေ ရပ်ပြီး မင်းသားလေးဆက်ပြောမယ့် စကားကို တိတ်ဆိတ်စွာ နားထောင်နေကြတယ်။
"တကယ်လို့ ကျွန်တော့် ရတနာသေတ္တာရဲ့ သော့ ပျောက်သွားခဲ့သည် ဆိုပါစို့။ ကျွန်တော် သော့အသစ်တစ်ခု လုပ်လိုက်ရတယ်ဗျာ။ ဒါပေမဲ့ အဲဒီတော့မှ သော့အဟောင်းကို ပြန်တွေ့တယ်ဆိုရင် ရတနာသေတ္တာကို သော့အဟောင်းနဲ့ ဖွင့်သင့်သလား.. သော့အသစ်နဲ့ ဖွင့်သစ်ပါသလား" လို့ မေးလိုက်တယ်။
အားလုံးက "အဟောင်းနဲ့ပဲ ဖွင့်တော့မှာပေါ့" လို့ တညီတညွတ်တည်း ဖြေကြတယ်။
မင်းသားလေးက ဆက်ပြီး
"ဒီလိုပါပဲ။ သတို့သမီးကိုတော့ အားနာပါတယ်။ ကျွန်တော်တကယ်ချစ်မြတ်နိုးရတဲ့ ကွဲကွာခဲ့ရတဲ့ မင်းသမီးလေးနဲ့ပဲ လက်ထပ်ပါရစေခင်ဗျာ" လို့ ပြောလိုက်ပါတယ်။ သတို့သမီးကလည်း ထူးခြားတဲ့ ဗိုင်းငင်ခုံကို အပိုင်ရမယ်ဆိုလို့ ကျေနပ်စွာ ခွင့်ပြုပေးပါတယ်။ ဒီလိုနဲ့ ဝံပုလွေမင်းသားလေးနဲ့ မင်းသမီးလေးတို့ဟာ တသက်လုံး ပျော်ရွှင်စွာ နေထိုင်သွားကြပါတော့တယ်တဲ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ရွှေငါးပြန်လည်ရေးသားသည်။
Credit Reference > Storyline
#ရွှေငါး #ကလေးပုံပြင် #children #ဘာသာပြန် #children #theavocadostoryrecipe #story #Folktales #StoryTelling #ပုံပြင် #kidstory #StoryForKids #childrenstories
Keep Reading