Author's Profile Photo

Tawtawti

5/01/2025

ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ် အခန်း( ၁၆ ) ( ၁၇ )

8 mins read
Art
Novel
Entertainment
ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ်
အခန်း( ၁၆ ) ( ၁၇ )'s photo



အခန်း (၁၆)

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပုလဲဆောင် အောက်ထပ်ရှိ ကမ္ဘာဦး၏မေဂျာ ဒသနိကဗေဒ အခန်းရှေ့သို့ လူကိုနော် ရောက်ရှိလာသည်။ ဟော.. အဆင်သင့်ပင် ကမ္ဘာဦးကို တွေ့ရ၏။

"နင်က..ပြဿနာကို မီးစက်နှိုးပြီး ရှာပြတာပဲ..၊ နေအုန်းနဲ့ ငါတွေ့ပြီးပြီ..၊ ငါတို့..စိတ်လိုက်မာန်ပါ မဖြေရှင်းမိလို့သာ တော်သေးတာပေါ့..၊ ဒါ နင်သက်သက် ညစ်ပတ်လိုက်တာပေါ့..ဟုတ်လား၊ နင့်ကို ဖုန်းဆက်ပြီး ပြန်ခေါ်ပြောတော့လည်း တမင်သက်သက် ဖုန်းမကိုင်ပြန်ဘူး..၊ နင်က..တော်တာ်ဆိုးတဲ့.. လူဆိုးမလေးပဲ.."

ကမ္ဘာဦးကို မြင်လိုက်သည်နှင့် လူကိုနော်ခမျာ မောမောနှင့် မချိတင်ကဲ ဆိုလိုက်မိ၏။

"နင်တို့ ဘာများဖြစ်မလဲသိချင်လို့ တမင်စကြည့်လိုက်တာပါဟယ်..၊ ငါက နင်ပြောသလောက်လည်း မဆိုးပါဘူး..၊ သူတော်ကောင်းလေးပါဟာ..၊ မနက်တုန်းကတောင်..ကြက်အူချောင်းကြော်ဝယ်စားတော့ ရောင်းတဲ့အဒေါ်ကြီးက သူတော်ကောင်းဈေးဦးပေါက်ဆိုပြီး ပြောနေသေးတယ် အဟိ.."

ကမ္ဘာဦးသည် ရင်စေ့အင်္ကျီလက်ရှည်အဖြူ၊ အခက်ကြီးပန်းထိုးထားသည့် ထဘီအနက်ရောင်တို့ကို ဆင်မြန်းထားသည်။ သူမ ဝတ်ဆင်ထားပုံမှာ ရှိရင်းစွဲအလှတရားနှင့်သဟဇာတဖြစ် လိုက်ဖက်နေ၏။

"နင့်ကြောင့် ဈေးဦးပေါက်သွားလို့ ဝမ်းသာသွားတာလေ..၊ ဒီလို..အယူရှိတဲ့ဈေးသည်မှန်သမျှ အခုအတိုင်းပြောတတ်တာပဲ မဟုတ်လား..၊ ရောင်းတဲ့ပစ္စည်းကို ဈေးဦးပေါက်ပိုက်ဆံနဲ့ခေါက်တတ်ကြတာ ထုံးစံပဲကို..၊ သြော် ဒါနဲ့..နင်ကော နင့်အချစ်ဈေးဦးပေါက်ဆိုပြီး.. နင့်လက်နဲ့ ငါ့ရင်ဘတ်ကို တထောင့်ငါးရာကျပ်နဲ့ မခေါက်ချင်ဘူးလားဟာ..၊ တကယ် ငါ..အနာခံ ပေးမှာပါ "

"အံမယ်..ရလိမ့်မယ် အားကြီးကြီး..၊ နင်က အလကားရတဲ့လေကို လိုသလိုအသုံးချ လျှောက်ပြောနေတာဘဲဟာ..၊ ကိုယ့်ဘက်ကိုယ်ယက်တဲ့ ကိုရွှေလိပ်ကြီး.."

"လျှောက်လည်းမပြောရပါဘူး ... ကိုရွှေလိပ်ကြီးလည်း မဟုတ်ရပါဘူး..၊ ငါ့နောက်ကျောကိုသာ ဓားနဲ့မထိုးနဲ့..၊ နင့်ရှေ့မှောက်မှာ ရင်ဘတ်ကော့ပြီး မတ်တပ်ရပ်ပြောတာပါ.. ၊ အမှန်တရားအတွက် အသက်ပင်သေသေ စတေးခံဝံ့ပါတယ်..၊ နင့်ကို ငါချစ်တာ အမှန်တရားပါပဲဟာ.."

"ပြန်မချစ်နိုင်ပါဘူးဟာ.. တော်ပါတော့.."

"နင်ကလည်းဟာ..နင်နဲ့ငါ ရန်ခဏခဏဖြစ်ပြီးမှ ကျန်ရစ်ဘဝတော့မရောက်ချင်ပါဘူးနော်..၊ တကယ်တမ်းကျတော့ ငါက နင့်ကို တသက်လုံး အမြဲဖက်နမ်းပြီး အသဲအသက်ပဲပေးစမ်းပါရစေဆိုတဲ့.. ဒိီလိုကောငျစားမြိုးပါနောျ.."

"အံမယ်..ကြီးကြီးကျယ်ကျယ်တွေ.. နင်ဖက်နမ်းချင်ရင် ဖက်ရွက်ကိုကောက်ပြီးနမ်းပေါ့..၊ အဲ..ကြက်ချေးပါထားတဲ့ ဖက်ရွက်ဆိုရင်တော့ ကမ္ဘာကျော် တန်ဖိုးကြီးရေမွှေးတွေနဲ့ တထပ်တည်းပဲဆိုတဲ့ အနံ့အရသာကို ခံစားသွားရလိမ့်မယ် "

"မနောက်စမ်းပါနဲ့ဟာ.. အတည်ပြောနေတာပါ..။ ငါကနင့်ကို သိပ်ချစ်လွန်းလို့.. အချစ်ရဲ့ သမုဒယဝေဒနာကို တငွေ့ငွေ့ ခံစားနေရသူပါ..၊ ဥပမာထားပြောရရင်တော့.. နာနတ်ပင်က တပင်ကို တလုံးပဲသီးသလိုမျိုးပေါ့..၊ ငါ့ရင်ထဲမှာလည်း နင့်တယောက်တည်းအတွက်ပဲ တနေရာအပြီးပေးဖို့ရှိတာပါ"

"အဲ့လဲ့"

"ရိုးသားဖြူစင်တဲ့ သူငယ်ချင်းဘဝကို အရောင်ဆိုးတယ်လို့ထင်မြင်ရင်တောင်...ငါဆိုးတဲ့အရောင်က နင့်ဘဝကို ပိုလိုက်ဖက်ပြီး.. ပိုလှသွားစေမယ့်..ချစ်ခြင်းရဲ့သင်္ကေတ ပန်းနုရောင်ပါ"

နောက်ဆုံးတွင်..လေပြေဝေ့ခတ်ရာ ပန်းကလေးတပွင့် အလိုက်သင့် တိမ်းညွတ်နွဲ့ပါသွားသလို..လူကိုနော်၏ အပြောအဆို အနှုတ်အသိမ်း ပါးနပ်မှုအောက်တွင် ကမ္ဘာ ဦးမှာလည်း ...

"ဟုတ်ပြီလေ၊ ဒါဖြင့်..ငါ..စဉ်းစားပေးပါ့မယ်၊ ဒါပေမယ့်.. ဒီကိစ္စက ဈေးရောင်းသလိုတော့.. ရော့..အင့်..ချက်ချင်းဘယ်ရပါ့မလဲ..၊ အဖြေယူချင်ရင် အချိန်ပေးရမယ်..စိတ်ရှည်ရမယ်၊ နင့်ကို ဖေဖော်ဝါရီလ (၁၄)ရက် ချစ်သူများနေ့မှာ ငါပြန်ပြီး အဖြေပေးဖို စဉ်းစားမယ်.."

"ယေး...အဲ့ဒီ့နေ့က ချစ်သူများနေ့ဆိုတော့ ချစ်သူတော်ခွင့်ပဲ မျှော်လင့်ရမယ့်သဘောပေါ့.. ၊ ဟို.. ကျော်ကြီးရူးခါသွားသလို ခံစားသွားရအောင်တော့ နင်မလုပ်လိုက်ပါနဲ့ဟာ..၊ တကယ် ငါစောင့်မျှော်နေမှာ "

လူကိုနော်လည်း အကြင်နာလမ်းကြောင်းဖွင့်ပေးသူက ဖွင့်ပေးနေသလို.. ကမ္ဘာဦးထံက အခွင့်အရေးကား နှစ်ခါမလာနိုင်တော့မည်ကို ရိပ်စားမိသည်နှင့် စောဒကတက်မနေနိုင်တော့ပါ။ မိမိရှေ့က တွေ့မြင်ဖူးထားသည့် သာဓကလိုမျိုး မကြုံရအောင်တော့ ကာကွယ်ပြောထားလိုက်သည်။ ပျော်ခွင့်အတွက် မျှော်လင့်ချက် အတော်အတန် အသင့်အနေအထား ရလဒ်ကောင်းလေပြီဟုလည်း တွေးတောမိလေ၏။ ထို့ကြောင့် မိမိအချစ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုကို ခေတ္တရပ်ဆိုင်း half-time လုပ်လိုက်ရ၏..။ အရိပ်လိုချင်လျှင် အခက်ပျိုးချိန်မှ စတင်စောင့်ဆိုင်းရပေမည်။ ညနက်လေ လထွက်လေ ဖြစ်ပါစေဟု ဆန္ဒပြုလိုက်၏။

"သြော်..ဒါနဲ့..ငါတွေ့တာကြာပြီ၊ ဟို.. နင့်..ခေါင်းပေါ်မှာ..."

ကမ္ဘာဦးက မျက်နှာတည်တည်ဖြင့် လူကိုနော်၏ ခေါင်းပေါ်သို့ လက်ညှိုးထိုးပြလာ၏။ လူကိုနော်လည်း အမှိုက်များကပ်နေရော့သလားဟု စမ်းကြည့်မိ၏။

သပ်ချကြည့်တော့လည်း ဘာမှကျလာတာမမြင်ရ။

သည်တော့မှ...ကမ္ဘာဦးက ပါးမို့မို့လေးကို တွန့်ကွေးသွားအောင်ပြုံးရင်း...

"ဆံပင်တွေလို့..."

"အယ်"

ကမ္ဘာဦးဆိုသည့် သူမကား ဤသို့..ချစ်စဖွယ်မျိုးလည်း အကြောင်ရိုက်တတ်သည်လေ။

"ဒါနဲ့.. နေအုန်းက နင်ချစ်တဲ့အကြောင်းတွေပြောပြထားတယ်ဟ၊ အဲ့အထဲမှာ နင်က ငါ့ကိုတကယ်ချစ်လို့.. စေ့စပ်ပွဲတခုတောင်ဖျက်သိမ်းထားတယ်ဆို"

"ဒါပေါ့.. ငါ့ဘဝမှာ နင်ကလွဲရင် သဲနဲ့ ဖွဲပဲလေ"

ပြောရင်း လူကိုနော်က ကမ္ဘာဦးကို မျက်မှန်အောက်ကနေ ဆံနွယ်မှ ခြေဖျား အထိ အန္တရာယ်မရှိစေလိုသော အနေအထားဖြင့် ရွှန်းရွှန်းစားစားကြည့်၏။ သည်တော့.. ကမ္ဘာဦးပဲလေ။ ခရမ်းချဉ်သီးအမှည့်ရောင်လို မျက်နှာလေးကနီပြီး ရှက်ကိုးရှက်ကန်းဖြစ်၍မသွား။

"ဘာကြည့်တာလဲ "

ငေါက်သလိုလိုပင် ဟောက်လိုက်သေး၏။

လူကိုနော်လည်း အရယ်တဝက်..အပြုံးတဝက်နှင့်..

"ဘာကြည့်တယ်ထင်လို့လဲ "

"နင့်ကို မော်ဒယ်ပြပွဲ ပထမဆုံး ရောက်ဖူးတဲ့သူများလားလို့"

ထို့နောက် လူကိုနော်က

"ကျောင်းဝင်းးအပြင်က westlife ကန်တင်းမှာ ငါတို့အုပ်စု ရှိတယ်ဟ၊ သူတို့ကို ထားခဲ့ပြီး..နင့်ကိုငါ တမင်လာရှာတာ၊ အဲ့ဒီ့ဆီကို..ပြန်သွားရအောင်လိုက်ခဲ့နော်"

"နင်..ငါ့ကို...ကြက်ချိုချဉ်ကျွေးမှာလား"

သံပုရာတဝက်.. ကြံသကာတဝက် ငုံထားသလို မျက်နှာမချိုမချဉ်နှင့် ကမ္ဘာဦးင အထွန့်တက်မေးသေးသည်။

"အေးပါဟာ..ကျွေးပါ့မယ်၊ ကြက်နဲ့ပတ်သက်ရင် ..နင့်အစွဲက တမျိုးနော်.."

"အေး...ကြက်ဆိုတဲ့အမျိုးက..တောကြက်၊ အိမ်ကြက်၊ ရေကြက်၊ မွေးမြူရေးကြက်ဆိုပြီး အစားစားရှိတာ..၊ အသားတိုး စီပီကြက်တို့ အဟာရဓာတ်ပိုပြီး ပြည့်စုံကြွယ်ဝတဲ့ တကိုယ်လုံးအနက်ရောင်နဲ့ ကြက်မဲဆိုတာလည်း ရှိသေးတယ်၊ ကြက်ဟာ..လူတွေရဲ့အစောဆုံး အိမ်မွေးတိရိစ္ဆာန်လည်းဖြစ်ခဲ့တယ်၊ သမားရိုးကျကြက်တွေအပြင်..လောင်းကစားအတွက် ခွပ်ဖို့သီးသန့်မွေးကြတယ်လို့ပြောရနိုင်တဲ့ တိုက်ကြက်ဆိုတာလည်းရှိသေးပ.."

"ဆိုပါဦး"

"တိုက်ကြက်ကောင်းရဲ့...လက္ခဏာက ဇွဲသတ္တိအရှိဆုံးလို့သတ်မှတ်ကြတယ်..၊ ရှေးကဆိုရင်..မင်းတို့အားစစ်ပြုရာတွင် တိုက်ကြက်ကဲ့သို့ ရဲရင့်ကြရမည်လို့ အဆိုအမိန့်တောင်ရှိသတဲ့..၊ ငါက..ကြက်သားကိုစားတာကြိုက်တတ်ရုံမကဘူး.. နင်..ကြက်တိုက်စားရင်တောင်..ငါက နည်းလမ်းပြပေးလို့ရတယ်..။ စာရေးဆရာကြီးသော်တာဆွေရဲ့ ကြက်ဋီကာ စာအုပ်တအုပ်လုံးတောင် အစအဆုံး ဖတ်ထားပြီးသား.."

"အေးပါ...တကယ်လို့ နင်ဆန္ဒရှိမယ်ဆိုရင် နင့်ကိုငါ ကြက်တိုက်ပြီးလည်း ရှာကျွေးပါ့မယ်"

"တကယ်ဆို နေအုန်းက ငါ့ကို ဝင်ရောပြီး နင့်အကြောင်းပြောကတည်းက နင်သာဖွင့်ပြောခဲ့ရင် ဘယ်လို ကြပ်ဖို့ အကွက်ရွှေ့ရမလဲလို့ တွေးခဲ့မိတာ..၊ အခုတောင် နင့်ကိုကြည့်ပြီး သနားလာမိလို့ဟယ်.."

သို့နှင့် လှေနှင့်လှော်တက်သဖွယ် တွဲလျက်သားထွက်ခဲ့ကြ၏။

ကမ္ဘာဦးနှင့် တူနှစ်ကိုယ်ယှဉ်တွဲလျှောက်လာရပြန်သဖြင့် လူကိုနော်၏ခြေလှမ်းတွေလည်း ပီတိလွှမ်းလျက် ရွှင်လန်းတက်ကြွနေလေသည်။

..............................................

ကျောင်းပရဝုဏ်ပြင်ပ နေရာတခုသို့အရောက်။
လက်တွန်းလှည်းနှင့်ရောင်းချသော ရေခဲမုန့်သည်ကို မြင်ကြ၏။ ထိုရှေ့တွင် ကမ္ဘာဦးက မတ်တပ်ရပ်လိုက်သည်။

အဆိုပါဆိုင်မျိုးသည် ရေခဲမုန့်ကို တခုချင်းရောင်းချခြင်းမဟုတ်။ ကံစမ်းသောစက်ဝိုင်းပြုလုပ်ထားသည်ကို လက်နှင့်လှည့်ရသည်။ တခါလှည့်တိုင်း သတ်မှတ်ကြေးရှိသည်။ ထောင်မတ်၍ ချိတ်တွယ်ထားသော သစ်သားပြားဝိုင်းတွင် အကွက်ငယ်များခွဲပြီး ကံစမ်းရရှိနိုင်သည့် ရေခဲမုန့်အရေအတွက်ကို ဂဏာန်းဖြင့်ရေးသားထားသည်။ စားသုံးမည့်သူက များများပိုရနိုင်မည့်အကွက်ကို မှန်းပြီးလှည့်ကြသည်။ ကမ္ဘာဦးအလှည့်တွင် ရေခဲမုန့် နှစ်ခုရရှိ၏။ လူကိုနော်ကို တခုပေးသည်။ ကျသင့်ငွေကိုတော့ လူကိုနော်ကပင် ယောကျ်ားလေးပီပီ ထုတ်ရှင်းပေးလိုက်သည်။ ကမ္ဘာဦးလှည့်ပေးသော ရေခဲမုန့်ကိုစားရင်း..

"လှည့်စားတယ်ဆိုတာ ဒါမျိုးမှကောင်းသေးတယ်..၊ အရသာလည်း ရှိပ.. "

လူကိုနော်က ကလိတိတိ မှတ်ချက်သံပြုသည်။
ကမ္ဘာဦးက မပွင့်တပွင့်ပြုံး၏။ ချစ်စဖွယ် မျက်စောင်းလေး လှမ်းထိုး၏။

ထို့နောက်..westlife ကန်တင်းဘက်ဆီ ဆက်လက်လျှောက်လှမ်းခဲ့ကြ၏။

ပြောမယ့်သာပြောတာပါ။
ကမ္ဘာဦးက မည်သို့ပင် လှည့်စား ပြုစား စမ်းပါစေ..၊
သူမအပေါ် လူကိုနော်၏ခံစားမှုကတော့ ကဗျာတပုဒ်လိုနူးညံ့နေပါသည်။

..............................................

ကိုယ်နဲ့ပတ်သက်

မျက်နှာကို တော်တော်တည် ထားသည်ကျောက်စာတိုင် ပမာFever Dreamယောက်ခမရတဲ့နေ့လွင့်မျောနှင်းစက်များကောင်းမြတ် (ခရာတော)အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာစာအုပ်ထုတ်ဝေခြင်း အနုပညာ ?❝ဈေးရောင်းခြင်း အနုပညာ❞

Unlock to read this premium article with 10 points.