မောင်ရွှေဘ
ဂျပန်လူမျိုးအချို့အယ်လ်ဘတ်အိုင်းစတိုင်းကိုယနေ့ထိမုန်းတီးနေဆဲပါပဲ။
အကြောင်းကတော့ဒုတိယကမ္ဘာစစ်မှာဂျပန်နိုင်ငံကိုလုံးဝမွဲပြာကျစေခဲ့တဲ့အနုမြူဗုံးကိုအမေရိကန်တွေတီထွင်နိုင်ခဲ့တာဟာအယ်လ်ဘတ်အိုင်းစတိုင်းကြောင့်ပါပဲ။အယ်လ်ဘတ်ရဲ့ကျော်ကြားတဲ့ပုံသေနည်းE=mc squareကတကယ်လို့အနုမြူမှုန်နည်းနည်းလေးကိုသာစွမ်းအင်အဖြစ်ပြောင်းလဲနိုင်ရင်စွမ်းအင်ပမာဏဟာထုကြီးထည်ကြီးနဲ့ပေါက်ကွဲထွက်လာမယ်လို့ဆိုထားပါတယ်။၁၉၃၉ခုနစ်မှာအနုမြူဗုံးကိုဉရောပနိုင်ငံတွေတီထွင်နေကြောင်းကိုအယ်လ်ဘတ်သတင်းရတဲ့အချိန်မှာဟစ်တလာနဲ့နာဇီဂျာမန်တွေလက်ဉီးသွားရင်ကမ္ဘာကြီးပိုမိုပျက်စီးသွားမယ်ဆိုပြီးအယ်လ်ဘတ်ဟာအမေရိကန်သမ္မတဖရန်ကလင်ဒီရုစဗဲ့ထံအနုမြူဗုံးစတင်တီထွင်ဖို့စာတစ်စောင်ရေးပို့လိုက်ပါတယ်။အယ်လ်ဘတ်ဟာစစ်ကိုမုန်းတီးသူဖြစ်တာကြောင့်အနုမြူဗုံးကိုဂျာမန်တွေလက်မဉီးခင်အမေရိကန်တွေလက်ဉီးမှုရရင်တော်သေးတယ်ဆိုပြီးဆုံးဖြတ်ကာတိုက်တွန်းလိုက်ရသော်လည်းတစ်ဖက်မှာတော့နောင်တရစရာအကြောင်းဖြစ်လာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းဂျပန်စစ်လေယာဉ်တွေဟာအမေရိကန်ပုလဲဆိပ်ကမ်းကိုဗုံးကြဲအပြီး၁၉၄၅၊သြဂုတ်လ၆ရက်၊မနက်၈နာရီ ၁၅မိနစ်မှာအမေရိကန်စစ်လေယာဉ်တစ်စီးကဂျပန်နိုင်ငံမြို့ဟီရိုရှီးမားအပေါ်အနုမြူဗုံးတစ်လုံးကြဲချလိုက်ပါတယ်။တစ်ဒင်္ဂလေးအတွင်းမှာပဲမြို့နေလူဉီးရေ(၈၀၀၀၀)ဟာသေဆုံးကုန်တယ်။ဟီရိုရှီးမားတစ်မြို့လုံးပျောက်ကွယ်လို့တစပြင်ဖြစ်ရတယ်။ဗုံးကျရာဗဟိုစက်ကွင်းအလယ်ကျရောက်ခဲ့သူတွေခမျာဘာမှရုပ်ကြွင်းမကျန်အောင်အကုန်အငွေ့ပျံလောင်ကျွမ်းကုန်တယ်။သူတို့နေထိုင်ရာအဆောက်အဉီးနံရံတွေပေါ်မှာမီးကျွမ်းခဲ့တဲ့မည်းမည်းအရိပ်ကွက်တွေသာရုပ်ကြွင်းအဖြစ်ကျန်ခဲ့တယ်။နောက်၃ရက်ကြာတော့အမေရိကန်ကဒုတိယအနုမြူဗုံးကိုနောက်ဂျပန်မြို့ဖြစ်တဲ့နာဂါစကီပေါ်ကြဲချလိုက်ပြန်တယ်။ဂျပန်ဟာချက်ချင်းလက်နက်ချလို့ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်သွားပါတော့တယ်။စစ်ကြီးပြီးသွားပေမယ့်ဒုက္ခမပြီးသေးတဲ့ဂျပန်နိုင်ငံဟာကိုယ့်အားကိုယ်ကိုးပြီးခိုင်မာတဲ့စိတ်ဓာတ်နဲ့အလုပ်ကြိုးစားခဲ့လို့ကမ္ဘာ့ခေတ်မှီနိုင်ငံဖြစ်ခဲ့ပေမယ့်အနုမြူဗုံးကပေးခဲ့တဲ့စိတ်ဒဏ်ရာတွေကတော့ကျန်ရှိနေဆဲဖြစ်ပါတယ်။
အယ်လ်ဘတ်အိုင်းစတိုင်းဟာဂျပန်မြို့ကြီးနှစ်မြို့ပြာကျခဲ့ရတဲ့အတွက်သူအမှားကြီးတစ်ခုလုပ်ခဲ့မိပါတယ်လို့ဖွင့်ဟပြောဖူးပါတယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာတော့အယ်လ်ဘတ်ဟာအနုမြူဗုံးတိုးချဲ့ထုတ်လုပ်တာတွေကိုကန့်သတ်ဖို့သူ့ရဲ့အချိန်နဲ့စွမ်းအားရှိသမျှသုံးပြီးကြိုးစားခဲ့ပါတယ်။အယ်လ်ဘတ်ဟာ"တတိယကမ္ဘာစစ်ကြီးကိုဘယ်လိုဘယ်ပုံတိုက်ခိုက်မယ်ဆိုတာကျွန်တော်မသိဘူး။ဒါပေမဲ့ကျွန်တော်သေချာပေါက်သိတာတစ်ခုကတော့စတုတ္ထကမ္ဘာစစ်ကျရင်လူသားတွေဟာတုတ်၊ခဲလုံးတွေနဲ့တိုက်ခိုက်ကြမယ်ဆိုတာပါပဲ"လို့သူသတိပေးခဲ့ပါတယ်။
သူဆိုလိုတာကတတိယကမ္ဘာစစ်မှာအနုမြူဗုံးသုံးကြမှာမို့ခေတ်သစ်ကမ္ဘာဟာအပြီးတိုင်ပျက်သုဉ်းသွားပြီးလူသားမျိုးနွယ်ဟာရှေးပဝေသဏီဂူအောင်းကျောက်ခေတ်လူသားတွေရဲ့နေထိုင်မှုဘဝခေတ်ကာလဆီပြန်ရောက်သွားမယ်လို့ဆိုလိုတာဖြစ်ပါတယ်။
ယနေ့ခေတ်မှာအနုမြူအန္တရာယ်ဟာတစ်နေ့တစ်ခြားပို၍ကြီးမားလာသည်မဟုတ်ပါလော။စီးပွားဖွံဖြိုးတိုးတက်လာသောနိုင်ငံအချို့ဟာအနုမြူလက်နက်ကိုပိုင်ဆိုင်ဖို့အလုအယက်ငမ်းငမ်းတက်ကြိုးပမ်းနေကြပါပြီ။ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံအချို့မှာပင်အနုမြူလက်နက်များပိုင်ဆိုင်လျက်ရှိကြပါပြီ။စစ်ကိုပြု၍စီးပွားရှာလိုသူစစ်ဘီလူးတွေအတွက်အနုမြူလက်နက်ဟာလိုချင်စရာဖြစ်သော်လည်းအနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ဂျပန်ပြည်သူတွေနဲ့ငြိမ်းချမ်းရေးလိုလားတဲ့ပြည်သူတွေဟာအနုမြူလက်နက်သာမကမည်သည့်အဖျက်လက်နက်ကိုမှအလိုမရှိပါချေ။ ဟီရိုရှီးမားနေ့နဲ့ပတ်သတ်ပြီးတော့ကျွန်တော်ကဗျာဆရာဇော်နောင်ရဲ့"ဆေးလိပ်မသောက်ရ"ကဗျာလေးကိုသတိရမိပါတယ်။ပြန်ဖော်ပြပေးပါရစေ
ဆေးလိပ်မသောက်ရ 🚭
"အရုပ်ပါးစပ် တုတ်တပ်"
လို့အရပ်ကဆိုတဲ့ငါ။
ဆေးပြင်းလိပ်ကိုပါးစပ်ထဲ
မပြတ်ခဲလို့ဖွာ
ဒီနေ့အဖို့ရာ ပါးစပ်မှာဆေးလိပ်ခဲသော်လည်း မီးမညှိဘဲထားမိတာ
အဲ့ဒါ သင်သိချင်ပါသလား။
မီးခိုးတွေ ငါမြင်က
ချယ်ရီပင် မီးလောင်ကျွမ်းလေတဲ့
အနုမြူငရဲခန်းကိုဖြင့်
မြင်ယောင်ထင်ယောင်တမ်းကာ၊
စိတ်နွမ်းစရာထိုအဖြစ်ကို
ရင်ခုန်ကာပြန်မသစ်ချင်လို့
တားမြစ်သည်တကား။
ဇော်နောင်
#မောင်ရွှေဘ
Keep Reading