ZyanLuYoe_စျာန်လူရိုး
အဲ့ဒီလိုပါပဲ ခင်ရေ။
ဘဝဟာ နူးညံ့တဲ့စိတ်တွေနဲ့ပတ်သက်ရင်
အကုန်လုံး ခက်ခဲကုန်တော့တာပေါ့ကွယ်။
ခပ်မှန်မှန်ခပ်တန်းတန်းအခြေအနေမှာ
ဘယ်အရာတွေက မှန်နေဦးမှာလဲ။
ဘယ်လိုအရာမျိုးတွေက မှန်နေမှာမို့လို့လဲ။
နေရာဒေသအားလုံး လွမ်းတဲ့စိတ်တွေနဲ့ဖုံးအုပ်ထားချင်ရဲ့။
စေတနာမှားတွေနဲ့၊ဝေဒနာတရားတွေအားလုံးကို
ငါဖြစ်ဖြစ်မြောက်မြောက် ကျူးလွန်မိပါတယ်ခင်။
ထိုက်တန်တဲ့နေရာဆိုတာ မထိုက်တန်တဲ့သူအတွက်
ငရဲအပိုတစ်ခန်းဖြစ်မယ်ဆိုတာ ငါယုံကြည်တယ်ခင်။
အချစ်ရဲ့သရုပ်ပြကွက်တိုင်းမှာပေါ့လေ ခင်
စိတ်ကူးယဥ်ခြင်းဟာ နိဒါန်းတစ်လက်ဖြစ်ပြီး
မျှော်လင့်ချက်ကိုဆက်ပြီးဆုပ်ကိုင်ထားတာဟာ နိဂုံးဖြစ်တယ်တဲ့။
ပြောပါရစေဦး ခင်ရေ။
တစ်ရက်၊တစ်လ၊တစ်နှစ်စာဖြစ်ဖြစ်
တစ်သက်၊တစ်ဘဝ၊တစ်သံသရာဖြစ်ဖြစ်
မလျော့သောစေတနာအချစ်မျိုးနဲ့ ချစ်နေနိုင်ပါတယ်။
ချစ်တယ်ဆိုတာ ငါလည်း အတိအကျ မသိပါဘူး။
ဒါပေမယ့်ပေါ့လေ ခင်ရယ်
ပစ်စိုက်မိတဲ့သံသယတိုင်းဟာ
ဘယ်ချက်ကောင်းကိုထိထိ၊ ဘယ်အသားမာကိုထိထိ
စိတ်မချတာတွေနဲ့အတူ နစ်ဝင်သွားတယ်ဆိုတာ ခင်ဘယ်သိခဲ့မလဲ။
ယောင်္ကျားရင့်မာတစ်ယောက် မငိုနိုင်တော့တဲ့အခြေအနေဟာ
ကင်ဆာထက်ပိုပြီးဆိုးတဲ့ရောဂါသည် လိုမျိုးပေါ့ခင်။
ဘယ်ပျားပဲလာနားနားပါကွယ်
ခင့်ဝတ်ရည်ပျို ချိုပါစေ။
ခင့်အဆင်းချင်း ဝင်းပါစေ။
ခင့်ရနံ့သန့် ပျံ့ပါစေ။
ခင့်အသံ လျှံပါစေ။
ခင့်အတွေး နွေးပါစေ။
ဒါမျှမက ဒါမျှမက ပေါ့ ခင်ရယ်။
ခေတ်မှီတယ်ဆိုတာ ခင်စီးတဲ့ပုံတော်ဖိနပ်ကို
ရုပ်ဆိုးဆိုးဒေါက်ဖိနပ်တွေနဲ့ ဝိုင်းထိုးဆိတ်ကြတာမျိုးလား။
ဆေးလိပ်ကောက်ခဲလိုက်တဲ့ ခင့် နှုတ်ခမ်းတွေဟာ
ခင်နဲ့ငါအတူသွားဖို့ခဏခဏတိုင်ပင်တဲ့နေရာကို
ငါတစ်ယောက်ထဲ သွားရသလိုပါပဲ။
ပျော်ရမလို တော်ရမလို။
ကြံရာမရတော့တဲ့အခါ
ခင်ရေ ငါ့ဆီ ပြေးလာလှည့်။
စိတ်တွေ မွန်းကြပ်နေတဲ့အခါ
ခင့်စိတ်ကို ငါ့ဆီပို့လှည့်။
ခင်ကျရှုံးတဲ့အခါ
ခင့် ချွေးစက်တွေ၊ခင့်သန်မာမှုတွေ ငါ့ကိုပြလှည့်။
ခင်ထွက်ပြေးမယ့် ခြေဦးတည့်ရာနေရာဒေသဟာ
ငါ့ဆီကိုသာဖြစ်ပါစေလေ ခင်ရေ။
ဆယ်ကျော်သက် ကလေးတစ်ယောက်လိုမျိုး
ငါဟာ ခင့်အသက်အရွယ်ကိုရောက်ချင်နေတယ်။
ခင့်ခန္ဓာ ၊ ခင့်ဝင်သက်ထွက်သက် အားလုံးဟာ
ငါ့အတွက် မျက်ရည်တွေ ဧဝရက်တောင်ထိပ်ကနေ
တစိမ့်စိမ့် ဆင်းနေစေခဲ့တယ်ခင်။
ငါတော့ဖြင့်
လွတ်မြောက်ခွင့်ရရင်ဖြစ်ဖြစ်
ပျံသန်းခွင့်ရှိရင်ဖြစ်ဖြစ်
ဖြတ်သန်းခွင့် ကြုံရင်ဖြစ်ဖြစ်
ခိုနားခွင့် ပေးသည်ဖြစ်ဖြစ်
ဘာဖြစ်ဖြစ်ပါခင်ရယ်။
ဘာပဲဖြစ်နေပါစေခင်ရယ်။
တစ်ရက်၊တစ်လ၊တစ်နှစ်စာဖြစ်ဖြစ်
တစ်သက်၊တစ်ဘဝ၊တစ်သံသရာဖြစ်ဖြစ်
မလျော့သောစေတနာအချစ်မျိုးနဲ့ ချစ်နေရမှာပေါ့ ခင်ရယ်။
ငိုရတာပေါ့ခင်ရယ်၊ငိုရမှာမို့ ခင်ရယ်။
စျာန်လူရိုး
27.Nov.2024
Keep Reading