Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

29/12/2024

ထန်းမြစ်ပေါ်ချိန်

5 mins read
ထန်းမြစ်ပေါ်ချိန်'s photo


​ဒီအချိန်ဆို ရွာမှာထန်းမြစ်တွေပေါ်တာကြာပြီပေါ့လေ။

​ထန်းမြစ်ဆိုတာ တကယ်တော့ ထန်းပင်ဖြစ်လာမယ့်အညွန့်အညှောက်ကလေးပေါ့။ ထန်းပင်မှာ အဖိုပင်နဲ့ အမပင်ဆိုပြီးနှစ်မျိုးရှိတယ်။ ထန်းဖိုပင်က အပွင့်ပွင့်တယ်၊ မသီးဘူး။ ထန်းမပင်က အသီးသီးတယ်၊ မပွင့်ဘူး။ ထန်းပွင့်များ မကြားဘူးပေါင်လို့ ပြောကြမယ်ထင်ရဲ့။ ဇွန်ပွင့်ထက်တောင် ထက်ဝက်လောက် သေးတဲ့ အရွယ်အစားနဲ့ ဝါဝါဝင်းဝင်းပွင့်ကြတာပါ။ ထန်းနို့ချောင်းတွေရဲ့ အကြေးခွံတွေကြားကနေ ထွက်လာတာပေါ့။ ထန်းဖိုတစ်ပင် ပွင့်ပြီဆိုရင် အပွင့်ကြွေချိန်မှာ သူ့အပင်ရင်း နနွင်းမှုန့်ဖြူးထားသလို၊ ပိတောက်ပွင့်ဖတ်တွေကြွေကျနေသလို ဝါဝင်းနေအောင် ပွင့်ကြကြွေကြတာ။

​ထန်းမပင်ကတော့ အသီးသီးတယ်။ ထန်းဖိုရော၊ ထန်းမရော လှီးလိုက်ရင်တော့ ထန်းရည် ထွက်တာ ပါပဲ။ ထန်းဖိုကနုတုန်းမှာ ထိပ်ကဖြတ်ပြီးလှီးလို့ရသလို ရင့်လာလို့ ထန်းနို့ထွက်ချိန်ကျမှ ထန်းနို့ချောင်းတွေကို နူးနေအောင်သစ်သားညှပ်နဲ့ညှပ်၊ ထန်းဖူးလျှော်နဲ့စုချည်ပြီး ပါးပါးလှီးလိုက်ရင်လည်း ထန်းရည် ထွက်တာပါပဲ။ ထန်းမပင်ကလည်း ဒီလိုပါပဲ။ ထန်းသီးနုနုလေးတွေသီးနေချိန်မှာ ထန်းသီးတစ်ခုနဲ့တစ်ခုကြား သံထန်းထု လေးနဲ့ အချက်လေးငါးဆယ်စီလောက်ထုပြီး နပ်နေအောင်နှပ်၊ ထန်းသီးခိုင်ထိပ်ကနေ ပါးပါးပါးပါး လှီးလိုက်တော့ ထန်းရည်ထွက်တာပါပဲ။ ဒါမှမဟုတ် ထန်းသီးရင့်ချိန်ကျမှ ထန်းထုနဲ့ထုနှက်ပြီး နပ်နေပြီဆိုမှ လှီးရင်လည်း ရတယ်။ ဒီလိုလုပ်ဖို့အချိန်နှောင်းသွားလို့ တွဲလွဲကျနေတဲ့ထန်းသီးခိုင်ကို ပင်စည်လုံးနဲ့ တအား လွှဲတိုက်ပြီး နူးနပ်နေချိန်မှာလှီးရင်လည်း ထန်းရည်ရတယ်။

​ထန်းမပင်က ထန်းသီးတွေမှည့်လာတော့ ထန်းပင်ပိုင်ရှင်တွေက ချိုင်ကြတာပေါ့။ ချိုင်တာက ထန်းရည်အတွက် ထန်းမတက်တဲ့အပင်တွေကိုပါ။ ထန်းသီးက မရင့်ခင်ချိုင်ချလိုက်ပြီး အခွံကိုနွားကျွေး၊ အတွင်းကထန်းသီးဆံမဖြစ်သေးတဲ့ အရည်ကို လူကစုပ်၊ ဒါလည်းအလုပ်ဖြစ်တာပါပဲ။ နည်းနည်းပိုရင့်ချိန် ကျမှ ချိုင်ချလိုက်ရင်လည်း ထန်းသီးဆံတော့ စားလို့ဖြစ်သေးတာပါပဲ။ အခွံကတော့ ပါးပါးလှီးပြီးနွားကျွေး ကြတာ။ မှည့်ခါနီးအချိန်ကျမှ ချိုင်ချလိုက်ရင်လည်း ထန်းသီးမှည့်ကို နွားကျွေးလို့ရသေးတာပါပဲ။ သူ့အလိုလိုကြွေကျလာတဲ့ ထန်းသီးတစ်လုံး လောလောလတ်လတ်ကို ထိပ်ကအခွံကလေးခွာပြီး ရဲရဲဝါဝါ အနှစ်ကလေးတွေယူစားကြည့်မယ်ဆိုရင်လည်း ချိုချိုမွှေးမွှေးနဲ့ အရသာတစ်မျိုးကောင်းတယ်။ အများကြီးတော့ မစားနိုင်ဘူးပေါ့လေ။ ဒီအနှစ်ကို မုန့်မှုန့်တို့၊ အုန်းသီးဆံတို့နဲ့ရောပြီး ထန်းသီးမုန့်လုပ်လိုက် ရင်တော့ အများကြီးစားနိုင်တဲ့အထိ ကောင်းသွားတာပေါ့။

​ထန်းပင်ရှိတဲ့သူတွေကတော့ ထန်းသီးတွေမှည့်ချိန်မှာ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ လူငှားနဲ့ အတက်ခိုင်းပြီးပဲ ဖြစ်ဖြစ် တစ်ပင်လုံးပြောင်အောင် ချိုင်ချပစ်လိုက်တယ်။ အခွံကိုနွားကျွေး၊ အတွင်းက ထန်းသီးစေ့ကိုတော့ နေလှန်းပြီးအခြောက်ခံထားလိုက်တယ်။ အိမ်ဝန်းထောင့်မှာ ထန်းသီးပုံကြီးကို ဟီးလို့ပေါ့။ ထန်းသီးအခွံချင်း တူပေမယ့် နွားတွေကတော့ နုတုန်းလှီးကျွေးတာကို ပိုစားကြတယ်။ လူကလည်း ထိုနည်းလည်းကောင်း ပဲလေ၊ ထန်းသီးဆံမဖြစ်ခင် အရည်စုပ်ရတာကို ပိုကြိုက်ကြတာပါပဲ။ ပိုသွားတာက ထန်းသီးစေ့ကိုပါ အညှောက်ဖောက်ပြီး ထန်းပင်မြစ်လုပ်စားလိုက်သေးတာပါပဲ။

​ထန်းပင်ရှိတဲ့အိမ်မှာလည်း ထန်းသီးပုံရှိတယ်။ ထန်းပင်မရှိတဲ့အိမ်မှာလည်း ထန်းသီးပုံရှိကြတယ်။ ကိုယ့်ထန်းတောမရှိပေမယ့် သူများထန်းတောထဲသွား၊ ကြွေကျလာတဲ့ထန်းသီးမှည့်ကိုကောက်၊ ဘယ်သူကမှ မကောက်ကြနဲ့ဟဲ့လို့ မတားပါဘူး။ ကျေးလက်တောရွာကတော့ ကြွေကျသွားတဲ့အသီးဆိုရင် အပင့်အရှင် တစ်ယောက်တည်းပိုင်တော့တာမဟုတ်ဘူးလို့ကို ယူဆထားလိုက်ကြတော့တာ။ ထန်းသီးမှမဟုတ်ဘူး၊ သရက်သီး၊ ပိန္နဲသီးလိုဟာမျိုးကအစ လေတိုက်လို့ပဲကြွေကြွေ၊ မှည့်လာလို့ပဲကြွေကြွေ၊ တွေ့တဲ့သူက ကောက်ယူသွား၊ ဒါခိုးတာမဟုတ်ဘူး။ သူ့ဓလေ့သူ့ထုံးစံအရကိုက လူတိုင်းကောက်ယူခွင့်ရှိနေကြတာ။

​မှတ်မိပါသေးရဲ့။ လေတွေမိုးတွေ တဝုန်းဝုန်းကျနေချိန်မျိုးမှာဆို ကိုယ့်တဲထဲကိုယ် ကုပ်ပြီး လေမိုး ခိုမနေနိုင်အားဘူး။ သရက်ပင်ကြီးတွေရှိတဲ့ဆီပြေးရတာ။ ဝူးဝူးဝေါဝေါနဲ့ လေတွေကြားမှာ ချိုးချိုးချွတ်ချွတ် သရက်ကိုင်းကျိုးသံပဲ့သံတွေကလည်းကြား၊ တဖုတ်ဖုတ်နဲ့ အသီးတွေကကြွေ၊ တစ်ခါတစ်လေ သရက်သီး စိမ်းက ကိုယ့်ခေါင်းပေါ်၊ ကိုယ့်ပုခုံးပေါ်ပြုတ်ကျ၊ နာတယ်ရယ်လို့လည်း မအောက်မေ့နိုင်ဘူး။ ကိုယ့်အပေါ် သရက်သီးကြွေကျလာတာကိုပဲ ပျော်နေရတဲ့ဘဝ။ လေကြွေနေတဲ့အချိန် အပင်ပိုင်ရှင်ရောက်လာပြီလား၊ ဒါလည်း ကိစ္စမရှိပါဘူး။ သူလည်းကောက်၊ ကိုယ်လည်းကောက်၊ သူလည်းရသလောက်ယူ၊ ကိုယ်လည်း ရသလောက် ယူရုံပါပဲ။ “ဒါငါ့အပင်၊ နင်မကောက်နဲ့”ဆိုတာမျိုး ဘယ်သူမှမပြောကြပါဘူး။

​ထန်းသီးမှည့်လည်း ဒီလိုပဲပေါ့။ ကြိုက်တဲ့ထန်းတောသွားပြီး အကြွေကောက်လို့ရတယ်။ ထန်းသီးမှည့် ကောက်ရတဲ့အလုပ်ကလည်း သိပ်တော့မလွယ်ဘူး။ သူ့ထက်ငါအလုအယက်ဆိုတော့ မနက်စောစော မှောင်တီမှောင်ဝါးကတည်းက ဓာတ်မီးတစ်လက်နဲ့ ဆိုင်းထမ်းမှာ ထန်းခေါက်တောင်းတစ်ဘက်စီ ထည့်ပြီး သွားရတာ။ တွေ့လိုက်ကောက်လိုက်နဲ့ အတော်လေးလည်းကြာရော တောင်းတွေကပြည့်၊ ထမ်းပိုးက ညွှတ်ပဲ့ ညွှတ်ပဲ့ဖြစ်၊ ခါးကကိုင်းလာရော။ ခေါင်းပေါ်များ ကြွေကျလိုက်ရင်တော့ မချောင်ဘူးရယ်။ တစ်ချို့ အရွယ်ကြီးတဲ့ထန်းသီးက ပြည်တောင်းလောက်ရှိတာလေ။ အလေးချိန်ကလည်း နည်းတာမဟုတ်ဘူး။ အဲ့သလို လေးလံတဲ့ထန်းသီးမှည့်တွေ တောင်းထဲပြည့်လာပြီဆိုရင်တော့ တွေ့တဲ့နေရာပုံထားခဲ့ပြီး နောက်ထပ်အသစ်လိုက်စုနေရုံပဲ။ သူများစုထားခဲ့တဲ့အပုံကို ဘယ်သူမှကောက်ထည့်မသွားဘူး။ သူ့စည်းနဲ့သူပဲ။ ကိုယ့်ထန်းတောက ကိုယ့်ထန်းပင်အောက်မှာတွေ့တဲ့အပုံဖြစ်ဉီးတော့ ဒါကိုယ်နဲ့မဆိုင်ဘူး၊ ကောက်တဲ့သူပဲပိုင်တယ်လို့ အလိုလို အသိအမှတ်ပြုထားကြပြီးသား။ ချစ်စရာဓလေ့ထုံးစံလေးတွေ။

​နေအတန်အသင့်မြင့်လာပြီဆိုတော့မှ စုထားတဲ့ထန်းသီးမှည့်လေးတွေ ကူသယ်ခေါက်သယ် ပြန်သယ်၊ အိမ်ပြန်ပို့။ အခါရာသီရောက်လာပြီဆိုတာ့မှ ထန်းမြစ်ပုံတဲ့ကုန်းအထိ လှည်းကလေးနဲ့သယ်၊ မြေကလေး ပေါက်ပြားနဲ့နည်းနည်းပါးပါးယက်ထုတ်၊ ထန်းသီးပုံ၊ အပေါ်ကနေမြေပြန်ဖို့။ ဒါ ထန်းမြစ်ပုံတဲ့ကိစ္စ ပြတ်ကရော။

​ရွာမှာတော့ ရွာသာထိပ်က ဆပ်ပြာကျင်းဘက်သွားပုံတာနဲ့ အရှေ့ချောင်းထဲသွားပုံတာဆိုပြီး နေရာ နှစ်ခုရှိတယ်။ ဆပ်ပြာကျင်းဘက်က ရေငန်၊ မြေငန်ဆိုတော့ ထွက်လာတဲ့ထန်းပင်မြစ်က စေးစေးပိုင်းပိုင်း၊ လေးလေးပင်ပင်ရှိတယ်။ အရွယ်အစားကတော့ အနေတော်လောက်ပေါ့။ အရောင်က ခပ်နီနီ။ အရှေ့ချောင်း ကတော့ သဲမြေဆိုတော့ ပေါက်လာတဲ့ထန်းမြစ်က ထွားထွားကျိုင်းကျိုင်း၊ ဖြူဖြူဖွေးဖွေး။ သူ့အရသာ ကတော့ နည်းနည်းပေါ့ချင်တယ်။ ဒါပေမဲ့ ဈေးကွက်က ဖြူဖြူထွားထွားကိုမှ ပိုသဘောကျကြတယ်။ အမြင်လှတာကိုး။

​ကိုယ့်အတွက်ကျတော့ သဲချောင်းမှာပုံရတာက ပုံရတာရော၊ နုတ်ရတာရော ပိုလွယ်တယ်။ အစလေး နည်းနည်းယက်ဖော်ပြီးရင် တရှောရှောနဲ့ ထိုင်နုတ်နေရုံပဲလေ။ ဆပ်ပြာကျင်းဘက်ကတော့ မြေနည်းနည်း ကြပ်ချင်တာပေါ့။ ရောင်းကောင်းလို့ဆိုပြီး ဆပ်ပြာကျင်းဘက်ကိုလည်း လွှတ်လို့မရဘူး။ သူက နည်းနည်း ပိုစေးတာ၊ ပိုလေးတာဆိုတော့လေ။
​ထန်းမြစ်တူးကြတဲ့အချိန်ဆို ဟိုနားအပုံကလည်းတူး၊ ဒီနားအပုံကလည်းတူး။ အိမ်ရှိလူကုန်နီးပါး လှည်းတစ်စီးနဲ့ထွက်လာ၊ နွားကလေးတွေ တော်တဲ့နေရာ ကြိုးနဲ့လှန်ထား။ လူတွေက တစ်ယောက်တစ်လက် တူးတဲ့သူကတူး၊ ဖြတ်တဲ့သူကဖြတ်၊ စည်းတဲ့သူကစည်း။ ထန်းမြစ်ကမြေကြီးထဲမှာဆိုတော့ တူးရတာပေါ့။ ထန်းမြစ်နဲ့ ထန်းစေ့မှုတ်(ထန်းသီးမှုတ်)နဲ့တွဲနေတာကို တံဇဉ်နဲ့ရိတ်ဖြတ်ပစ်ရတယ်။ ပြီးတော့ ထန်းကြောနဲ့ စုစည်းရတယ်။ တစ်ချို့ကလည်း ထန်းမြစ်ကို ဒီအတိုင်းတူးသယ်လာပြီး အိမ်ကျမှ ဖြတ်တာ၊ စည်းတာတွေ လုပ်ကြတာ။ ထန်းမြစ်တူးတဲ့နေ့ဆို နေရာက လွင်တီးခေါင်လိုဖြစ်နေတော့ လေကတဟူးဟူးတိုက်၊ ဘေးပတ်ဝန်းကျင်က စိမ့်စမ်းကလေးတွေရှိတော့ တိုက်လာတဲ့လေက အေးစိမ့်စိမ့်နဲ့ တစ်ခါတစ်ခါ ဖျားရော။ တူးတာကလည်း အပုံအရွယ်အစားအပေါ်မူတည်ပြီး တစ်ရက်နဲ့ မပြီးတာကများတယ်လေ။ တူးလိုက်၊ ရောင်းလိုက်ပေါ့။

​ထန်းမြစ်လေးတွေက မီးကျီးခဲရဲရဲမှာ ဖုတ်စားရင် အနံ့မွှေးသလို ရေလုံပြုတ်ပြီးစားတော့လည်း အရသာတစ်မျိုးရှိတာပါပဲ။ ဆောင်းရာသီ ချမ်းချမ်းစီးစီးဆိုတော့ တလင်းအလယ်မှာ မီးဖိုကလေးဖို၊ ထန်းလက်ခြောက်ကလေး၊ ထန်းစစ်ဖတ်ကလေးနဲ့ မီးညှိ၊ ရှားငုတ်တို၊ တမာငုတ်တိုလေးနဲ့ မီးကျီးရဲနေအောင် ထား၊ ပုဆိုးကလေးခြုံ၊ စောင်ကလေးခြုံ၊ မီးဖိုပတ်ပတ်လည်မှာ စကားပြောကြရင်း၊ မီးလှုံကြရင်း၊ ထန်းမြစ် ဖုတ်ကြရင်း၊ လူကြီးလည်းပါ၊ ကလေးလည်းပါ၊ ခွေးလည်းပါ မီးဖိုဘေးမှာ လူစုံတက်စုံပေါ့။ အနံ့ကလေး မွှေးလာတဲ့ထန်းမြစ်ဖုတ်ကလေးကို ခေါင်းကနေချိုး၊ အခွံခွာ၊ အဆစ်ကလေးတွေချိုး၊ အကြောအမျှင်လေးတွေ သင်ပြီး ပဲဆီကလေး၊ ဆားကလေးနဲ့ စားလိုက်တော့ သူ့ရာသီနဲ့သူ့အရသာ ဘာနဲ့မှတောင် မလဲနိုင်ဘူး ဆိုတာမျိုးပေါ့လေ။ ဖုတ်စား၊ ပြုတ်စားရုံမက ငရုတ်ဆုံမှာ ညက်ညက်ထောင်းပြီး အကြော်လို ကြော်စားရင်လည်း ကောင်းတာပါပဲ။ ထန်းမြစ်ပဲ စားလို့ရတာမဟုတ်သေးဘူးရယ်။ ထန်းသီးမှုတ်ထဲက ထန်းသီးဆံကလည်း အုန်းဆံခြည်ထွေးလိုဖြစ်နေလို့ ခွဲစားလို့ရသေးတယ်။

အိမ်မှာစားဖို့တင်မက ပေါပေါများများရကြတာဆိုတော့ ရေဉီးဘက်၊ ဒီပဲယင်းဘက်၊ စိုင်ပြင်ဘက်၊ မုံရွာဘက် တက်ရောင်းကြရတာ။ ကိုယ်တိုင်သွားမရောင်းနိုင်တဲ့သူက ရောင်းနိုင်တဲ့သူဆီ ဖောက်သယ်ဈေးနဲ့ အပ်ကြရတာပေါ့။ ထန်းပင်မြစ် စည်းတွေကို ဂုန်နီအိတ်အကြီးကြီးတွေထဲ စီထည့်၊ ချုပ်အပ်နဲ့ထိုးချုပ်ပြီး လာတဲ့ကားပေါ်တင်၊ ရောင်းမယ့် နေရာဆီ အရောက်ချီတက်ကြရတာပါပဲ။ တစ်စီးချင်း၊ နှစ်စီးချင်း ဝယ်ကြတာဆိုတော့ နေ့ချင်းပြန်ဆိုတာ ပြန်ရခဲပါတယ်။ ဟိုဘက်ကဖောက်သည်ဆီ တစ်ဆင့်သွင်းနိုင်မှ ရောက်ပြန်ပြန်ရတာ။ အများအားဖြင့်တော့ တစ်ညအိပ်၊ နှစ်ညအိပ်လောက်စောင့်ပြီး ထိုင်ရောင်းကြရတာ။ ထန်းပင်မြစ်ရောင်းလို့ရတဲ့ငွေလေးနဲ့ ဆန်ကလေးဘာလေးဝယ်၊ အနွေးထည်လေးဘာလေးဝယ်၊ ဒီလိုနဲ့ပဲ ပရိယေသနဝမ်းစာရေးအတွက် တစ်ဘက်တစ်လမ်းက ကြံကြဖန်ကြရတာပါပဲ။

​အညာမှာတော့ ထန်းပင်တစ်ပင်တည်းကကို လူတွေအတွက် အတော်အသုံးဝင်နေတယ်။ ထန်းရွက်နဲ့ အိမ်မိုးတယ်၊ ထန်းလျှော်နဲ့ အချင်တွေ၊ ထုပ်၊ လျောက်တွေ ချည်ရတုပ်ရတယ်။ ထန်းလက်ပြား ကုလားထိုင် တို့၊ စားပွဲတို့လုပ်ကြသေးတယ်။ ထန်းခေါက်တောင်းဆိုတာကတော့ အိမ်တိုင်းသုံးနေကျပစ္စည်းတစ်မျိုး။ ရေတို့ဘာတို့ထမ်းတော့ ထန်းလျှော်ဆိုင်းထမ်းကလေးနဲ့။ ခေါင်းပေါ်ဆောင်းထားတာက ထန်းဖူးခမောက်။ အိမ်ဆောက်တော့လည်း တစ်ချို့က ထန်းသားတိုင်တွေ၊ ထန်းသားတန်းတွေ၊ ထန်းသားကြမ်းခင်းတွေ သုံးတဲ့သူလည်းရှိကြတယ်။ ပြောရရင် ထန်းပင်တစ်မျိုးတည်းနဲ့ အိမ်တစ်လုံးဖြစ်အောင်ဆောက်နိုင်တဲ့ အနေအထားမျိုး။ အဆင့်မြင့်နည်းပညာတွေသုံးလာကြတော့ ထန်းသားဆက်တီခုံတွေဘာတွေတောင် လုပ်လာကြတယ်။ ဒါပေမဲ့ ဒါက သိပ်တော့အားမပေးသင့်ပါဘူး။ ထန်းပင်က တစ်ခါလှဲလိုက်ရင် အတက် ပြန်ပေါက်နိုင်တဲ့အမျိုးမဟုတ်တဲ့အပြင် အပင်တစ်ပင်ကြီးဖို့က နှစ်အစိတ်သုံးဆယ်လောက်စောင့်ရတာ ဆိုတော့လေ။ တကယ်ကိုမလိုအပ်တော့လို့ လှဲလိုက်ရတဲ့အပင်တွေကို ပရိဘောဂလုပ်တာကတော့ အားပေး ရမှာပေါ့။

​လူ့အသုံးအဆောင်တွေပေးနေရုံမက ထန်းရည်ရတယ်၊ ထန်းလျက်ရတယ်။ အသက်မွေး ဝမ်းကျောင်းဖို့အတွက်လည်း အထောက်အကူပြုပေးနေလိုက်သေးတယ်။ ထန်းပင်မြစ်ရောင်းစားလို့လည်း ရပြန်တယ်။ ထန်းသီးမုန့်ဆိုတာကလည်း လုပ်တတ်ရင် အဆင်ပြေသေးတယ်။ ရေစကြိုဘက်ဆို ထန်းသီးမုန့် နာမည်ကြီးတယ်။ ထန်းပင်ပေါ်ကရတဲ့ထန်းရည်ကို ထန်းလျက်ဖြစ်အောင် ချက်ပြန်တော့လည်း ထန်းလက် ပြားခြောက်ကို မီးဆိုက်နိုင်ပြန်တယ်။ အညာကျေးလက်မှာ အိမ်ဝန်းထရံဆိုတာလည်း ဒီထန်းလက်ပြားနဲ့ပဲ။ ခင်းထိုင်ကြတဲ့ဖျာဆိုတာလည်း ထန်းလျှော်နဲ့ပဲ။ အိမ်မှာထမင်းချက်တော့လည်း ထန်းသီးမှုတ်ခြောက်ကလေး ထည့်ဆိုက်လိုက်လို့ရသေးပြန်တယ်။

​နှင်းတွေတဖွဲဖွဲကြား၊ ရေခဲသေတ္တာထဲဝင်ထိုင်နေရသလိုအေးနေတဲ့ရာသီဉတုမျိုးနဲ့ ကြုံနေရတော့ အညာကျေးလက်က မီးဖိုကလေးဘေးမှာ ထန်းမြစ်ဖုတ်ကလေး အငွေ့တထောင်းထောင်းကို ဆီထဲနှစ်ပြီး မီးကလေးလှုံရင်းစားခဲ့ရတာလေးတွေကို ပြန်တမ်းတမိပါရဲ့။ ဒီအချိန်ဆို ရွာမှာထန်းမြစ်တွေပေါ်တာ ကြာပြီပေါ့လေ။





သိုက်စိုးထွန်း(နတ်ရွာ)

၂၉.၁၂.၂၀၂၁ ရက်နေ့ထုတ်
The Daily Eleven သတင်းစာ

Keep Reading