Tawtawti
အခန်း(၁၀)
ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် မုခ်ဦးပြင်ပ သို့မဟုတ် ကျောင်းဝန်းအပြင်ဘက် ကန်တင်းတခုတွင် လူကိုနော်၊ နေအုန်း နှင့်ပီဇာတို့ အတူရှိနေကြသည်။ သူတို့ထိုင်နေကြသည့် ရိပ်ငြိမ် ကန်တင်းလေးကလည်း အမည်ခပ်ဆန်းဆန်း...။
"သူတို့နေရာ " တဲ့..။
သည်နေရာ သည်ရပ်ဝန်းလေးကို..ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကနေ လူကိုနော် ရောက်လာရသည်မှာလည်း အကြောင်းရင်းတော့ရှိပါသည်။
"ကဲ..မင်းရဲ့ကူညီစောင်မမှုအတွက် ရှယ်ကျေးဇူးတင်တယ်ကွာ..၊ ငါတို့..အချစ်ရေးကော၊ နောင်ရေးကော ဖြောင့်ဖြူးသွားရအောင် မင်းကိုဘဲ တကယ် အားကိုးလိုက်ရလို့ပါ.."
နေအုန်းက လူကိုနော်ကို လှိုက်လှဲဝမ်းသာစွာနှင့်ပြောလာသည်။
လူကိုနော်က သူ့ထုံးစံအတိုင်း မျက်မှန်ကို သူ့လက်လေးနှင့်ပင့်ရင်း
"ရပါတယ်ကွာ..အေးဆေးပါ..၊ ဒါပေမယ့်...ငါကလည်းမေရီ့ကို ကြိတ်ချစ်နေမိပြီကွ၊ သူနဲ့ငါက ကျောင်းမှာတော့ ဆုံနေကျလေ...၊ အဲ တခုတော့ ငါ့ကို ပြန်ကူညီပေးလှည့်ပါဦး။ မင်းနဲ့သူက အိမ်နီးချင်းဆိုတော့ မျက်နှာကြောမတည့်ပေမယ့်လည်း..မင်းဘက်က မာနစိတ်လေးလျှော့ပြီး နည်းနည်းတော့ ကြည့်ပြော ကြိုပြော အောင်သွယ်တော်ခြေဆင်းလေးတွေတော့ ကြုံရင်ကြုံသလို စပျိုးပေးထားပါလား.."
"အယ်..."
" ဒါမှလည်း တကယ်တမ်း ငါကိုယ်တိုင် သူ့ကိုဖွင့်ပြောတဲ့အချိန်မှာ မင်းဘက်က စည်းရုံးရေးဆင်းပေးထားတော့..ငါအတွက် ပိုပြီး လွယ်ကူချောမွေ့လာစေနိုင်မယ်မို့လား..၊ ဒါကို အလေးအနက်ထားစေချင်လို့လည်း ဖုန်းထဲမှာတင်အလွယ်တကူမပြောဘဲ မင်းဆီကိုငါ မျက်နှာပါလာပြတာ"
လူကိုနော်က နေအုန်းကို အနည်းနဲ့အများဆိုသလို အပူကပ်မိ၏။
"အဲ...သူက အပ်ချည်လုံးကြိုးလိုပဲ အရစ်အထပ် အလှည့်အပတ်များတယ်နော်၊ ငါကတော့ ဘွင်းဘွင်းသမားဘဲ..၊ မင်း..သူ့ကို မကြိုက်စေချင်ဘူးကွာ"
နေအုန်းက ဥပမာစကား..၊ ပဏာမစကားတို့ဖြင့် ချင့်ချိန်စေချင်နေသည်။
လူကိုနော်ကတော့ တည်ငြိမ်သည့်မျက်နှာဖြင့် နေအုန်းကိုကြည့်ရင်း နောက်မဆုတ်စတမ်း ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချထားနှင့်ပြီးလေပြီ။
"ငါက သူ့ကိုကြိုက်တာထက် ချစ်တာကွ၊ ချစ်ရင် စစ်ပြင်တာတောင် အပြစ်မမြင်တတ်တဲ့ ငါ့နှလုံးသားရဲ့စေ့ဆော်မှုနဲ့ ရှေ့ဆက်တိုးဖို့ပဲ ဆုံးဖြတ်ထားတယ်။ အဆင်မပြေခင်တော့ အရင်မသေချင်သေးဘူးကွာ.. ဖြစ်ချင်တာသာဖြစ်ပဲ.."
"ကဲပါ..သူ့ကျေးဇူးလည်းရှိတာပဲ၊ ပြန်ကူညီပေးလိုက်ပါ..ကိုနေရယ်.."
လူကိုနော်၏ စကားထိုးစစ်ဆင်မှု အပြီးတွင် ပီဇာက ကြားကနေ ဖြတ်ပြီး ဖြောင်းဖြဝင်ပြောလာသည် ။
"အေးလေ..ဒါဆိုလည်း တတ်နိုင်သရွေ့.. ပံ့ပိုးပေးပါ့မယ်..၊ ကဲ.. ကတိပေးတယ်ကွာ.."
ပီဇာက တခွန်းပဲ ဝင်ပြောပေး၏။ နေအုန်းခမျာ လျောလျောလျူလျူပင် လူကိုနော်၏တောင်းဆိုမှုကို ဆင်ခြေဆင်လက်များမနေတော့ဘဲ သဘောတူ လက်ခံလိုက်တော့သည်။ သြော်..ချက်ချင်းဘဲ သဘော ထား ပြောင်းသွားရှာသည့် "မ-ယ-က " လောင်းလျာပေပဲ။
ရန်ကုန်စီးပွားရေးတက္ကသိုလ်သည်ကား စိုပြေဝန်းကျင်ဖြင့် စိမ်းမြလျက်..ပြကွက်အသွယ်သွယ်နှင့် လှချက်ကယ်ကြွယ်နေလေ၏။
လူ၊ နေ၊ ပီ ဆိုသည့် သူတို့ရှိသည့်နေရာလေးမှာလည်း...သာယာအေးချမ်းလျက်။
...............................................
Keep Reading