Tawtawti
အခန်း (၁၈)
"နင့်ကိုငါ ပြန်မချစ်နိုင်ဘူး လူကိုနော်ရာ..၊၊ ငါသေချာစဉ်းစားပြီးပြီ၊ ဘယ်သူ့ကိုမှ ငါ့ကိုယ်ငါထက် ပိုချစ်မပေးနိုင်တဲ့စိတ်က ငါ့မှာအစွဲရှိနေတယ်"
ကမ္ဘာဦး၏ တိကျပြတ်သားသော အမိန့်စကားသံ။
ခွေးခေါင်းဖြတ်စက်ဖြင့်သာ အပြီးပြတ်စီရင်စေဆိုသည့် ပြည်သူ့တရားသူကြီး ပေါင်ချိန့်လေသံအတိုင်းပင် ဖြစ်၏။
"လူတယောက်အတွက် အမြင့်ဆုံးမျှော်လင့်ချက်ကို ပို့ပေးပြီးမှ ပြန်ရိုက်ချလိုက်တာကတော့ တရားနည်းလမ်းကျရဲ့လားဟာ..၊ နမ်းရှိုက်ခွင့်ရတော့မယ့်ဟန်ပန်နဲ့ လက်ဖဝါးပေါ် အချိုသတ်တင်လိုက်ပြီးမှ တောက်ထုတ်ခံရတဲ့ ပန်းပွင့်ကလေးလိုပါဘဲ..၊ နင် လွန်လွန်းပါတယ်..၊ သိပ်ရက်စက်ရာလည်း ကျလွန်းပါတယ်လေ.."
ငိုင်ကျသွားသော လူကိုနော်ထံက ဆွေးတမြေ့မြေ့ ထွက်ပေါ်လာသော ကြေကွဲသံတစ။
ထို့အပြင်...
"အေးပါဟာ..နင့်ဆန္ဒမှန်သမျှ..ငါ့ဘဝပါပဲ.. ၊ ထားရာမှာနေ စေရာကိုသွားရမယ့်ငါ့ပါ..၊ ပမာပြုရရင်တော့ နင်မွေးထားတဲ့ တိုက်ကြက်လေးလိုပေါ့..၊ နင့်အတ္တအတွက်ဆို.. တပါးသူနဲ့ရင်ဆိုင်ရရင်လည်း သတ္တိရှိရှိ မိုက်မိုက်ကန်းကန်း ရဲရဲရင့်ရင့် ခွပ်လက်ရှိနေဦးမှာပါ..၊ နင်လိုအပ်သလိုအသုံးပြုဖို့ ခိုင်းစေနိုင်ပါသေးတယ်ဟာ.. "
လူကိုနော်က မလျော့သောဇွဲလုံ့လဖြင့်လည်း မတွန့်မဆုတ် ဆက်ရန် အာမခံလိုက်သေးသည်။
ထို့တပြိုင်နက်..
သူမက ရည်းစားလည်းထားချင်သေး..အနမ်းခံရမှာကိုလည်း ကြောက်ရွံ့စိုးရိမ်မိနေသေးသည်များလား..၊ ဒါမှမဟုတ်.. ဖိုနဲ့မ စချစ်ဖို့ရန်အတွက် ဝန်လေးခက်ခဲနေသည်များလား ... စသည်ဖြင့် လူကိုနော်မှာ သို့လော..သို့လော.. စိတ်ထဲက အပြေးအလွှား လျော့လျော့ပေါ့ပေါ့ တွေးထင်မိလိုက်သေး၏။
ကမ္ဘာဦးဘက်ကတော့ ခပ်မဆိတ်ပင် တုံဏှိဘာဝေ နေလေ၏။ ယုံကြည်မိကာ အရှည် - အရှည်ဖြစ်ခဲ့သော လူကိုနော့်ခမျာ ကမ္ဘာဦး၏ တမိုးအတ္တအောက်တွင် ရလဒ်ဆိုးသူတဦးအဖြစ် တရိရိ ခံစားနေရတော့မည်လားပင်။
"ငါကတော့ ငါ့အတွေးနဲ့ငါ.. ငါ့အပျော်နဲ့ ငါပေါ့.. ။ ဒီနေ့ နင့်ဆီက ငါလိုချင်တဲ့ အဖြေကိုရခဲ့ရင်.. ချစ်သူဖြစ်တဲ့နေ့ အထိမ်းအမှတ်အနေနဲ့ နှစ်ကိုယ်တူသုံးဆောင်ပြီးပျော်ရအောင် ကုန်းဘောင်ကြီးကြော်ရယ်... ရှေ့ဆက်ချစ်သက်တမ်းတလျောက်မှာလည်း.. အခက်အခဲမဖြစ်စေဖို့ ကြက်အသဲအမြစ်နဲ့ နင့်ကိုငါ ကျွေး
မယ်ဆိုပြီးတောင် စိတ်ကူးယဉ်ထားတာဟာ..၊ ခုတော့...အားလုံး အလကားဖြစ်သွားကုန်ပြီပေါ့.."
ကြွေပြ.. ရင်ဖွင့်ပြနေရင်း လူကိုနော့်အသံက တိမ်ဝင်သွား၏။ သည်တော့လည်း ကမ္ဘာဦးခမျာ မနေသာပြန်၊ သနားစိတ်လေး ဝင်သွားဟန်တူသည်။
"ဘာမှ မဆိုင်ပါဘူးဟာ၊ ဒါ..ငါ့ဘဝ.. ငါ့သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် အပြီးချပြီးသားမို့ပါ..၊ လုံးဝ မဖြစ်နိုင်လို့ပါ .."
မက်မောမိသမျှ ချစ်ခြင်းအတွက် ကြေကွဲမှုနှင့်အတူ လူကိုနော် အရုပ်ကြိုးပြတ် လဲကျသွား၏။ မျက်မှန်လေးပင် အဝေး
လွင့်စင်ထွက်သွား၏။
..............................................
ကြောလိုရင်ကြော
ခိုင်းချင်ရာခိုင်း
ကျောတော့မခိုင်းနဲ့ကွယ်
အေးမြဖွယ်ထင်လို့
ဝင်တိုးမိပါတယ်
နစ်မြုပ်ခံရမယ်မှန်း မသိရွာတဲ့
တောက်ပခြင်းမာနတွေ
မာယာပင်လယ်ထဲကို
ကျဆင်းသွားသော နေဝင်ချိန်
အသဲကွဲရတောင်
ယခင်နဲ့ယခု
တန်ဖိုးထားမှုက မကြဲပါဘူး
ချစ်ခြင်းတရားရဲ့ ယဉ်ကျေးမှုပေါ့။
..............................................
အခန်း(၁၉)
ဝုန်းခနဲ..ခုတင်ပေါ်ကနေ ပြုတ်ကျလာသော အရှိန်ကြောင့် လူကိုနော် လန့်နိုးသွားသည်။
ညတညကို လွန်မြောက်အောင်မြင်စွာ တိုက်ထုတ်လိုက်နိုင်သော လင်းရောင်ခြည်ဓာတ်က..လူကိုနော်၏ အိပ်ခန်းတွင်းသို့ပင် ပြတင်းဝမှတဆင့် အင်ပါယာ ချဲ့ထွင်ဝင်ရောက်နေလေပြီ။
အခန်းဧရိယာထောင့်ရှိ ကုတင်ထက်က လူကိုနော် ကမန်းကတန်း လူးလဲကာ ထထိုင်မိသည်။
ပြီးမှ...
"ဟာ..ငါ..အိပ်မက်မက်နေတာပါကလား..၊ လက်တွေ့အပြင်မှာကတော့ ဒီနေ့ မေရီ့ဆီက အဖြေသွားတောင်းရမယ့်နေ့ဘဲ.. ၊ အင်း..အဲဒါကို ဘယ်လိုအတိတ်နိမိတ် ကောက်ရမှန်းလည်း မသိ..၊ သိရအောင်လည်း ဖတ်ကြည့်စရာ အိပ်မက်ကျမ်းဝယ်ထားတာကလည်း မရှိ..၊ ကဲ.. လာမယ့်အချစ်ရေး..ပြေးတွေ့တာပဲကောင်းပါတယ်"
ထိုစဉ် အခန်းပြင်မှ မိခင်ဖြစ်သူ ဒေါ်နော်၏ ခေါ်သံကိုကြားလိုက်ရသည်။
"သားရေ...နိုးပြီလား၊ ဧည့်ခန်းမှာ..သားရဲ့သူငယ်ချင်းရောက်နေတယ်..."
ကျောင်းသွားဖို့ အမ်ဒီးတန် လာခေါ်လေသလားဟုတွေးမိသည်။ သို့ပေသိ အချိန်ကစောသေးသည်သာ။
"နေအုန်း..တဲ့၊ မေမေတို့မိတ်ဆွေရဲ့သားလေ၊ သားကိုတွေ့မှဖြစ်မယ့် အရေးကြီးကိစ္စရှိလို့တဲ့ "
"ဟင်...! နေအုန်းဆိုပါလား.၊ ဘယ်လိုများဖြစ်လို့ပါလိမ့်"
လူကိုနော်လည်း သိချင်စိတ်ဇောနှင့်အတူ အိပ်ရာထအတိုင်း ကပျာကယာဖြင့် အပြင်ထွက်လာခဲ့၏။
..............................................
အိမ်ရှေ့ဧည့်ခန်းအတွင်းသို့ လူကိုနော်ဝင်လာလိုက်သည်နှင့် နေအုန်းက ဆိုဖာပေါ်ထိုင်နေရာကနေ ကမျောသောပါးထရပ်ကာ..လက်ဆွဲခေါ်သည်။
"လာဟ...မြန်မြန်..၊ မေရီ့ အခြေအနေက ဆေးရုံကို အရေးအပေါ်ရောက်နေလို့..မင်းကိုလာခေါ်တာ...၊ ငါဖုန်းဆက်နေသေးတယ်၊ မင်းဖုန်းက စက်ပိတ်ထားလို့ကွ၊ကဲ..ကဲ...ခပ်သွက်သွက်လေး..သွားကြစို့၊ လမ်းကျမှဘဲ အကျိုးအကြောင်းပြောပြသွားတော့မယ် ၊ ငါ့မှာ ကားလည်းပါလာတယ်.."
"ဟေ.. ငါ ညတုန်းကတည်းက ဖုန်းကို စက်ပိတ်ပြီး အားသွင်းထားလို့ကွ၊ ဒါနဲ့ အခုလောက် ရေးကြီးသုတ်ပြာနိုင်ရလောက်အောင်.. မေရီက ဘာ..ဘယ်လို ဖြစ်လို့များလဲ.. "
မေးမြန်းချိန်ပင် အဖြေပြန်မရ။
နေအုန်းခေါ်ရာနောက်...ယောင်နနဖြင့် ပြာပြာသလဲ အမြန်လိုက်ပါသွားရသည်။ ခေါင်းပူရင်ပူလည်း ဖြစ်သွားရ၏။
နောက်ဆုံးပေါ် ဂျပန်ဆလွန်းကားလေးက လမ်းမပေါ် တရိပ်ရိပ်ပြေးနေသည်။ ကားခေါင်းခန်းတွင် နေအုန်းက မောင်းနှင်၍ ကပ်လျက်ဘေးတွင် လူကိုနော်က စကားပြောရင်း ထိုင်လျက်လိုက်ပါလာ၏။
"မင်းက..ပီဇာနဲတွေ့ချင်လို့..တမင်ငါ့ဆီပေါက်ချလာပြီး..ခေါ်ထုတ်ခိုင်းမလို့များလားတောင် တွေးမိသေးတယ် "
လူကိုနော်၏ ထင်ကြေးပေးမှုကို နေအုန်းက..
"သူနဲ့ငါက ကျောင်းမှာတွေ့လို့ရတာပဲကွာ..၊ အခုက မေရီ့ကို မထင်မှတ်ဘဲ ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက်ခံထားရတဲ့ကိစ္စ..၊ ဒါကြောင့် မင်းကို တကူးတက အရေးတကြီး အသိပေးပြီး လာခေါ်ရတာလေ.. "
"ဟင်...ကြက်ငှက်တုတ်ကွေး..ဘယ်လိုဖြစ်ရတာပါလိမ့်..၊ အင်း...ဒီရောဂါက စပေါ်ကတည်းကနေ.. နောက်ဆုံး အပြီးသတ်တိုင် ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့ဖူးတာ..၊ ဒါပေမယ့် မျိုးဆက်ပွားဗိုင်းရပ်စ်အနေနဲ့ ပြန်ပြန်ပေါ်လာတတ်မှန်း နောက်ပိုင်းမှာ သိခဲ့ရပြန်တယ်၊ တချိန်က
တော့ ဒီရောဂါက ထိတ်လန့်စရာ ကောင်းပေမယ့်.. ခုချိန် ကမ္ဘာတဝန်းမှာကော ငါတို့ဆီမှာပါ မဖြစ်သလောက်တော့ ရှားပါးသွားပြီဘဲမဟုတ်လား... စိုးရိမ်စရာအဆင့်က ပျက်ပြယ်သွားပြီလေ.. "
"မေရီဖြစ်ပုံလည်း.. ဒိီလိုဟ.. မနေ့က သူကျောင်းအပြန်မှာ ကြက်နဲ့ပတ်သက်တာတခုခု ဆိုင်တဆိုင်ကနေ စားလာခဲ့ပုံရတယ်။ အဲ့ဒီ့ကနေ မထင်မှတ်ဘဲ ဒီရောဂါ စတင်ဖြစ်လာခဲ့တယ်လို့တော့ ခန့်မှန်းကြည့်ရတာဘဲ..။ ဟုတ် မဟုတ်တော့ အတိအကျ မသိသေးဘူး။ လောကမှာ ကိုယ်တခါမှ တွေးမထင်ထားမိတာတွေလည်း ဖြစ်တတ်တာပဲလေ"
"သူက ကြက်နဲ့ဆက်စပ်တဲ့အစားအစာတွေကိုတော့ အတော်ကြိုက်တတ်တာ..၊ အရင်ရက်တုန်းကလည်း ကျောင်းမှာ ငါနဲ့တွေ့နေသေးတာပဲ..၊ အင်းလေ.. မင်းငါ့ကို.. မေရီ့လို ကျီစယ်မနောက်ပြောင်တတ်ရင်တော့ ပြီးတာပါပဲ"
"ဟ..အရေးထဲ မင်းကငါ့ကို မယုံဘူးလား။ ငါဘယ်တုန်းကများ မဟုတ်တာလိမ်ပြောဖူးလို့လဲကွာ..၊ လိပ်ခေါင်းဖြစ်ပါတယ်ဆိုမှ..သွေးဆုံးကိုင်တာလားလို့ မေးနေစရာမှမလိုတာ..၊ အခု..သူ့အဖြစ်က...မျောက်လက်ထဲက ငှက်ပျောသီးလို စိုးရိမ်အမှတ်အဆင့်ကိုရောက်နေလို့ အရေးတကြီး ရိုးရိုးသားသားနဲ့ အမှန်အကန် လာအကြောင်းကြားပေးရတာကိုယ့်လူ.."
နေအုန်းက အသေအချာ စကားအတည်ဆိုလေ၏။
မေရီနှင့်စပ်လျဉ်း၍လည်း
"သူ..ညနေစောင်း အိမ်မှာရေမိုးချိုးပြီးတော့ နေမကောင်းစဖြစ်သတဲ့ ၊ သာမန်အဖျားဝင်တာဘဲလို့သာ ထင်နေသေးတာ၊ ပြီးမှ သတိပါလစ်ချင်သလို ဖြစ်သွားလို့ မိသားစုဆရာဝန်ကို ခေါ်ပြကြည့်တယ်လေ၊ နောက်.. အဖြေတိတိကျကျသိရအောင် ဆရာဝန်ညွှန်ကြားချက်နဲ့ဘဲ ညတွင်းချင်း အရေးပေါ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တန်းတင်လိုက်ရတာ.."
"ဟာကွာ..."
"ငါ့ကို..သူ့မိဘတွေက အကူအညီတောင်းလို့ ငါ့အိမ်ကဒီကားနဲ့ပဲ လိုက်ပို့ပေးရတာ၊ အရင်ကဆို..သူ့ကို မြင်ပြင်းကပ်သလို.. မျက်မုန်းကျိုးမိသလို ဖြစ်နေမိပေမယ့် အရေးအကြောင်းဆိုတော့လည်း မနေသာနိုင်ဘူးလေ "
"အေးကွာ..ကျေးဇူးအနန္တပါဘဲ..၊ မေရီပြန်လည်ကျန်းမာလာပါစေလို့ ဥဒ္ဒိဿမေတ္တာ ငါပို့ပါတယ်။ သူသာတခုခုဖြစ်ခဲ့ရင် မနက်တိုင်း..မျက်ရည်နဲ့ မျက်နှာသစ်ရမယ့်သူဟာ..ငါပါ..။ ငါ့ဘဝလည်း..သေသွားတာနဲ့..ဘာထူးဦးမှာလဲ၊ ဘယ်လိုနည်းပင်ဖြစ်ပါစေ.. သူသာ အသက်ရှင်ခွင့်ရမယ်ဆို..ငါ့အသက်နဲ့တောင် လဲယူပေးချင်တဲ့အထိ..သူ့ကိုငါ တကယ်ချစ်တာပါ..။ ငါ့နှလုံးသားနဲ့ရင်းပြီး မြတ်နိုးတာပါကွာ.."
လူကိုနော်က စိတ်ထိရှသွားဟန်ဖြင့် အသံများပင် တုန်ခါနေသည်။
တခါက.. သူရေးပြီး ကမ္ဘာဦးသဘောကျသည်ဆိုသော ကဗျာလေးကိုပင် ပြန်သတိရမိသွားသေး၏။
ထိုကဗျာလေးက....
ကြက်သားသတိ ... တဲ့။
..............................................
"နင်..ပြောနေတာ နင့်..ရင်ဘတ်ထဲက တကယ်လာတဲ့ စကားအစစ်တွေလား လူကိုနော်.."
ရုတ်တရက်မို့ သူလန့်သွား၏။
ချိုလွင်ကြည်မြသော အသံလာရာဆီသို့ လူကိုနော် ကမန်းကတန်း ခေါင်းနောက်ပြန်လှည့်ကြည့်လိုက်သည်။
ကားနောက်ခန်းတွင် သူ့ကို ဝင့်ဝင့်စားစားကြီး ပြုံးကြည့်နေသည်က...သူ၏ချစ်လှစွာသော..မေရီ (ဝါ) ကမ္ဘာဦး။
ဟော..အသားရောင်တီရှပ်လေးနှင့် အလှဆုံးပြုံးပြနေသည်။
လူကိုနော်လည်း အံ့သြမှု.. ဝမ်းသာမှုတို့ဖြင့် ရောနှောလုံးထွေးသွားကာ..တပ်ထားသောမျက်မှန်ကိုပင် ချွတ်မိလိုက်..၊ ပွတ်သပ်ပြီး ပြန်တပ်မိလိုက်နှင့် ပျော်လျက်
ယောက်ယက်ခတ်နေ၏။
"ဟင်..နင်..သရဲဖြစ်..၊ အယ်..မှားလို့.. နင်..ဘာမှမဖြစ်ဘူးနော်.."
"အေး..အစကတည်းက..ကားနောက်ခန်း ကူရှင်အောက်မှာ ပုန်းပြီးလိုက်လာတာ ၊ နင့်စကားတွေကို အသာတိတ်တခိုးလေး နားထောင်ရင်း..ခု အောင့်မနေနိင်တော့လို့ အသာထလာတာ.."
လူကိုနော်ခမျာ အပျော်စိတ်နဲ့အတူ.. သူလှည့်ကွက်မိသွားပြီဆိုတာကို သဘောပေါက် သွားသည်။
"နင်တို့နှစ်ယောက်..ငါ့ကို သောကများအောင် သက်သက်လူလည် လုပ်တာပေါ့..၊ ဘယ်လိုများ ရွှေဉာဏ်တော်ဆင်လိုက်ကြတာလဲ"
"အဟဲ..နင်က..ငါ့အပေါ် တကယ်ချစ်ရဲ့လားဆိုတာ သေချာသွားအောင် ထပ်သိချင်လွန်းလို့ ငါ့စိတ်နဲ့ ငါ့နှလုံးသားက တိုက်တွန်းပြန်တယ်လေဟာ..၊ ဒါနဲ့ ဘယ်လိုစမ်းသပ်ရမလဲလို့ အကြံထုတ်စဉ်းစားလိုက်တော့.. ဒီလို..စမ်းသပ်ကြည့်ဖို့အတွက် ဒီပရိုဂရမ်ကို ငါကိုယ်တိုင်ရေးဆွဲပြီး စီစဉ်လိုက်တာပါ..၊ ဒါကိုမှ နောက်ပိုင်း ..နေအုန်းကို ပြောပြပြီး ငါဆွဲထားတဲ့ ပလန်(plan)အတိုင်း အပီရောက်ရှိဖို့ ပါဝင်ကူညီ ပံ့ပိုးခိုင်းရတာပေါ့..၊ အဲ့ဒီ့အိုင်ဒီယာကလည်း နင်ရေးခဲ့ဖူးတဲ့ ကြက်ငှက်တုတ်ကွေးနဲ့ဆက်နွယ်တဲ့ ကဗျာလေးကနေ စပြီး ရခဲ့တာပဲလေဟာ.."
"အယ်..."
"ထပ်ပြောပြရရင် နင့်ချစ်ခြင်းမေတ္တာတရားကို အတုအစစ်ခွဲခြားပြီး ပိုမိုယုံကြည်မှုရရှိစေဖို ငါ့နှလုံးသားရဲ့ ပရိုဂရမ်အဖြစ် ဖန်တီးခဲ့တာပေါ့ဟာ.."
နေအုန်းကလည်း ...
"တနည်းဆိုရရင်ကွာ... သူက မင်းကို အဖြေပေးဖို့ ဒီနေ့ကို သတ်မှတ်ထားတယ်တဲ့..၊ ဒါပေမယ့် ဘဝတသက်တာလက်တွဲဖို့ဆိုရင် သူ့ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာကို ထပ်သိချင်သေးတယ်တဲ့ဗျား.. "
ဝင်ရောက်ရှင်းပြနေပြန်၏။
"သူ..သတိမထားမိလို့ပါ..။ သူ့ကိုငါက အနားမှာရှိနေချိန်ဆို အရိပ်လေးလိုပဲကြည့်ရ..၊ ဘေးနားမရှိချိန်ဆေိုလည်း စိတ်အတွေးထဲက အမြဲသတိတရ..၊ ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ တိတ်တခိုး စောင့်ရှောက်နေခဲ့ရသူပါ..."
လူကိုနော်ကလည်း ပွင့်ရသမျှ ရင်ဖွင့်ချ၏။
"ငါ့အနေနဲ့လည်း..သူကိုယုံကြည်ဖို့ ဖျောင်းဖျပါသေးတယ်ကွာ..၊ ဒါပေမယ့်..သူကိုယ်တိုင်ကိုက လွယ်စဉ်တွေ့.. ကွယ်ရင်မေ့တတ်တဲ့သူမျိုး မလိုလားတဲ့စိတ်အစဉ်က လွှမ်းမိုးလွန်းနေတယ်လေ..။ ငါမှ ပါဝင်သရုပ်ဆောင်ပြီး အကူအညီမပေးရင် မင်းကိုအဖြေမပေးဘူးဆိုပြီး အတင်းအကြပ်ကိုင်နေလို့ ငါက မင်းအတွက် စေတနာနဲ့အကျိုးမျှော်ပြီး ခုလို..ဒါနဖြည့်စွမ်းပေးလိုက်ရတာပါ..။ တကယ်တော့ မင်းခံစားချက်..မင်းစတိုင်..မင်းဒိုင် တွေကြောင့် သူလည်း သူ့နှလုံးသားကို မာကျောပြမနေနိုင်တော့ဘဲ ကောင်းမွန်တဲ့ အဖြေတခုခု မင်းအတွက် ပေးတော့မှာပါ။ ဟုတ်တယ်မို့လား..မေရီ.."
နေအုန်းကပင် ဖောက်သည်ချပြနေရင်းမှ ကမ္ဘာဦးဘက်သို့ စကားလှည့်လိုက်လေသည်။
"ဟဲ့.. နင်ရှိနေတော့..ငါ.. တမျိုးကြီးဖြစ်နေတယ်လေ၊ သူနဲ့ငါ နှစ်ယောက်တည်းရှိချိန်မှ အဖြေအေးအေးဆေးဆေးပေးမှာပေါ့ဟ.."
သူမက စကားကျွမ်းကျင်စွာဖြင့် နေအုန်းအပြောကို ရှောင်တိမ်းသည်။ နေအုန်းကလည်း သူ့ကားရှိရာသို့ ထွက်သွားသည်။
ပြီးနောက်..ကမ္ဘာဦးက
"တို့ ပြုမူခဲ့တာတွေကို ဗွေမယူနဲ့နော်"
လူကိုနော်ထံသို့ လှမ်း၍အယူခံဝင်သည်။
ဒါကို..လူကိုနော်ကလည်း အခွင့်ကောင်းအရယူလျက်...
"အဟီး..အခုချက်ချင်း ချစ်တယ်လို့ လေပြေလေးနဲ့ အဖြေပေးရင် ကြေအေးပါ့မယ်လေ..နော့်"
ပြုံးဖြီးဖြီးနဲ့ တောင်းဆိုလိုက်၏။
"အို..နှစ်ယောက်တည်းရှိမှ ပေးပါ့မယ်ဆို "
ကမ္ဘာဦး၏ ရှက်စနိုးမူနွဲ့လိုက်ဟန်လေးက လူကိုနော်ကို အသဲစွဲသွားစေသည်။
ထိုအခိုက်..နေအုန်းက သူ့ကားကို ပြန်လှည့်ကွေ့လာသည်။ လူကိုနော်၏ အိမ်သို့ပြန်သွားရဦးမည်။ ကျောင်းသွားရန်အတွက် ရေချိုး၊ အဝတ်လဲ ပြင်ဆင်နိုင်ဖို့ဖြစ်သည်။ နေအုန်းနှင့် ကမ္ဘာဦးကတော့ ကျောင်းတက်ရန် အဆင်သင့် ဖြစ်ပြီးသားပင်။
လူကိုနော်၏ နေအိမ်မှပြန်ထွက်လာလျှင်..သူ့ချစ်ချစ်ပီဇာ့ကိုလည်း ဝင်ခေါ်မည်။ နောက်...နေအုန်းက ပီဇာနှင့်အတူ စီးပွားရေးတက္ကသိုလ်သို့ဆက်သွားမည်။ ကမ္ဘာဦးကိုတော့ လူကိုနော်နှင့်အတူ ထားခဲ့လေမည်တည်း။
"အချိန်ဆိုင်းမနေပါနဲ့တော့ဟာ၊ နေအုန်းကိုလည်း သက်သေတည်လို့ရတာပေါ့၊ လူရင်းတွေချည်းပဲဟာကို..၊ ဘာမှ မျက်နှာပူစရာအကြောင်းမှမရှိတာ.."
လူကိုနော်က ဇွဲ၊ လုံ့လ၊ ဝီရိယမပျက်ဘဲ ချစ်ခဲ့သမျှ ထိုအကျိုးကို ရလဒ်ကောင်းအနေနှင့်ခံစားရတော့မည်ဟု ယုံကြည်လျက် ထပ်မံ တိုက်တွန်းတောင်းဆိုလိုက်ပြန်သည်။
ကမ္ဘာဦးကမူ ဘာကိုမှ နှုတ်ကခွန်းမတုံ့ပြန်သေး။
"နောက်မှဆိုကွာ..၊ လိမ္မာရင် နင့်အတွက် အဖြေကောင်းရမှာနော် "
လူကိုနော် ကလည်း လက်မလျှော့၊ စိတ်မပျက်စတမ်းပင်...
"ငါက လိမ္မာပြီးသားပါဟာ..၊ တိုက်ရိုက်မပြောချင်ရင်တောင် လူတွေကို အရင်ကလို အစီအစဉ်တွေဆွဲပြီး မလှည့်စားတော့ပါဘူးလို့ ငါ့ကို ကတိပေးဟာ..၊ ဒီကတိက ငါ့အပေါ် နင်ထားရှိမယ့် အချစ်စစ်ပဲလို့ ယူဆမယ်.."
"ဟင်.. "
"လှည့်ကွက်သုံးပြီး ကြပ်တယ်ဆိုတာကလည်း ယုံကြည်မှုချိုးဖောက်ရာ ရောက်ပါတယ်ဟာ၊.. ကိုယ်က မုသားစကားတွေ လှည့်ပတ်ပြောတတ်နေလို့ လူတွေက ကိုယ့်ကိုအယုံအကြည်လည်း ကင်းမဲ့လာမယ်..၊ ကိုယ့်ဘက်ကလုပ်ဆောင်ရတာကလည်း အချိန်ကုန်လူပန်းတယ်..၊ ခံစားရတဲ့ တဖက်သားကိုလည်း ကသိကအောက်နဲ့ အနှောက်အယှက်ဖြစ်စေနိုင်လို့မကောင်းပါဘူးဟာ၊ ဒါကြောင့် ဒီအကျင့်ကို အပြီးတိုင် ဖျောက်ဖျက်ပစ်လိုက်ပါတော့ဟာ"
လူကိုနော်က တချက်ခုတ် နှစ်ချက်ပြတ်သော စကားဖြင့် တာသွားအောင် ဖြောင်းဖြသည်။ သည်တခါတော့ ကမ္ဘာဦးလည်း နားဝင်သွားပုံပေါ်သည်။
"အေး.."
အေး.. ဆိုသည့် အဖြေစကားတခွန်းအတိုင်း လူကိုနော်၏ ရင်ထဲတွင် ဆောင်းတွင်းဘက် ကျောက်စည်ထဲက ညသိပ်ရေလို အေးမြသွားသည်။
"ဒါဆို...ချစ်သူဖြစ်ခဲ့ရင် မေ လို့ခေါ်မယ်လို့ ပြောဖူးသလို အခုချိန်ကစပြီး နင့်ကိုငါ 'မေ' လို့ခေါ်တော့မယ်နော်.."
.............................................
Keep Reading