Tawtawti
အခန်း(၈)
ကျောင်းမှအပြန် ဖယ်ရီကားပေါ်ကဆင်းပြီးနောက်
လူကိုနော်နှင့်အမ်ဒီးတန်တို့နှစ်ဦးသား မိမိနေအိမ်ကိုယ်စီသို့ အတူတကွ လမ်းဆက်လျှောက်လာခဲ့ကြ၏။ သူတို့နှစ်ဦးစလုံးမှာ ရွှေပြည်သာမြို့တွင် နေထိုင်သူချင်းမို့ ကျောင်းသွားဖော်ကျောင်းပြန်ဖက်ဖြစ်ခဲ့ကြသည်။
အမ်ဒီးတန်၏ ခြံရှေ့သို့ ရောက်သည့်အခါတွင်မှ သူနှင့် လူကိုနော်တို့ ကတ္တရာလမ်းခွဲ ယာယီလုပ်လိုက်ရသည်။
လူကိုနော်နဲ့ အမ်ဒီးတန် ကတ္တရာလမ်းခွဲ..။
သံမဏိလမ်းခွဲတို့..ကတ္တီပါလမ်းခွဲတို့.. အမည်သညာ တင်စားခေါ်ဆို၍ကား ရတန်ကောင်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုခြံက ကတ္တရာကားလမ်းမဘေးမှာ ရှိသောကြောင့်ပင်။
ကတ္တရာလမ်းကနေ ခွဲထွက်ပြီး အမ်ဒီးတန်က..သူ့ခြံထဲသို့ လှမ်းဝင်သွား၏။ လမ်းက..ကွန်ကရစ်ခင်းထားလျှင်တော့ ကွန်ကရစ်လမ်းခွဲပေါ့။ ခုတော့ ကတ္တရာခင်းထားသောကြောင့် ကတ္တရာလမ်းခွဲ။
လူကိုနော်လည်း မိမိအိမ်ဝင်းဘက်ရှိရာသို့ ဆက်လှမ်းခဲ့သည်။ အိမ်အတွင်း ဝင်လိုက်သည့်အခါ ဧည့်ခန်းထဲတွင် စာအုပ်နှင့်မျက်နှာ အပ်နေသော ဦးချမ်းကို တွေ့ရသည်။
ဦချမ်းက သူ့အမေ၏မောင်အငယ်မို့ ဦးလေး(ဦးငယ်) တော်စပ်သူလည်းဖြစ်၏။
စာအုပ်နှင့်မျက်နှာ အပ်နေသည်ဆို၍..အထင်မကြီးလိုက်ပါလေနှင့်ဦး..။ စာကြီးပေကြီး ဂန္တဝင်စာအုပ်တအုပ်ကို တခြားသူများအား လက်ချာပြန်ရိုက်နိုင်ရန် စိတ်ပါဝင်စားစွာဖြင့် သည်းကြီးမည်းကြီး ဖတ်နေသည်ဟုလည်း မထင်လိုက်ပါလေနှင့်ဦး။
ထိုင်ခုံပေါ်တွင် ကိုယ်ကိုကိုင်းညွတ်၍ စာကြည့်စားပွဲပေါ်ရှိစာအုပ်ပေါ် မျက်နှာအပ်ကာ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့်သိုင်းလျက် မှောက်အိပ်နေခြင်းဖြစ်၏။
စာအုပ်အမည်ကတော့ "ရွှေပြည်သာမှ အပျင်းဆုံးပုဂ္ဂိုလ်"ထင်ပါသည်။
အပျင်းသမားတွေက အကင်းပါးဟန်တော့ရှိသည်။
လူကိုနော် ဝင်လာသည်နှင့် ခြေသံကို ကြားလိုက်ဟန်တူ၏။ ဦးငယ်က ဆတ်ခနဲ ခေါင်းထောင်၍ လှည့်ကြည့်ကာ..
"မင်းမိဘတွေတော့...အပြင်သွားကြတယ်ကွ၊ မင်း..နောင်ရေးအတွက် စိတ်အေးရအောင် အိမ်ထောင်ပြုပေးဖို့အတွက် မိဘချင်း ကြိုတင်စေ့စပ်ညှိနှိုင်းတိုင်ပင်ဖို့ သွားကြတာလို့တော့ ပြောတာဘဲ..။ မင်းဖို့ မိန်းမ ဘုတ်ကင်တိုကင်ယူ သွားလုပ်ကြတာပေါ့ကွာ။ တခြားကျန်တဲ့ကိစ္စတော့.. ငါလည်းမသိဘူး.. "
ဦးငယ်၏ စကားဆီးကြိုသံကြောင့် လူကိုနော် ကြောင်အမ်းအမ်း မင်သက်သွားမိသည်။
"ဟာ.. ဦးငယ်ကလည်း ဟုတ်လိုလားဗျာ..၊ ဒီအကြောင်း တခါမှတောင် ကျွန်တော့်ကို အသိမပေးဖူး..မပြောဖူးပါဘူး..."
အမောပြေရေတခွက်နှင့် ရေငုံနှုတ်ပိတ်မနေနိုင်။ အံသြစကားပြန်ဆိုမိချေသည်။
"မင်း..ငြင်းပယ်ပစ်လိုက်မှာ စိုးလို့နေမှာပေါ့ကွ..၊ ငါတောင် ဒီနေ့မနက်မှ သိရတာ"
"အာ..ဖေဖေနဲ့မေမေကလည်း..ဘာတွေလျှောက်စီစဉ်ပြန်တာလဲ..မသိဘူး "
စိတ်ထဲ မကျေမနပ်ရေရွတ်ရင်း လွယ်အိတ်ကို မိမိအခန်းထဲဝင်ထားကာ ခြံထဲသို့ဆင်းခဲ့၏။ ကျန်တာပင်ဆက်မမေးမိတော့။ သူ့ရင်ထဲ၌ စိတ်ဝင်တစား အသဲထိ စွဲငြိနေသည်က ကမ္ဘာဦးမှ ကမ္ဘာဦးပင်။
သူမ မည်သို့ပင်ဆိုးနွဲ့စမ်းပါစေ.. ဘရုတ်ကျစမ်းပါစေ..သူ့အတွက်တော့ အချစ်သည် အရာရာကို ခွင့်လွှတ်ပေးနိုင်စွမ်း.. အကောင်းမြင်ပေးနိုင်စွမ်းရှိ၏။
ပြီးတော့....
ကမ္ဘာဦးသည် ဂျူးစပ်ကပြားမလေးဖြစ်သည်။ ဂျူးတွေက ထက်မြက်သည်။ သွက်လက်သည်။ ဉာဏ်ရည်လည်းမြင့်မားသည်။ မြန်မာတွေကတော့ အစအနောက်ထက်သန်သည်။ သူများချောက်ချဖို့ရာလည်း ထူးချွှန်တတ်ကြသည်။ ပြီး..အပျော်လွန်တတ်ကြသည်။
သူမတွင် ထိုအကျင့်စရိုက်နှစ်ခုစလုံးပင် ပေါင်းစပ်ရောနှောနေသည်လား မသိ။ သူမသည် နည်းပရိယာယ်ကြွယ်ဝစွာဖြင့် တွေးခေါ်ကြံစည်မှုရှိနေတတ်ပြီး ချွှန်တွန်းဟာသဖောက်အောင် လုပ်ယူတတ်သည့်အစွမ်း ပိုရှိနေသည်လားဟုပင် စဉ်းစားမိသေး၏။
လူသားတို့သည် ကမ္ဘာဦးအစကတည်းကပင် အချစ်ကို ဦးစွာ တို့ထိရှာတွေ့မိခဲ့ကြသည်ဟု ဆိုသည်။
လူကိုနော်ကတော့ ကမ္ဘာဦးဆိုသည့် မိန်းမပျိုလေးနှင့်မှ ပထမဆုံး အချစ်ကို နားလည်ခံစား သိရှိသွားလေသည်။
ခြံဝင်းအတွင်းက စတီးဒန်းလေးပေါ်တွင်ထိုင်၍ အသာအယာလွှဲရင်း မျက်မှန်ထဲကတဆင့် ရှေ့ဝန်းကျင်ကိုငေးကာ အတွေးဆန့်နေမိ၏။ တချက်ချက် စပယ်ရုံဘက်ဆီမှ မွှေးရနံသင်းသင်းမြမြကို လေပြေက သယ်ဆောင်ပေးလာသည်။
ညနေရီသည် လှသောဆည်းဆာဟု ယူလျှင်ရသလို၊ အမှောင်ဝင်တော့မည့် အပုပ်ချိန်ဟု ဆိုလျှင်လည်းရ၏။ ခံစားအသုံးပြုသူအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
..............................................
ထာဝရဘုရားသခင်ရဲ့အလိုတော်အတိုင်းဆို
လူသားတွေမှာ
အချစ်ဆိုတဲ့ခံစားချက်က ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး
ဘုရားသခင်ရဲ့ တားမြစ်ချက်ကို
ချိုးဖောက်ဖို့ နှိုးဆွလှုံ့ဆော်ပေးခဲ့တဲ့
စေတန်ကြောင့်သာလျှင်
အချစ်ကို သိနားလည် ခံစားတတ်လာရတယ်
လူသားတွေက
စေတန်ရဲ့အစွမ်းကြောင့်ဘဲ ချစ်ခွင့်ကိုရရှိကြပြီး
သူ့ကို တဖန်အပြစ်တင် ပြန်ရှုံ့ချဖို့တော့
ဘယ်သင့်တော်ပါ့မလဲ ။
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင်
စေတန်ကြီးက ဇာတ်လိုက်ပါ။
..............................................
ရန်ကုန်စီးပွားရေးတက္ကသိုလ်ရပ်ဝန်းကနေ ရွှေပြည်သာရှိနေအိမ်သို့ ပီဇာ ပြန်ရောက်လာသည်။
အိမ်ရှေ့လှေကားထစ်တွင် သူစိမ်းဖိနပ်နှစ်ရံကို မြင်လိုက်ရသောကြောင့် ဧည့်သည်များ ရောက်နေပါကလားဟု တွေးထင်မှတ်ထားမိလိုက်သည်။ ထို့နောက် ဘာများပါလိမ့်..ဟု လူငယ်ပီပီ စပ်စပ်စုစု ဆားပုလင်းပီဇာ လုပ်လိုက်၏။ ဧည့်ခန်းအတွင်းမှ စကားသံတွေ လွင့်ပျံ့လာသည်။
"ဖိတ်ချင်ဖိတ်.. ကိုယ့်အိတ်ထဲဘဲ ကိုယ်ဖိတ်ကြတာပေါ့။ နောင်ရေးအတွက် ငါ့သားနဲ့မင့်တို့သမီးကို ခုကတည်းက ကြိုတင်ပြီး စေ့စပ်ထားကြရအောင်၊ ဒါမှလည်း သူတို့လူငယ်ချင်းတွေ တဥိီးနဲ့တဦး ပိုမိုရင်းနှီးပြီး နားလည်နိုင်လာကြလိမ့်မယ်။ အဲ.. သူတို့ကျောင်းပြီးရင်တော့ မင်္ဂလာဆောင်ပေးကြတာပေါ့ကွာ.."
ဧည့်သည်နှစ်ဦးနှင့် သူမမိဘတွေ ပြောနေသည့်စကားဝိုင်းကို စိတ်ဝင်စားမိသွားသဖြင့် ပီဇာတယောက် အိမ်ထဲ တန်းမဝင်ဖြစ်။ အိမ်နံဘေးတွင်ကပ်ကာ ခိုးပြီးနားစွင့်နေလိုက်သည်။ ထိုအသံပိုင်ရှင်က လူကိုနော်၏ဖေဖေ ဦးကို ဖြစ်သည်မှန်း ပီဇာ မှတ်မိသည်။ တမြို့တည်းသားချင်းတွေကိုး။ လူကိုနော်နှင့်ကလည်း သူငယ်ချင်းမက မောင်နှမမကျပင်ချစ်ခင်လာကြ၊ မိဘချင်းလည်း ရင်းနှီးကျွှမ်းဝင်နေကြသည်မို့ အိမ်ချင်းပင် အဝင်အထွက်ရှိသည်လေ။
"သမီးကညာ အခါမလင့်စေနဲ့ဆိုပေမယ့် သူတို့သဘောထားကိုလည်း မေးစမ်းကြည့်ရဦးမယ်လေ၊ သူတို့ဆန္ဒမပါရင်တော့ အတွင်းသိအဆင်းသိချင်းမို့ ငြင်းမိစရာ မရှိပါဘူး၊ အိမ်ထောင်ရေးမှာ စစ်မှန်တဲ့ချစ်ခြင်းတရားပါဝင်မှ ဘဝမှာ ဘယ်လိုလောကဓံနဲ့ရင်ဆိုင်ရရ.. ရေရှည်စာနာမှု နားလည်မှုတွေ အတူ ခိုင်မြဲကြမယ် မဟုတ်လား"
ပီဇာ့ဖေဖေ ဦးပန်းမှ တုန့်ပြန်သံကလည်း နောက်ဆက်တွဲကပ်ပါလာသည်။
နုငယ်ပျိုတင့် အခါမလင့်သေးသော ပီဇာသည် ဦးပန်းနှင့်ဒေါ်ပု မည်တွင်သည့် ဇနီးမောင်နှံတို့ ပေါင်းဖက်ပြီး ဖွားမြင်လာ
သည့်.. တဦးတည်းသော သမီးကညာ အလှလေး ဖြစ်သည်။ သူမ၏ အလှမှာလည်း နတ်သမီးပန်းပုရုပ်ကလေးတရုပ်သွင်ပြင်သို့ ထုဆစ်ထားသည့်သဖွယ်..။
"အတင်းအကြပ်ချည်းတော့ မစီစဉ်ပါဘူး၊ သူတို့ကို..မေးကြည့်ဦးမှာပါ၊ အခုက မပြောမပြီး မတီးမမြည်ဆိုသလို နိဒါန်းစပျိုးထားဖို့ လာခဲ့တာပါ၊ အိမ်ကသားကိုတောင် ပြောမပြရသေးပါဘူး "
ဆက်တိုက်ဆိုသလိုပင်
လူကိုနော်၏မေမေ ဒေါ်နော်ထံမှ စကားဖလှယ်လိုက်သံက ပေါ်ထွက်လာပြန်၏။
"အေးပါ.. ငါတို့သမီးကိုလည်း သူ့သဘောထားမေးကြည့်ပါဦးမယ်..၊ သားရှင်ဖြစ်တဲ့ဘက်က ရှင်တို့သားရဲ့ လိုအင်ကိုတောင်မသိရသေးတာ..၊ ဆန္ဒစောတတ်ရန်ကော၊ ဘာတွေများစိုးရိမ်နေတာလဲနော်.."
ပီဇာ၏မေမေဒေါ်ပုကလည်း ခပ်သွက်သွက် ဝင်ပြီး ချိတ်ဆက် ပြော၏။ ထိုစဉ် မည်သူမှမသိ၊ မရိပ်မိအောင် နေအိမ်ဆီက ပီဇာ တိတ်တဆိတ် အသာလေး ပြန်ထွက်လာခဲ့သည်။ ကြက်သွေးရောင်ဝမ်းဆက်ဝတ်စုံလေးနှင့် ပီဇာသည် ရတက်မအေးနိုင်ရှာဘဲ တစုံတခုကို စဉ်းစားကာ ခပ်သွက်သွက် လျှောက်လှမ်းခဲ့သည်။ သူမ၏ခြေဦးတည်ရာသည်ကား...။
..............................................
လူကိုနော်မှာလည်း သူ့မိဘတွေကြောင့် စောစောပိုင်းက စိတ်ဖိစီးလှုပ်ရှားမိသွားသလောက် ခုတော့ဖြင့်
Unlock to read this premium article with 10 points.