Tawtawti
အခန်း (၁၁)
သော်တာဝတ်ဆံသည် ကြယ်စင်ပွင့်ဖတ်တို့ ခြံရံကာ ကမ္ဘာမြေအတွက် အလင်းရနံ့ဖျဖျကို ဖြန့်ဝေပေးနေသည်။
ရွှေပြည်သာမြို့လေးအတွင်း "အောက်ဂိတ်" အမည်ရှိလမ်းဆုံနေရာမှ ရွှေပြည်ပိုင် ကဖေးဆိုင်လေး၏ ညထောင့်ဝိုင်းတွင် ကော်ဖီတခွက်နှင့်အတူ လူကိုနော် အတွေးလွင့်မျောနေသည်။ ထိုစဉ်...နောက်ကျ ရောက်ရှိလာသူက..အမ်ဒီးတန်။
''မင်းကိုစောင့်ရတာ..ကြာလိုက်တာကွာ..''
"ဆွဲကြိုးချသေတယ်ဆိုလို့ သွားကြည့်နေတာကွ"
"ဟေ..ဘယ်သူလဲ၊ ဘယ်နားမှာလဲဟ"
"သေတဲ့သူက အနားမှာ ဆွဲကြိုးလည်းချမထားပါဘူးကွာ..အဟဲ..၊ ထားပါလေ..ငါနဲလည်းမသိရေးချ မသိပါဘူး..အဟီး.."
"အာ..မင်းကလည်း နောက်သလို...ဂေါက်သလိုနဲ့"
"အေး..အဲ့ဒါပေါ့ လူဆိုတာ သူများအကြောင်းထက် ကိုယ့်အကြောင်းကိုယ်သိတာ ပိုကောင်းတယ်တဲ့ကွ ၊ ခု ငါ့မှာ ဘိုင်ပြတ်လို့ ကွိုင်တက်နေတယ်ကွာ..၊ အိတ်ကပ်ဆိုတဲ့အတိုင်း ငါ့အိတ်ကလည်း ချပ်ပြီးကပ်နေတော့တာပဲ ၊ မွဲချက်က ပဲဝက်တောင်မချမ်းသာတော့ဘူးဟ၊ ကဲ ကိုယ့်လူ ဒိီနေ့.. ကော်ဖီလေးတခွက်တော့ တိုက်ပေရော့"
"ဒါများ.. ငါ့မရှိလည်း မင်းတိုက်နေကျ ... မင်းမရှိလည်း ငါတိုက်နေကျဥစ္စာ..၊ လျှာကို စကားလုံးတွေ အလင်္ကာတွေနဲ့ တန်ဆာဆင်နေရသေးတယ်၊ ဘာဖြစ်မှာမို့လို့လဲ.. သောက်ပေါ့ကွာ.. "
အမ်ဒီးတန်က ကော်ဖီတခွက်ကို လှမ်းမှာသည်။
လူကိုနော်က
"ငါ..ပြောစရာရှိတယ်ကွ၊ ပီဇာကတော့ ချစ်သူရထားတယ်ကွ"
"တမြို့တည်းသားချင်းမို့ သိပေ
မယ့်..အဟဲ.. ငါနဲ့မဟုတ်တာတော့သေချာတယ်။ ဧကန္တမင်းနဲ့လား၊ မနက်က သူနဲ့မင်း လိုက်သွားတာ ငါလှမ်းတွေ့လိုက်ပါသေးတယ်"
"အာ..သူက နဖူးစာ ကျောင်းလည်ပြီးသား၊ စီးပွားရေးတက္ကသိုလ်က တယောက်နဲ့ငြိနေတာဟ..၊ အဲ့ဒီ့လူနဲ့ ငါနဲ့လည်းခင်ပါတယ်၊ အနေအထား မဆိုးပါဘူးကွာ၊ သူက မေရီတို့မြို့ကပဲ၊ ဒါကြောင့်မို့..လိုက်တွေ့တာ၊ မင်းကို..အသိမပေးမိရသေးလို့"
"သြော်.."
"မင်းတင်မကဘူး.. အခြားသူငယ်ချင်းတွေကိုလည်း မပြောပြဖြစ်တာတွေ ရှိသေးတယ်၊ ပီဇာ့ချစ်သူနဲ့ငါ..စသိကြတာကလည်း.. အဲ.. မေရီ့ကြောင့်ဘဲကွ၊ သူ့ကို မင်းတို့ထက် ငါကအရင်ဆုံဖူးခဲ့တာ..၊ မင်း ကွန်ပျူတာသင်တန်းသွားတဲ့နေ့ကပေါ့.. အိမ်ကခိုင်းလိုက်တဲ့ အလုပ်ကိစ္စတခုနဲ့ မှော်ဘီက သူ့အိမ်ဘက်ကို ငါမမျှော်လင့်ဘဲနဲ့ ရောက်သွားခဲ့ဘူးတယ်"
"သြော်..."
"စတွေ့ချိန်ထဲက မေရီဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးပဲကွ..၊ ဒီအတိတ်မြို့ဟောင်းကို..ပြီးမှ ငါပြန်တူးဆွပြပါ့မယ်၊ ခွီး.. ဒီကြားထဲ ပြဿနာက.. ပီဇာနဲ့ငါ့ကို လူကြီးချင်းစေ့စပ်ပေးမယ်လုပ်နေလို့ မနည်းဖျက်လိုက်ကြရသေးတယ်၊ ငါလည်း မုန့်ကြိုးလိမ်ကြား..သကြားမညပ်ချင်ဘူးလေ..၊ ပြီးတော့..ငါကိုယ်တိုင်ကလည်း မေရီကိုမှ မေရီဘဲ .. ရင်ထဲက တကယ်ကြွေသွားခဲ့ပြီးပြီလေကွာ"
ထို့နောက်..စကားဦးသန်းပြီးခဲ့ပြီဖြစ်သော လူကိုနော်က ဖြစ်သမျှဇာတ်ကြောင်း အကုန်အစင်အား အင်းလျားကန်စောင်းတွင်မဟုတ်ဘဲ လက်ဖက်ရည်ဆိုင်ထဲ၌ပင် ပြည့်စုံအောင် ပြောပြနေလေသည်။ မျှစ်စို့ကနေ စက္ကူဖြစ်လာသည်အထိ ရှည်လျားစွာ ရှင်းပြရခြင်းပင်တည်း။
အမ်ဒီးတန်လည်း စာပွဲထိုးလေးလာချသည့် ကော်ဖီကို အရသာခံရင်း စိတ်ပါဝင်စားစွာ
နားထောင်နေလေသည်။
ဒါပဲလေ..ဘာပြောပြော ဘာတိုင်ပင်ပင်..သူတို့နှစ်ဦးကား ပြောမနာ ဆိုမနာ ဆိုးတူကောင်းဘက် ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေကိုး။
သူငယ်ချင်းတွေဆို၍ ... သူတို့အပေါင်းအသင်းများမှာ စိုင်းဟန်မိန်းက တိုက်ကြီး၊ ခြိမ့်ဒီသွေးက ဥက္ကံ၊ နေခေတ်လင်းက သုံးဆယ်.. စသည် မနီးမဝေး တမြို့ခြားစီတွင် နေထိုင်ကြသူများသာ ဖြစ်ကြလေသည်။
သူတို့အားလုံးမှာ ကိုယ့်မြို့နယ်ကိုယ်စီမှ သက်ဆိုင်ရာ ကျောင်းဖယ်ရီကားများကိုစီးကာ တက္ကသိုလ်ပညာကို လာရောက်ဆည်းပူးသင်ယူနေကြခြင်းဖြစ်၏။ ကျောင်းရောက်မှဘဲ လူစုံတက်စုံ လူချင်းဆုံတွေ့ဖြစ်ကြလေသည်။
"မင်းက ပီဇာ့ကိုပါမငြင်းဘဲ.. မေရီကိုလည်း ထပ်လိုက်ရမှာကွ၊ ငါးရံ့ကိုယ်လုံးလေးနှစ်ကောင်ကို အချစ်ကွန်ယက်ထဲ ထောင်ဖမ်းသလိုပေါ့ကွာ၊ ယောကျ်ားကောင်းတော့...မောင်းမထုတ်နိုင်..အဲ..မောင်းမတထောင် ဆိုသကိုး"
အမ်ဒီးတန်က ရွှတ်နောက်နောက်ပင် အထူးအကြံကောင်းပင်ပြုသေး၏။
"ပြီးတော့...ပီဇာကလည်း နေအုန်းနဲ့လည်း အတွဲမပျက်၊ မင်းနဲ့လည်း ချိတ်ဆက်နေလို့ရတာပဲ၊ ရည်းစားတထောင်..လင်ကောင်မပေါ်..အဲ..လင်ကောင်တယောက်လို့ ဆိုရိုးရှိတယ်မို့လား .. အဟဲ"
"မင်းကလည်း..သစ္စာတရားဆိုတာ..မှန်မှန် ကန်ကန် ရပ်တည်တာပဲကွ..၊ ဆိတ်ကွယ်ရာမှာ လွတ်လပ်မှုကအစ..မဖောက်ပြန်တာကိုက မိမိကိုယ်ကျင့်တရားကို တန်ဖိုးထားခြင်းပဲကွ..၊ သစ္စာရှိမှ အခက်အခဲနဲ့ကြုံရင် ယုံကြည်နိုင်မယ်၊ တိုင်တည်နိုင်မယ်၊ ဖြတ်သန်းကျော်လွှားနိုင်မယ်၊ ဘဝသိက္ခာရှိမယ်လေ.."
"အံမယ်.. မင်းက ကိုယ်ကျင့်အဘိဓမ္မာအပြည့်နဲ့ပါလားဟ၊ ပီဇာ့ကို စွန့်လွှတ်ပြီး မေရီ့ဘက်ကိုပဲ တိမ်းညွတ်နေတာဟာ..ဦးထုပ်ဆောင်းပေးမယ့်သူသွားရင် ထီးမိုးပေးမယ့်သူ လာမယ်ဆိုတဲ့သဘောမဟုတ်ဘဲ လေးလေးနက်နက် ချစ်မိလို့သာဘဲပြောရမယ် ဆိုပါစို့.."
"အေး... ဘယ်လိုဆိုဆိုပေါ့ကွာ.. ပုဇွန်ထုတ်မြင်လို့ ငါးကင်ပစ်တာလည်း မဟုတ်ဘူးကွ၊ ငါက မေရီနဲ့ပဲ ထာဝစဉ်ချစ်ခြင်းနဲ့ ကြည်နူးနေချင်တာ.."
"ငါက မင်းစတိတ်ရှိုးမမှီ.. ဧယင်ကျူးမမှီ ဖြစ်မှာစိုးလို့ပါ၊ ပီဇာလည်းမရ မေရီလည်းဆုံးဆိုသလို အငြင်းချည်းခံရရင်ကော ဘယ်လိုလုပ်မလဲ"
"ဟေ့ရောင်..မေရီက ငါ့ချစ်ခြင်းအပ်တဆင်းကို နဖားမချိုးလောက်ပါဘူးကွာ၊ မင်း..ပါးစပ်ကြီးက ကောဏ္ဍညပုဏ္ဏား ဝင်စီးပြီးပြောတာလည်းမဟုတ်၊မင်း..ချွတ်ချွတ်နှိုက်နှိုက်..အဲ..နှိုက်နှိုက်ချွတ်ချွတ်တွေ လျှောက်မပြောစမ်းပါနဲ့"
" အေးပါ.. လိုင်းကားတိုးစီးရသလို ဘေးကြပ်နံကြပ် မင်းဖြစ်မှာစိုးလို့ပါ၊ အဖြစ်မသည်းစမ်းပါနဲ့ကွာ"
" အဟဲ..အချစ်ကဲတာကိုးကွ၊ စတွေ့ကတည်းကချစ်မိတာ..၊ ဘဝမှာ အချစ်ကိုစတွေ့သွားလို့ပဲ၊ ချစ်တာမှ...နှစ်နှစ်ကာကာကိုပဲကွာ "
"အနှစ်ကော..အကာကောရှိတာကတော့ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသဖြင့်ပေါ့..၊ ကဲပါ..မင်းတို့ ထိမ်းမြားလက်ထပ်နိုင်မယ့် မင်္ဂလာရက်မြတ်သာ ကျရောက်လာပါစေ၊ ငါ..ကလေးအိပ်ဇာခြင်ထောင်တလုံး လက်ဖွဲ့ပါ့မယ်"
" အဟီး.. ဒါဆို..ဒီအထဲကို တို့နှစ်ယောက် ဘယ်လိုဝင်အိပ်လို့ရပါ့မလဲ"
"ဟ...မင်းတို့ရဲ့ချစ်သက်သေအဖြစ် သားသမီးလေးတွေရရင် ချော့သိပ်ဖို့ အမြော်အမြင်ရှိရှိနဲ့ ကြိုပေးထားမှာလေ...၊ ကဲ..ကျေနပ်တော့နော် သူငယ်ချင်း၊ မင်းကိုငါ ကောင်းတဲ့နမိတ် ပြန်ပြောင်းပြောပးနေတာ"
"အယ်..."
"ကိုင်း...ကလေးတကျိပ် ပုခက်ချိတ်နိုင်ပြီး..မအိပ်မနေ...အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြတဲ့သူတွေ ဖြစ်ကြပါစေကုန်သတည်း"
................... ..........................
အချစ်စင်စစ် ဧကန်ဖြစ်ပါတယ်
မင်းကိုပဲ
နှလုံးသားနဲ့ ညွှန်းဆိုမယ်
လက်ညှိုးတချာင်းတည်းထောင်ပြီးပေါ့
မင်းအနားမှာ ခစားရင်း
ရဲရင့်စွာ လျှောက်တင်တော့မယ်
ဘယ်သူ့အားကိုးနဲ့လဲ
မင်းဂရုဏာတော်ကို.. ယုံကြည်စိတ်နဲ့ပေါ့
ကိုယ့်အပေါ်ကိုတော့
ကြင်နာတတ်မယ့်သူလို့
မြင်ရုံနဲ့ ကြိုသိခဲ့ပါတယ်
စောင့်စားနေပါ့မယ်နော်
နာခံယူချင်သော မင်းစကားသံလေးတွေ...။
..............................................
အခန်း(၁၂)
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ နီလာဆောင်အတွင်းရှိ ဓာတုဗေဒ ဒုတိယနှစ်အခန်းထဲ၌ အမ်ဒီးတန်တို့အုပ်စု စကားကွန်ယက်ဖွဲ့နေကြသည်။
"ဒီခေတ်ကြီးကလည်းကွာ...အမျိုးသားတွေထက်အမျိုးသမီးတွေက အလုပ်အကိုင် အခွင့်အလမ်း ပိုရနေကြတယ်၊ ငါတို့ယောကျ်ားလေးတွေအတွက်တော့ ရှေ့ရေးကိုတွေးကြည့်ရင် တဖြည်းဖြည်းနဲ့ပိုပြီး ရင်လေးစရာပါပဲကွာ.."
နေခေတ်လင်းက ရင်ဘတ်ကိုဖိပြီး ဆိုသည်။
"ယောကျ်ားတွေအတွက်က..မျောက်ကိုယောဂကျင့်စဉ်သင်ပေးရတာတို့၊ စတိုးဆိုင်ရှေ့မှာ ဒူးတဖက်ထောက် လက်တဖက်မြှောက်ပြီး လက်ယပ်ခေါ်နေတဲ့ပုံစံနဲ့ လာဘ်ခေါ်အလုပ်တို့တော့ ပေါ်လာမှာပါကွာ "
စိုင်းဟန်မိန်းက အသောဝင်ဖောက်၏။
အတန်းအားချိန်ဖြစ်သောကြောင့် သူတို့အုပ်စုမှာ ပွဲစားပါးစပ်နဲ့ ကျောင်းသားနှုတ်ဖျားဆိုသလို အငြိမ်မနေကြဘဲ ညံစီနေ၏။ လူကိုနော်ကတော့ အခန်းပြင်ရှိ ကော်ရစ်တာလက်တန်းကိုမှီကာ..စာအုပ်ကို ငုံ့ဖတ်နေမိသည်။
ထိုစဉ်
"ဟိတ်..ဖြောင်း...ဖြောင်း...ဝါး..."
အိပ်ချင်မည့် နမိတ်ထင်သည့်..ဝါးခနဲ သမ်းတာမဟုတ်။ တစုံတဦးက ကလေးငယ်တယောက်လို လက်ခုပ်လက်ဝါးတီးကာ ဝါးခနဲ ခြောက်လှန့်လိုက်သည့် အသံ။
အရှေ့ကနေ ရုတ်ခနဲ အသံကြားလိုက်ရသော်လည်း လူကိုနော်မထိတ်လန့်မိ။ သူက ခါးတို့မှသာ လန့်တတ်..ယောင်တတ်တာလေ။
အသံဖန်ဆင်းရှင်ကို မော့ကြည့်လိုက်တော့..ချစ်လှစွာသော ကမ္ဘာဦး ပါလေ။
"နင်.. ငါနဲ့ ဓညင်းကုန်းလမ်းဆုံကို ဒီနေ့ခဏ အဖော်လိုက်ခဲ့ပေးပါလားဟ၊ လမ်းဆုံမှာ ဂျမ်းဘုံနဲ့ ကမ်းကုန်အောင် ကြက်ခွပ်ပြိုင်ဖို့ ချိန်းထားလို့တော့မဟုတ်ဘူး၊ အဲ့ဒီ့မှာ ကြက်ကင်စားကောင်းတဲ့ဆိုင်ရှိလို့ ငါ ကြက်ကင်သွားစားချင်လို့ပါဟာ .."
ကမ္ဘာဦးက အဖော်ညှိသည့်အခါ လူကိုနော်ကလည်း အဘယ်သို့ငြင်းလိမ့်မည်နည်း။ အတူလိုက်သွားဖို့ ဟန်ပြင်ရလေသည်။
ဓညင်းကုန်းလမ်းဆုံသည် ကျောင်းမုခ်ဦးဝ၏ မလှမ်းမကမ်းရှိ ကားဂိတ်မှ လိုင်းကားစီးသွားလျှင် မိနစ်နှစ်ဆယ်စာမျှ ကွာဝေးသည်။
"နင်ခေါ်ရင်...ငရဲပြည်တောင် နတ်ပြည်ထက် စည်ကားတယ်သဘောထားပြီး လိုက်မှာပါ..၊ ဒါပေမယ့်...အရင်လို...နှိပ်ကွပ်ဖို့တော့..ဗျူဟာတွေ မခင်းကြေးနော်၊ ငါတို့မှာ..ကနခိုတန်ခိုးနဲ့ ကူးတို့ခ ရတော့မလို့..၊ မနည်းမနော ပန်းလိုက်တဲ့ဝမ်းတွေဟာ.. ခုထိ ခံခဲ့ရတာ မမေ့သေးဘူး.. အဟီး"
လူကိုနော် ပြောဆိုနေပုံကိုကြည့်လျက် ကမ္ဘာဦးက ပါးစပ်ကို လက်ဖြင့်အုပ်ရင်း တခွိခွိ ရယ်နေသည်။
"ဝမ်းပန်းတသာဖြစ်ရတာပေါ့၊ သူများထက် သာပြီး ဝမ်းကိုပန်းရတာလေ..၊ ဝမ်းတလုံးကောင်းရင် ခေါင်းမခဲဘူးဆိုလို့ ငါကစေတနာနဲ့ ကျွေးတယ်ပဲ မှတ်ပါ ၊ ကျေးဇူးတောင်တင်လိုက်ဦး..၊ ဝမ်းချုပ်လွန်းလို့ ညှစ်ရရင် လိပ်ခေါင်းပါ အဆစ်အပို ထွက်တတ်တယ်မို့လား အဟဲ.."
"ထွက်တော့လည်း သူများထက် ခေါင်းတလုံးသာတာပေါ့..။ ခုကျတော့ ပျော့ပျော့လေးနဲ့နံပြီး မျော့မျော့လေးပဲ ဖြစ်ကျန်ကုန်တော့တာလေ ..ဟီး"
သူမက ပြောလည်းပြော.. ရယ်လည်းရယ် သစ်ခွရောင်ချည်သားဝမ်းဆက်လေးနှင့် အမြင်တင့်တယ်နေသည်..။ ချစ်စရာကောင်းလွန်းနေသည်..။ ဆံနွယ်ထက်တွင် စံပယ်တကုံးကိုပင် ရစ်သီပန်ဆင်'သ'ထားသေး၏။
သူတို့နှစ်ယောက်...အဆောင်တခုမှ တခုဆီသို့ကူးသန်းလျှောက်လှမ်းကာ ကျောင်းမုခ်ဦးပြင်ပဆီသို့ ထွက်လာခဲ့ကြသည်။ သည့်နောက် ကျောင်းဂိတ်မှ ဓညင်းကုန်းလမ်းဆုံသို့ လိုင်းကားစီးပြီး သွားရောက်ကြမည် ဖြစ်သည်။
"ဒါကြောင့် နင်မနေ့က ငါ့ဆီမလာတာလား၊ ငါက အတန်းချိန်မအားလို့ အခန်းထဲကထွက်မရဘူး..၊ နင် အဆောင်ဘက်လာမလားတောင် တွေးမိသေးတယ်..။ နင်က ဖုန်းဆက်ဖို့မပြောနဲ့...massage လေးတောင် ပို့ဖော်မရဘူး၊ ပြောသလောက်အထိလည်း ဖြစ်ဟန်မတူပါဘူး.."
သူတို့နှဈဥိီးသားမှာ လျှောက်လာကြရင်း တစုံတယောက်ကို တွေ့မြင်လိုက်ရ၍ စကားစ ပြတ်သွားကြ၏။
"ဟင်... ဟို ..ဟိုမှာ.."
လူကိုနော်၏ မှတ်မိသံကြောင့် ကမ္ဘာဦးက ပြုံးသည်။
"ဟိုက်...ကျော်ကြီ
Unlock to read this premium article with 10 points.