Tawtawti
အခန်း(၁၄)
ကမ္ဘာဦးရှိမည်ထင်သော နေရာတိုင်းကို လူကိုနော် သည်းသည်းမည်းမည်း လိုက်လံရှာဖွေနေပါသည်။
ကန်တင်းတန်း၊ စာသင်ခန်း...စသဖြင့် နေရာစုံအောင် လိုက်လံရှာကြည့်မိသည်။ မျက်မှန်တလက်နဲ့ မတွေ့-တွေ့အောင် ရှာဖွေနေမိသော်လည်း အရှာကောင်းပေမယ့် ရောက်သည့်နေရာတိုင်းမှာ အလာနှောင်းလေသည်လား မသိ။ ရှာဖွေလေ မတွေ့ရှိလေ ဖြစ်၍နေလေ၏။
တဖန် သူ့ဖုန်းကိုခေါ်ဆိုကြည့်တော့လည်း ဆင်သွယ်မှုဧရိယာပြင်ပသို့သာ ရောက်နေသည်။
"အင်း..စုန်းမတွေလို...ထမိန်ခြုံပြီး လင်းတများဖြစ်သွားလေသလား..၊ အဲ..ထိုင်ပြီးခြုံရင်တော်သေး.. မတ်တပ်ရပ်ခြုံရင်တော့ အပေါ်ပိုင်းနွေးပြီး..အောက်ပိုင်းအေးသွားတာ ဖြစ်နိုင်တယ်။ အို ...တကယ်တော့ မင်းကို စုန်းမဆိုတာထက်..ပရနိမ္မိတဝသဝတ္တီနတ်ပြည်က နတ်သမီးလေးနဲ့ပဲ နှိုင်းယှဉ်မိချင်တာပါကွယ်"
လူကိုနော် အတွေးတချို့ရစ်ပတ်လျက် ကံ့ကော်ဆောင် ဒုတိယအထပ်သို့ တက်လာခဲ့မိသည်။ ထိုစဥ် ရုတ်တရက် မျှော်လင့်နေသူကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။
"ဟိုက်...သူက...ဒီရောက်နေတာပါလား.."
ကံ့ကော်ရောင်ဝတ်စုံနှင့် ကမ္ဘာဦးသည် ကော်ရစ်တာလက်တန်းကိုကိုင်တာ အရှေ့ဘက်ကို မျက်နှာမူ၍ အပြင်ဘက်သို့ငေးနေသည်။ ကျောင်းဝန်းကျင်ဘေး လယ်ကွင်းပြင်များဆီမှ တိုက်ခတ်လာသော..ညှင်းသွဲ့ လေပြေအေးက သူမ၏နူးညံပျော့ပျောင်းသည့် ဆံနွယ်စတွေကို လွင့်မျောတိုးဝှေ့ ကျီစယ်လျက်ရှိ၏။ သူမ ကျောခိုင်းထားရာ အနီးသို့ သူခြေသံဖွဖွနှင့်ချဉ်းကပ်သွားမိ၏။ ပြီး.. လေသံဖွဖွဖြင့်လည်း..တိုးညင်သာစွာ တုန်တုန်ရင်ရင် ခေါ်လိုက်မိပြန်သည်။
"မေ..မေရီ"
သူမက မျက်နှာပေါ် ဝဲကျလာသည့် ပျော့ပျောင်းသွယ်လျ ကေသာဆံနွယ်စလေးများကို လက်နှင့်တချက်သပ်တင်လိုက်ပြီး..ဆတ်ခနဲ လည်ပြန်လှည့်ကြည့်လာသည်။
"နင်..နင်.. ဘာလဲ"
"ငါ ..ငါ.. ဒါပဲ..."
လူကိုနော်က..သူ့ဝဲဘက်ရင်အုံကို လက်နှင့်ပုတ်ပြကာ မဆိုင်းမတွ ပြန်ဖြေပြ၏။
"ဒါက..ဘာအထာလဲ "
"နင်က..ငါ့နှလုံးသားနန်းတော်မှာ ဧကရီမလေးအဖြစ် ထာဝရစံမြန်းနေတယ်ဆိုတဲ့အထာလေ..."
"ဒီအကြောင်းပြောဖို့ဆိုရင်တော့...နင်လှည့်ပြန်သင့်တယ်။ ဘာလို့လဲဆိုတော့ နင့်ကို ကျော်ကြီးလို မဟုတ်ဘဲ ကောင်းကောင်းမွန်မွန် အဖြေပေးချင်ရင်တောင်မှ ငါ့ဘဝကိုတောင် ငါမပိုင်တဲ့ဘဝ ဖြစ်နေရလို့ပဲ"
"ဟင်း ..ဘာတွေများ အကြပ်ရိုက်နေရလို့လဲဟာ"
"ငါက..သူတပါးအပေါ်...ပရိယာယ်ဆင်ပြီး အပီတွယ်တတ် ကျီစယ်တတ်ပေမယ့် ကိုယ့်မိဘကိုတော့ ညာတာပါတေးတောင် မရိုက်ရဲခဲ့ဖူးဘူး၊ စိတ်ချမ်းသာအောင်လည်း သူတို့ဆန္ဒဆိုရင် ဖြည့်စည်းပေးခဲ့တယ်၊ အခုလည်း..သူတို့စီစဉ်မှုတခုကို လိုက်လျောပါ့မယ်လို့ ကတိပေးထားမိလို့ဟာ.."
"နင်ကလဲ..ဘာကတိတွေနဲ့..ဘယ်လိုမျိုး သဘောတူထားမိလို့လဲဟ.."
"ငါ့မိဘတွေရဲ့ စီစဉ်ထားမှုပါ..။ မကြာခင် လူတယောက်နဲ့ငါ..စေ့စပ်ရတော့မယ်လေ..။ ငါ..သူ့ကို နှစ်သက်သည်ဖြစ်စေ..၊ မနှစ်သက်သည်ဖြစ်စေ..၊ အဲ့ဒီ့လူကို ငါ လက်ထပ်ရလိမ့်မယ်..။ သူ့မိဘဘက်က ကမ်းလှမ်းလာတာကို ငါ့မိဘဘက်က သဘောတူ လက်ခံလိုက်တယ်...၊ ဒါကလည်း ဘာကြောင့်ဆိုရင်......"
"အင်း..ဆိုပါဦး"
"တဖက်က ငါတို့ထက်လည်း ဓနအင်အားနဲ့ အရှိန်အဝါတောင့်တင်းတယ်လေ..၊ ငါတို့မိသားစုအပေါ်ကိုလည်း အဖက်ဖက်ကကျေးဇူးမကင်းပြန်ဘူး..၊ ဒါကြောင့် ငြင်းဆန်ဖို့ကလည်း မသင့်တော်..၊ ဆန့်ကျင်လို့ကလည်းမရ.. အားလုံးအခက်ကြုံနေတာပေါ့..။ ငါ့မှာကိုယ်ပိုင်ဘာမှ ရွေးချယ်ခွင့်လည်းမရှိပြန်ဘူး..၊ တကယ်တော့.. ငါလည်း လွတ်လွတ်လပ်လပ် နေချင်သေးတာပါ..၊ အဲဒီ့ ပြဿနာတွေနဲ့ အမြဲ စိတ်ညစ်နေရပြီး.. ဒီမှာ တယောက်တည်း တိတ်တဆိတ်တွေးရင်း လာထိုင်နေတာ..။ ငါ့ဖုန်းကိုတောင် ဘယ်သူမှ ဆက်သွယ်လို့မရအောင် အဲပလိန်းမုဒ် ထည့်ထားတာလေ.."
ကမ္ဘာဦးပြောလာသမျှ..ဝေါဟာရစကားလုံးများကို လူကိုနော်တယောက် ထောင်နေတဲ့နားနဲ့ နားထောင်ရင်း ဘဝင်မကျတကျ ဖြစ်သွား၏။
"ဟူး...လူ့ဘဝဆိုတာ..ရခဲတယ်..တိုတောင်းတယ် တဲ့ဟ..၊ ရှင်သန်ခွင့်ရတုန်း အခိုက်တန့်လေးမှာ ..ပကာသန ငွေကြေး ဥစ္စာဓနတွေရဲ့ လွှမ်းမိုးခံရမှုထက်.. လူသားချင်း တဦးနဲ့တဦး မေတ္တတရားနဲ့ စိတ်ချမ်းမြေ့ပျော်ရွှင်ရခြင်းကိုသာ..အလေးထားသင့်ကြတာပါ..။ အချစ်လည်း မပါ..နှလုံးသားလည်း မပါ.. ကိုယ့်သဘောထားလည်း မပါဘဲ.. မချစ်မနှစ်သက်သောသူနဲ့ ပေါင်းဖက်ရခြင်းကလည်း ဒုက္ခတခုပါပဲလေ"
"အင်း...မိဘတွေရဲ့သြဇာကလည်း လွန်ဆန်ဖို့ခက်တယ်လေ"
"စည်းစိမ်ဥစ္စာတွေကြောင့် ကိုယ်မနှစ်မျို့အရာတွေနဲ့ ကိုယ့်ဘဝ..ကိုယ့်ဆန္ဒဖြစ်တည်လိုမှုကို တသက်လုံးလဲလှယ်သွားရမှာ ထိုက်တန်ပါ့မလား..။ ကိုယ့်မျှော်လင့်ချက်တွေကို ကျေးဇူးတရားဆိုတာနဲ့ ထိန်းချုပ်ခံနေရမှာကော မှန်ကန်ရဲ့လားဟာ.."
"ဒီအခြေအနေရှိထားလို့ နင့်ကိုငါ အစောကတည်းကကြိုတားမြစ်ခဲ့...ကြိုငြင်းဆန်ခဲ့တာပဲလေ"
"လူတိုင်းက သူတဖက်သားအပေါ် ပြုဖူးတဲ့ ကိုယ့်မေတ္တာ စေတနာမှန်ရင်..ဒီ့အတွက် ကိုယ်ဖြစ်စေချင်သလို ပြန်ပြီးပေးဆပ်ရမယ်ဆိုတဲ့အကျိုးကို တဖန်မကြည့်ရဘူးလေ"
"အင်း"
"စိတ်အရင်းခံ သန့်သန့်စင်စင်နဲ့ပဲ တဖက်ကို ကိုယ်ချင်းစာ ညှာတာတတ်ရမှာပေါ့ ၊ ခံစားစိတ်ရှိတဲ့လူတွေပဲ ၊ ပြုမူချင်သလို ပြုမူလို့ရမယ့် သက်မဲ့ပစ္စည်းတွေမှမဟုတ်တာ"
လူကိုနော့်မှာ ဝမ်နည်းသွားသလို တုံ့ပြန်ချေပမိ၏။
ကမ္ဘာဦးခမျာ ဘာမှထပ်မပြောတော့ဘဲ နှုတ်ဆိတ် မြုံနေသည်။
"ဒါနဲ့...နင်နဲ့စေ့စပ်ရမယ့်သူက..ဘယ်သူလဲ၊ နာမည်လေးတောင် တစွန်းတစ သိခွင့်မရှိဘူးလားဟာ.."
တိုးလျော့အားဖျော့စွာ မေးမိပြန်သည်။ သည်တော့ ကမ္ဘာဦးက
"နေအုန်း"
"ဘာလို့လဲဟ...ခုပြောပြလို့မရဘူးလား"
"ဟဲ့ .. နင့်ကို နေအုန်း..လို့ တားမြစ်နေတာ မဟုတ်ဘူး..၊ သူ့နာမည်ကိုက နေအုန်း.. ၊ ငါနဲ့ခြံချင်းကပ် အိမ်နီးချင်းပဲ၊ နင်နဲ့တောင်သိပါတယ်လေ.. "
ထိုသို့ဆိုလာတော့မှ..လူကိုနော်ခမျာလည်း..ကမ္ဘာဦးက ရင်ချင်းကပ် နှလုံးသားချင်း နီးစပ်ဖို့အတွက် အရေးကောင်း..ဒိန်းဒေါင်းဖျက်လို့မရနိုင်ဆိုသလို တွေးမိသွားပြီး ဝမ်းသာအူမြူးသွားမိ၏။
"အေး...သူနဲ့ငါက ရင်းနှီးပြီးသားပါ.. ၊ ငါတွေးမိတာ တခုတော့ရှိတယ်..၊ ဒီကိစ္စမှာ နေအုန်း ဘာမှမသိသေးဘဲ သူ့မိဘတွေ ကြိတ်စီမံပုံရလိမ့်မယ်..၊ သူသာသိရင် ဒီကိစ္စကို လက်မခံလောက်ဘူး..၊ သူ့မှာ သူနဲ့တကျောင်းတည်းတက်နေတဲ့ ပီဇာဆိုတဲ့ သူ့ချစ်သူ ရှိတယ်ဟ..၊ ငါလည်း သူနဲ့နင်တို့ကိစ္စကို ငြင်းပယ်ပေးဖို့ ကြားကနေ တိုက်တွန်းပါဦးမယ်..။ သူ့ဘက်ကသာ မပါဝင်ဘူးဆိုရင် နင်လည်းအပြစ်လွတ်..၊ပြီးတော့ သူနဲ့နောက်ထပ် ပတ်သက်စရာမလိုတော့ဘူးပေါ့ဟ.."
"ဒါပေမယ့်..အခုကိစ္စက..နေအုန်း စနက်ဟ၊ သူက ငါ့ကိုချစ်နေပါပြီဆိုပြီး သူ့မိဘတွေကို စေ့စပ်တောင်းရမ်းခိုင်းတာတဲ့..၊ သူနဲ့ငါက အရင်ကတည်းက မျက်နှာကြောမတည့်ကြဘူးလေ..၊ အဲ့ဒီ့ပြဿနာကြောင့်ဘဲ လက်စားချေဖို့ ကြံစည်တာများလားဆိုပြီး ငါလည်းတွေးမရ ဖြစ်နေတာ..။ စိတ်ရှုပ်ပါတယ်ဟာ.. လူ့စိတ်ဆိုတာကဆန်းကြယ်တယ် ..ဗလောင်းဗလဲနဲ့ .. အပြောင်းလဲမြန်တယ်..။ ငါ့မှာ အံ့သြရလွန်းလို့ ဟိုဖက်ကမ်းတောင် ကျော်လွန်နေပြီ..."
"အာ.. ဒါဆိုရင် ဒီလူက လှေနံနှစ်ဖက် ခွနင်းချင်နေတာများလား..၊ ဒါဆို..ဒီလူ.. ပေါင်ကားတော့မှာဘဲ..၊ အဲလေ..ဒါနဲ့...သူကတဆင့်.. ငါကနင့်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင်း အောင်သွယ်ခိုင်းထားတာကိုရော..နင့်ဆီကိုသူ တခါမှ အရိပ်အမြွတ် လာပြောမပြဘူးလား.."
"ဟင့်အင်း..၊ သိတောင် မသိပါဘူး၊ ပြီးတော့.. သူ့ကို ငါကလည်း ဘယ်လိုမှ ကြိုက်လို့မရပါဘူးဟာ..၊ စဉ်းစားလို့တောင် မရဘူး..၊ အဲဒါ နင်ပဲ ပွဲဖျက်ဖို့ သူ့ကို ဖိအားပေးကြည့်ပေးပါလား။ သူ့မှာစော်ရှိလျက်တန်းလန်းကြီးနဲ့ ငါကို စေ့စပ်ရယူဖို့ကြိုးစားတယ်ဆိုတော့ ဒီလူဘယ်တရားပါ့မလဲ..၊ ငါ့မှာတော့ အဲ့ဒီ့ ပီဇာဆိုတဲ့ကောင်မလေးကိုပါ အသားလွတ် မျက်နှာပူရဦးမယ်ဟာ.."
"အင်း ဟုတ်ပြီ..၊ ဒါဆို ငါ..နေအုန်းကို အခုချက်ချင်း ဖုန်းဆက်ပြီး ကောမယ်.."
လူကိုနော်က ပြောပြောဆိုဆို စိတ်ဆိုးမာန်ဆိုးဖြင့် နေအုန်းကို ဖုန်းခေါ်လိုက်၏။ သို့်သော်.. အကြိမ်ရေများစွာ ခေါ်ဆိုသည့်တိုင် နေအုန်းဘက်မှ လုံးဝဖုန်းမကိုင်ပါ၊
ထို့ကြောင့် ပီဇာ့ဆီက အကျိုးအကြောင်းတစုံတရာသိရမည်အထင်နှင့်လည်း သူမထံသို့ ဖုန်းဆက်ကြည့်မိပြန်သည်။
ပီဇာကလည်း ဖုန်းမကိုင်ပြန်ချေ။
မည်သည့်တုံ့ပြန်မှု တခုမှ မရရှိသည့်နောက် လူကိုနော်မှာ သည်းညည်းမခံနိုင်.. စိတ်မရှည်နိုင်တော့ပေ။
"ငါ နေအုန်းနဲ့ ချက်ချင်းသွားတွေ့မယ်..။ ငါက..အခုဆိုအခု.. ဥဆိုဥပဲ..၊ အဲလေ.. ဒီကိစ္စ မြန်မြန်ရှင်းထားမှ ဖြစ်မယ်..။ နင်လည်း စိတ်အေးအေးထားနေပါ..၊ သူ့မိဘတွေနဲ့လည်း ငါရင်းရင်းနှီးနှီး သိပါတယ်..၊ ငါ့မိဘတွေနဲ့ စီးပွားဘက်ချင်းမို့ အကျွမ်းတဝင်ရှိပြီးသားပါ.."
လူကိုနော်လည်း ဟီးရိုးဝင်လုပ်ရတော့မည့်ပုံစံဖြင့် စတိုင်အပြည့် .. မလိုင်အပြည့်.. ဂိုက်အပြည့် ဖမ်းထားလိုက်သည်။
.......................... ..... .... .... ...
အခန်း (၁၅)
နေ့လယ်နှောင်းပိုင်း နေအပူရှိန်သည် လူကိုနော်၏ ရင်ထဲကအပူကို အံတုယှဉ်ပြိုင်၍ မရနိုင်ချေ..။ မျက်မှန်တကားကားနှင့်ပင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ထဲသို့ ရောက်ရှိလာခဲ့ပြန်လေ၏။
နေအုန်းကို သူ၏စာသင်ခန်း၌ပင် အခန့်သင့်တွေ့သည်။ အပြင်သို့ အရိပ်ယောင်ပြခေါ်ထုတ်လာခဲ့၏။ သည်တွင် နေအုန်းနှင့်အတူရှိနေသည့် ပီဇာကလည်း လိုက်ပါလာသည်။
ပြောပြထားသော ဖြစ်စဉ်ကို နှစ်ဦးသာ မျက်နှာချင်းဆိုင်ရင်း သတင်းအမှန်နှိုက်မိ၏။ ထိုအခါ..နေအုန်းခမျာ တွင်တွင်ငြင်းတော့သည်။
"သူ့ကိုမင်း ချစ်နေကြောင်းပဲ သာသာထိုးထိုးလေးတောင် ငါဘေးတီးပေးခဲ့တာသာ ရှိတာပါကွာ..၊ သူနဲ့ငါ..အခြားဘာအကန့်မှ မရှိပါဘူး..၊ မင်းဆီက ဖုန်းမကိုင်တာကလည်း အတန်းတက်နေချိန်မို့ ဖုန်းကို ဆိုင်းလင့် ထိုးထားလို့ မသိလိုက်တာကြောင့်ပါ၊ အခုတင်တွေ့လို့ ပြန်ခေါ်မလို့ပြင်နေတုန်း မင်းရောက်လာတာပဲ.. "
ကြားကနေ ပီဇာကလည်း..
"အေးဟ၊ ငါလည်း အတန်းချိန်တက်နေရလို့ ဖုန်းကို ဆိုင်းလင့်လုပ်ထားတာ"
ဟု ဝင်ပြော၏။
"အေ..ဟေ.."
"မင်းကိုအထင်လွဲအောင် ငါနဲ့စကားများဖို့ ပွဲဆိုင်ပေးလိုက်တာပဲနေမယ်..၊ သူက ဒီလိုဂျောက်ချတဲ့နေရာမှာ ဆရာကြီးဘဲ..၊ သရုပ်ဆောင်သိပ်တော်တာက သူ့နဂို အော်ရီဂျင်နယ် အကျင့်စရိုက်အတိုင်း အော်စကာရှော့ခ်လေ..၊ ဇာတ်လမ်း.. ဇာတ်ကွက် လည်း အပီပြင်ဖန်တီးတတ်တာကိုး.. အဟဲ.."
နေအုန်းက.. ရယ်ရယ်မောမော အကျိုးအကြောင်း ဖြေရှင်းပြ..၊ ပြဿနာကို စနစ်တကျ ထောက်ပြမှသာလျှင်..လူကိုနော်လည်း ကမ္ဘာဦးနဲ့သူ ဟိုး..အစ အတိတ်ကို ပြန်စဉ်းစားမိသွား၏။ စိတ်ဆိုးလည်းပြေသွားရသည်။
"တကယ်နော်..နေအုန်း၊ ငါ့ကို..မနာလိုစိတ်ဖြစ်အောင် မွေးမြူမပေးတာတော့ သေချာပါရဲ့နော်..အဟဲ.."
"အာ..မနာလိုစိတ်ဝင်အောင် လုပ်တာက မေရီကွ..၊ သူက နာလိုရင်လည်း မင်းက တုတ်နဲ့ရိုက်တောင် တင်းခံမယ့်သူမျိုးပဲ..၊ ခုတောင်..မင်းက ..ကျားပါဆို နှုတ်ခမ်းမွှေးနဲ့လားလို့ မယုံတဝက် ပြန်မေးနေသေး.."
နေအုန်းက သူမလွဲမမှားပုံနှင့် အသဲယာသွားသကဲ့သို့ ထပ်ပြောလေသည်။ လူကိုနော်မှာလည်း အမှတ်မရှိ ရှက်သောအသိနှင့်သာ မချိသွားဖြဲပြရင်း...
"အေးပါကွာ..ငါ့ကိုခွင့်လွှတ်ပါ..၊ ငါက ချစ်တာကိုး..."
..............................................
အမှုတကာ အမှုထဲမှာ
မယုံကြည်မှုက
ရှင်းဖို့မလွယ်ဆုံးပဲ
အကြည့်တကာ အကြည့်ထဲမှာ
အပေါ်ယံကြည့်တာ
ခံရအခက်အဆုံးပဲ
အလွဲတကာ အလွဲထဲမှာ
အထင်လွဲတာ
အဆိုးဆုံးပဲ
..............................................
Keep Reading