Tawtawti
အခန်း(၆)
တညလုံး တမနက်လုံး နှင်းရည်နှင်းငွေ့တို့အောက် ချမ်းတစိမ့်စိမ့်လှုံခဲ့ရသော ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် နေရောင်အလင်းရိပ် လွမ်းခြုံမှုနှင့်အတူ သက်ဝင်ပီပြင်လာ၏။ ဝေဖြာနေသည့် ပင်ရွက်ပျိုတို့၌ တင်ကျန်ရစ်ခဲ့သောနှင်းကြွင်း နှင်းကျန် နှင်းရည်စက်တို့ဖြင့် စွတ်စိုစိမ်းမြနေသည်။ လောကသည် နေ့သစ်တရက်ကို တမဟုတ်ချင်း ခေါ်ဆောင်လာခဲ့ပြန်သည်။
လူကိုနော်တယောက်မှာမူ ကမ္ဘာဦးကို မမေ့အစဉ် တွေ့ချင်စိတ်တို့ နိုးကြားစေ့ဆော်မှုကြောင့် သူမ၏မေဂျာအခန်းဘက်ဆီသို့ တကိုယ်တော် လျှောက်လှမ်းလာခဲ့မိသည်။ သူ့ရှေ့တွင်မတော့ ကျောင်းသူလေးတဦးကလည်း မြင့်တုံနိမ့်တုံ ငွါးငွါးစွင့်စွင့်ဖြင့် ခြေလှမ်းနှင်နေသည်။
"သြော်..ဘဝဆိုတာ..အပျိုစင်လေးတယောက်ရဲ့တင်ပဆုံလိုပါဘဲလား..၊ ငါကိုယ်တိုင်လည်း လောကလမ်းမှာ လျှောက်လှမ်းနေရတာကိုက ရင်ခုန်စရာ စိတ်ထဲနိမ့်တုံမြင့်တုံပါပဲလေ"
ဟု မျက်မှန်ထဲကနေတဆင့် အမှတ်မထင် လှမ်းကြည့်မိသွားရာမှ အတွေးဝင်မိလိုက်သေးသည်။
ထိုစဉ်.. သူ့နောက်ပါးမှ တစုံတဦးက ရုတ်တရက် ရောက်လာပြီး ခါးကိုတို့လိုက်၏။ သူ့မှာ ထုံးစံအတိုင်း တွန့်ခနဲဖြစ်သွားရသည်။ နှုတ်ကလည်း လွှတ်ခနဲထွက်သွား၏။
"အဲ့..ရေမချိုးမလေး.."
အသံထွက် မတိုးမကျယ် အယောင်ကောင်းမိလိုက်မှုကြောင့် သူ့ရှေ့နားဆီမှကျောင်းသူလေးက..ဘာလာအာချောင်..ဘာနှာကြောင်တာပါလိမ့် ဆိုသည့်သဘောနှင့် ဘုကြည့် လှည့်ကြည့်၏။
အလို.. ဟို ဘားမိစ်မေဂျာကွင်း..ကရင်တိုင်းရင်းသူလေးပါလား။ ကရင်မလေးဆိုတော့ကား.. ကရင်လည်ပြန် ကြည့်တာပေါ့။ လူကိုနော်လည်း အလျင်အမြန်ပင် ဝန္ဒာမိအပြုံးလေး ဖန်ဆင်းပြလိုက်ရ၏။ နှုတ်ခမ်းထော်ပြ စလိုက်လို့မှလည်း မသင့်တော်တာ။
ကရင်မလေးက ဘာမှမပြောတော့ဘဲ ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက်သွားတော့၏။ သည်တော့မှ..သူ့အနောက်ကနေ အသာခါးတို့လိုက်သူကိုလည်း တဖန်ဂရုပြု၍ လှည့်ကြည့်လိုက်မိသည်။
အိုး...
စက္ကန့်နဲ့အမျှမလစ်ဟင်း..
ချစ်ခြင်းရပ်တန့်မရပါသော
မေရီ သို့မဟုတ် ကမ္ဘာဦး ရယ်လေ။
ဟော..
ဂျပန်ကော်တွန့် အပြာနုခံပေါ် တွင် ရောင်စုံအပွင့်လေးများပါသည့် ဝမ်းဆက်အဝတ်အစားနှင့် အမိုက်စားလေး လန်းနေသည့် ကမ္ဘာဦး။ သူမလုပ်ရပ်ကြောင့် လူကိုနော် ချောက်ကျသွားဟန်ကို သဘောကျသလို ခွီနေ၏။ ခါးတို့လိုက်လျှင် လူကိုနော်ယောင်တတ်ပုံကို သူမ မှတ်ထားပုံရသည်။
"အဟီး.. ငါသိနေတယ်နော် စောစောက ကရင်မလှလှလေးကို နောက်ကငမ်းပြီး.. နင်ဗူးထနေတာမဟုတ်လား..ဟိီး ဟိီး..''
မေရီက အပိုင်သဘောနှင့် နိုင်ရောဆိုသည့် အထင်ဖြင့်ကြည့်ကာ ကြလှောင်၏။ သူ့မှာတော့ အိုးမလုံ အုံပွင့် ပြာပြာသလဲ ရှက်ရှက်နှင့် ငြင်းရသည်။
''အာ.. မဟုတ်တာဟာ..မေရီရာ..ဒီ.. ဒီလိုပါ..''
'' ဘာ မဟုတ်တာလည်း..ဒီလိုတွေ ဘာတွေလုပ်မနေနဲ့..၊ ခုလေးတင် မျက်စိရှေ့ မြင်နေရက်သားနဲ့ မုန်လာဥ လုပ်ချင်သေး..ဟွန်း''
'' ဒိိီလိုပါ ဆိုတာ..ဒိီလိုပါဟ.. သူ့ကိုငေးမိတာ မှန်ပါတယ်.. ဒါပေမယ့် ..သူ့ကိုငေးမိရင်း အဆင်မပြေတဲ့ ငါ့နဲ့နင့်အကြောင်းကို တဆက်စပ်ထဲ တွေးကြည့်နေမိတာတာပါဟာ..''
''အေးပါ..အေးပါ..ထားလိုက်ပါတော့။ ခု နင့်ကိုတွေ့ရတာနဲ့ အတော်ပဲ..၊ ငါဒီနေ့မနက် အောင်မြင်စွာ ထွင်လိုက်နိုင်တာ တခုရှိလို့ဟ၊ နင်နဲ့တွေ့တာအတော်ပဲ၊
အဲ့ဒီ့အထိမ်းအမှတ်နဲ့ ကန်တင်းမှာ နင့်ကို ကြိုက်တာကျွေးမယ်၊ ကဲ..လိုက်ခဲ့မယ်မို့လား၊ လောကွတ်လုပ်တာမဟုတ်ဘူးနော်..၊ ဒါကတော့ မရယ်မနောက် အတည်ပေါက် ခေါ်တာ"
"ဟေ...နင်က ဘာစက်ပစ္စည်းကိရိယာတွေများ စမ်းသပ်ပြီး.. ဘာတွေများ တီထွင်အောင်မြင်နေတာများလဲဟ"
"အဟဲ..ငါထွင်တာက အိမ်မှာ မနက်စာစားရင်း သွားကြားညပ်သွားတဲ့ ကြက်သားစလေ.. "
"အယ်..လုပ်ပြီ..ဖြစ်ရလေ.."
"အဟိ..နင့်ကို စတာပါဟာ၊ တကယ်က ငါလည်း မနက်ထဲက ဘာမှမစားရသေးဘူး ဟ၊ ပြီးတော့.. ငါ ဒကာခံမယ် ဆိုတာကလည်း.. အရင်က ငါစားသမျှနင့်ကို ရှင်းပေးခိုင်းခဲ့တာရယ်..အတည်ဇယားနဲ့ကျီစားခဲ့တာတွေရယ်ကို အမှတ်တရဘွာခတ်တဲ့အနေနဲ့ အထာသတ်မှတ်စေဖို့လည်းပါတယ်"
ဒီတခါဖြင့် ငါ့ချစ်ရသူလေးက ဟုတ်လှချည်လားဟု လူကိုနော် တမူထူးကာ ရင်ထဲအူမြူးသွား၏။ တကယ်တော့ ကမ္ဘာဦးနှင့်သာဆိုလျှင် လူကိုနော်ခမျာ စကြာဝဠာထဲလည်း ကောဇောပျံစီးပြီးသွားရ..သွားရ သွားလိုက်ချင်ပါသည်။ အချစ်စိတ်က
ငယ်ထိပ်တက်ကပ်နှင့်ပြီးသားမို့ကိုလေ။ သူနှင့်ကမ္ဘာဦးကို ကျောက်သင်ပုန်းနဲ့ မြေဖြူလို အဖြူအမည်း မခွဲဘဲရှိချင်တော့သည်။
"ကျောင်းပြင်ဘက်က မောရှမ်းကန်တင်းဆီသွားရအောင် "
..............................................
မောရှမ်းကန်တင်းရှိ စားပွဲဝိုင်းလွတ်တခုတွင် လူကိုနော်နှင့် ကမ္ဘာဦးတို့နေရာယူလိုက်ကြသည်။
"နင်စားဖို့ဘာမှာမလဲ.. ငါကတော့ အစားအစာနဲ့ပတ်သက်လာရင် အသားပါမှကြိုက်တာ။ အသားကလည်း တမယ်ပဲ စားတတ်တာဟ၊ မသေရုံတမယ်တော့မဟုတ်ပါဘူး၊ ကြက်တမယ်ပဲ ဖက်တွယ်မိတာ..အဟဲ.."
ကမ္ဘာဦးက သူမ နှစ်သက်သည့် အစားအစာနှင့် စားသုံးတတ်ပုံထုံးစံကို ရယ်ရွှန်းပတ်ရွှန်းဖြင့် ညွှန်းဆိုသည်။
"သြော်..ကြက်သားပဲ အကြိုက်စားတတ်တာဆိုပါတော့၊ အင်းလေ.. ကျားသက်သက်သတ်ပြီး ကျားသားပဲ အကြိုက်စားတတ်တာမျိုးမှ မဟုတ်တာ၊ မထူးဆန်းလှပါဘူးနော..ဟဲ..ဟဲ"
လူကိုနော်ကလည်း တဖန်ပြန်လည်နောက်ပြောင်နေမိသေးသည်။
ကမ္ဘာဦးက ပြုံးစစလေးနှင့် ဦးခေါင်းကို ခပ်ဖြည်းဖြည်းလေး ခါယမ်းပြ၏။
"အေးလေ..မဆန်းဘူးထင်ရပေမယ့် ငါကကြက်မပါရင် စားစရာဟင်းမယ်လို့ မထင်တာမျိုးဟ..၊ အမှတ်တရအနေနဲ့ လက်မောင်းမှာတောင် ကြက်ပုံလေး တက်တူးထိုးထားသေးတယ်..ဟီ..ဟိ.."
"ဟင်..နင့်ခရေဇီက ဒီလောက်ကြီးတောင်ဘဲလားဟ.. သြော ဒါနဲ့ စကားမစပ်.. နင့်ကြက်ပုံက အထီးလား.. အမလား..အဟဲ''
''ဟယ်...ကြည့်စမ်း အကောင်..ယုတ်မာတာ...ယုတ်မာတာ နင့်ဝါသနာက ဒါဘဲမို့လား.. ဒါဘဲအမြဲစဉ်းစားနေတာ.. ဟင်း.. ဟင်း''
''ဟား ... ဟား ... ဟား ...''
နှစ်ဦးသား မတိုင်ပင်ပါဘဲနှင့် တဦးမျက်နှာတဦးကြည့်ရင်း ပြိုင်တူ ရယ်လိုက်မိကြသည်။
''အင်း.. ထီးချင်ထီး.. မချင်မ.. ထားပါလေ.. ထားပါတော့.. ခုနပြောလက်စ စကားတောင်မေ့သွားပြီ..၊ ဘာတဲ့..ငါက ကြက်ဆို ကြက်သားကိုတုံးပြီး ကြက်သွန်အကွင်းလိုက်၊ ငရုတ်သီးအတောင့်လိုက်နဲ့ အခြောက်ကြော်ထားတဲ့ တရုတ်အစားအစာ ကုန်းဘောင်ကြီးကြော်လည်း ကြိုက်တာပဲဟ.."
"သြော်...ကုန်းဘောင်ကြီးကြော်လား..ကုန်းဘောင်ကြီးကြော်ဆိုတာ.. ငါကကုန်းဘောင်ခေတ်က ပေါ်လာတာမို့လို့ ဒီလိုအခေါ် .. ခေါ်ဝေါ်တယ်ထင်နေတာ၊ လတ်စသတ်တော့ တရုတ်အစားအစာကိုး .. အဟီး.."
"နင် အခုမဂန့်ချင်ရင် ဘုဂလန့်မပြောနဲ့နော်၊ ငါ့ကို ဘာမှတ်နေလဲ"
"အာ.. စိတ်ချည်းဘဲ..ကြက်ခရေဇီလို့ မှတ်ပါတယ်ကွယ်၊ ဘယ်လိုမှ မအောက်မေ့ပါနဲ့၊ အောက်မေ့တဲ့အခါတော့ ဖုန်းဆက်ပေါ့...အဟဲ၊ အခုတော့ ထမင်းမှာစားကြမယ်လေ၊ နင်ကကော ဘာစားမှာလဲ"
လူကိုနော်၏အမေးစကား ဆုံးသွားရုံစရှိသေး.. ကမ္ဘာဦးက ရုတ်တရက် ဆိုင်းမဆင့် DJမပွတ်ဘဲ ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာနှင့် ထပြော၏။
"ဟို.. ဟို.. နင်သိလား .. ခေါင်းကိုတုတ်နဲ့ရိုက်ပြီး ရန်ဖြစ်ကြတာ လန့်လိုက်တာဟယ်.."
သို့ဖြစ်၍ လူကိုနော်လည်း ပြာပြာသလဲ ဘေးဘီဝန်းကျင်ကို ပတ်ကြည့်လိုက်ရင်း ...
"ဟင်.. ဘယ်မှာလဲ..ဘယ်မှာလဲ ဟ.."
" အဟား ဟား ...ရိုး၏ .. ၊ ဒီမှာ ငါစားချင်တာ နင့်ကိုပြောနေတာလေ..။ ငါဆိုလိုတာက..ခေါင်းကို တုတ်နဲ့ရိုက်တာက ခေါင်းကွဲအောင် (ခွဲ)တာ၊ ရန်ဖြစ်ကြတော့ တဦးကိုတဦး(ဆော်) ပြီလေ၊ လန့်လိုက်တာက(ကြောက်)လို့ပေါ့၊ ဒါအားလုံးကိုပေါင်းလိုက်ရင် ခွဲဆော်ကြောက်..တဲ့၊ ခေါက်ဆွဲကြော်ဆိုပြီး စကားလိမ်နဲ့ ပြန်လှန်လိုက်လို့ ရပါသကောလား၊ အဲဒါ...ခေါက်ဆွဲကြော်ကိုမှ ကြက်သားနဲ့စားမလို့..အဟက်..ဟက် "
"သြော်... ဒီလိုလား စိုးရိမ်တကြီး မေးမိတဲ့ ငါ့လျှာကို အပ်နဲ့ထိုးဖြစ်ဖို့သာကောင်းတော့တယ်၊ ဒါနဲ့များ..လှည့်ပတ်နေရသေးတယ် "
"နင်ကကော ထမင်းကို ဘာဟင်းနဲ့စားမှာလဲ..၊ သတ္တဝါတွေကို သနားခြင်းမရှိရင် အသားဟင်းနဲ့စား၊ အသားတောင်မစားရဲဘဲ အသဲနုတယ်ဆိုရင်တော့...ဘဲဥနဲ့စား"
"နင့်ပြောပုံကလည်း ဘာမှမလွတ်ဘူး၊
ဒါဖြင့်.. ဒီနှစ်မျိုးစလုံးနဲ့ကင်းအောင် အစွန်းမထွက်ဖို့ ကန်စွန်းရွက်နဲ့ပဲ စားတော့မယ်ဝေ့၊ ငါ့ကိုသာ..စွပ်ပြောနေ..နင်ကျတော့ကော..အသီးအရွက်ကို ဖီးလ်မတက်ဘဲ သနားခြင်းမရှိလို့..ကြက်သားနဲ့ပဲ စားမှာမလား"
"ငါက သနားတတ်ပါတယ်ဟ..၊ ဒါပေမယ့် ကြက်သားကိုတော့ အင်မတန်ကြိုက်လွန်းလို့ ချွင်းချက်ထားပြီး အမြဲစားနေတာ၊ ဒါကလည်း..ပံ့သကူသားမှ စားတာပါဟယ် "
သို့နှင့် ကမ္ဘာဦးက သူ့စကားကို ဆက်ပြောနေပြန်သည်။
"အဲ..ကြက်ဆိုရင်တော့ ..ကျောသားရင်သားမခွဲခြားဘဲ စားတတ်တဲ့အပြင်...ကြက် ကလီစာ၊ ကြက်အူချောင်း၊ကြက်ဘိစတိတ်၊ ကြက်ကင်၊ ကြက်ပေါင်းရည်၊ ကြက်ဥ.. အစရှိသဖြင့် ကြက်နဲ့ပတ်သက်တာ အားလုံးအရသာစုံကို ကြိုက်တာဟာ.."
"အေး.. ကြပ်ကြပ်သာစား၊ နင်..အမောက်ပါထွက်လာဦးမယ် "
"ကြက်ပါဖြစ်သွားလည်း ဘာဖြစ်တုန်း၊ နေရောင်ခြည်နဲ့ အာရုဏ်ဦးကို အရင်တွေ့ရတာပေါ့၊ ကြက်တွေက နံနက်ခင်းရောင်နီကို လူတွေထက် ၄၅ မိနစ်စောပြီးမြင်ရတယ်တဲ့"
ကမ္ဘာဦးက ဆတ်ဆတ်ထိမခံ နှုတ်လှံပြန်ထိုးသည်။
ဤသို့ဖြင့် စကားပြိုင်လုကြရင်း
နှစ်ဦးသား စားသောက်စရာများကို အသီးသီး မှာယူလိုက်ကြသည်။
"ငါက ကြက်သားကြိုက်သလို ကြက်နဲ့ဆက်နွယ်တဲ့ ဗဟုသုတတွေလည်းလေ့လာထားတယ်"
"ဆိုစမ်းပါဦး"
"ဒီလိုဟ..တို့မြန်မာတွေဟာ..ကြက်တွန်သံကို အောက်အီးအီးအွတ်လို့... အ- လေးလုံးကြားကြပေမယ့် အနောက်တိုင်းသားတွေကတော့..'ကော့အဒူလာဒူး' လို့သာ ကြားကြသတဲ့ "
"သြော်...စကားတင်မက အကြားပင် ကွဲကြတာပါလား"
"စကားဆိုလို့ ကြက်နဲ့ပတ်သက်တဲ့စကားပုံတွေကိုလည်း မှတ်သားထားသေးတယ်"
"ဒါဆို..ဗဟုသုတအနေနဲ့ မျဝေပါဦး"
"ကြက်ကစပါးစား..ထရံကဒဏ်သင့်၊ ကြက်ကောင်းကြိုးမကွာ၊ ကြက်ကန်းဆန်အိုးတိုး၊ ကြက်မတွန်လို့မိုးမလင်း၊ ကြက်ဥပြုတ် သံတုတ်နှင့်ချ စသဖြင့်ပေါ့ဟာ"
"သြော်..."
"ပြီးတော့..အောက်တိုဘာလရဲ့ ဒုတိယအပတ် သောကြာနေ့ကို ကမ္ဘာ့ကြက်ဥနေ့လို့ နိုင်ငံတကာက သတ်မှတ်ထားတယ်၊ ဒီနေ့ကို တရုတ်၊ နယူးဇီလန်၊ မက္ကဆီကိုနဲ့ အင်္ဂလန်နိုင်ငံတွေမှာ အကြီးအကျယ်ပြုလုပ်ကျင်းပကြသတဲ့"
"ဘယ်လိုတွေတောင် ဆင်နွှဲကြတာလဲ "
"ကြက်ဥကို ဆေးရောင်စုံနဲ့ အလှဆင်တာတို့၊ တဦးကိုတဦးက ကြက်ဥပုံကတ်လှလှလေးတွေ ၊ e -mail ကတ်လေးတွေ ပို့ပေးတာတို့..ရွှေကြက်ဥပုံပြင်တွေ ပြောပြတာတို့..ကြက်က ကြက်ဥ စပြီး ဥတာလား..ကြက်ဥက ကြက်ဖြစ်တာလား..ကြက်နဲ့ကြက်ဥ ဘယ်ဟာက အရင်စဖြစ်တာလဲလို့ ငြင်းခုန်ကြတာတို့ .. ၊ကြက်ဥပစ်ပေါက်ပွဲဆိုပြီး ကြက်ဥတွေ ပေါက်ခွဲပစ်လို့ရတာတို့..လုပ်လေ့ရှိတယ်လို့ သိရတယ် ၊ ကြက်ဥရဲ့ အကျိုးကျေးဇူးအဖြာဖြာကို လူတွေသိအောင်ရည်ရွယ်တာနဲ့ ပျော်ရွှင်စေချင်တာလည်းပါတယ်တဲ့ "
" ပျော်တာကတော့ ဟုတ်ပါပြီ ...၊ ကြက်ဥတွေခွဲတာကတော့ နှမျောစရာကြီး"
"အေးဟ၊ ငါလည်း အဲလိုဘဲယူဆတယ်။ အဲ ငါ့စကားကို ထပ်ဆက်ပြောရရင်.. ကြက်သားက ပရိုတင်းအသားဓာတ်ရသလို..ကြက်ဥကလည်း ကော်လက်စရောကြွယ်ဝပြီး အဆီဓာတ်နည်းလို့ အဟာရအပြည့်နဲ့ ကျန်းမာစေတယ်လေ၊ တရုတ်လူမျိုးတွေဆိုရင်..ကြက်ဥကိုမြေကြီးထဲမှာ နှစ်ပေါင်းများစွားထားပြီး နှစ်တထာင်ကြက်ဥဆိုပြီး ဖန်တီးတတ်ကြသတဲ့"
သူတို့မှာယူထားသော စားဖွယ်ရာများရောက်လာလေပြီ။
ထိုအခိုက် ကမ္ဘာဦးမှာ သူမ၏လက်ကိုင်ဖုန်းမှ ရီကောဒင်း အသံဖမ်းစက်ခလုတ်ကိုနှိပ်လိုက်ပြီး စားပွဲဝိုင်းပေါ် မသိမသာမှောက်ထားလိုက်၏။
ရုတ်တရက်မို့ ထိုအချင်းအရာကို လူကိုနော်လည်း သတိမထားမိလိုက်ချေ။
..............................................
နှစ်ယောက်သား စားသောက်ကြရင်းမှ..
"နင့်ကိုငါ ပြောစရာရှိသေးတယ်..၊ ဒီလိုလေ...ငါကျောင်းလာတုန်းက လမ်းမှာ ခြေတဖက်မရှိတော့တဲ့ ဘကြီးတယောက်ကို စေတနာနဲ့ ငွေအဿပြာလှူခဲ့တယ်ဟ..၊ အဲ့ဒါ..နင်ပါ ကုသိုလ်ရအောင် ငါ့ရဲ့အလှူကို တဝက်ပြန်မျှပေးမယ်လေ၊ သာဓုခေါ်ပါလား၊ အမျှ...အမျှ...အမျှ"
ကမ္ဘာဦးက လူကိုနော်ကို ဆော်သြလာသည်။
"ဒီလိုဆိုပြန်တော့လည်း ငါ့ချစ်ရသူလေးက စာနာတတ်ပါလား" ဟု လူကိုနော် တွေးမိသွားပြန်သည်။
"သာဓု..သာဓု..သာဓု.."
မဆိုင်းမတွပင် အပြုံးဝေစည်စွာ သာဓုသုံးကြိမ် ခေါ်ဆိုမိလိုက်သည်။
စားလက်စကပင် ကမ္ဘာဦးက သူမလွယ်အိတ်လေးထဲက စာအုပ်လေးထုတ်ယူလိုက်ပြန်၏။ လူကိုနော် လှမ်းကြည့်လိုက်သည့်အခါ သူတို့၏ "ဟဲသာဟဲ" ကဗျာစာအုပ်လေး။
"ခေါက်ဆွဲကြော်ထဲက ကြက်သားဖတ်လေးစားမိရင်း ဒီကဗျာလေးကို ပြန်သတိရသွားလို့ဟ၊ ငါသဘောကျကြောင်း ပြောမလို့"
တိတ်ဆိတ်သွားမှုကို ကမ္ဘာဦးက သူမအသံနှင့် ပြန်လည် ဖြိုခွင်းလိုက်သည်။ စာအုပ်ထဲမှ ကဗျာတပုဒ်ကို ညွှန်းဆိုပြလာသည်။ လူကိုနော် ယူဖတ်မိ၏။ ကဗျာက သူကိုယ်တိုင် ရေးသားထားသော ဟာသကဗျာလေး ဖြစ်နေသည်။
"ကြက်သားသတိ"
ကြက်မ စီပီ (C.P )
ချက်မယ်ပြင်
မောင်ရင်လာ သတိ နိုးတစ် (Notice)
စနစ်တကျချက်ပါ ကြီးတော်ရယ်
ကြက်ငှက်တုတ်ကွေး ကူးတတ်တယ်
ဘယ်မွေးမြူရေးခြံက ကြက်ဖြစ်ဖြစ်
ဘယ်အိမ်သာနားကကြက်ဖြစ်ဖြစ်
ကြောက်ဖို့ကောင်းတဲ့ ရောဂါကြီး
အောက်အီးအီးအွတ် ။
-ပေါ်ဖျား
..............................................
"ကဲ..အားလုံး..စားထားသရွေ့...အမျှ..အမျှ..အမျှ.. နင်ရှင်းလိုက်ပါကုန်သော်ဝ်.."
"အယ်..နင်ပဲ ကျွေးမယ်ဆို ခေါ်လာတာလေ "
စားသောက်ကြအပြီး ကမ္ဘာဦး၏ သံရှည်ဆွဲပြီး ရွတ်ဆိုပြလိုက်မှုကြောင့် လူကိုနော် အံအားသင့်သွားသည်။
"ဟုတ်တယ်လေ၊ အခုလည်း ငါကျွေးတာပဲကို..၊ နင့်ကိုရှင်းခိုင်းတာက နင့်ကိုငါ ပေးထားတဲ့ငွေရှိလို့လေ"
"ဟင်..ဘယ်တုန်းက ပေးထားလို့လဲ "
ဒုတိယမိ အံအားသင့်ရမှုဖြစ်သည်။
"စောနကတင်ပဲလေ၊ တိုက်ရိုက်တော့မဟုတ်ဘူးပေါ့၊ သွယ်ဝိုက်ပြီးပေးထားတာ.."
"အာ..ဘယ်လို..ဘယ်လို.."
"နင်မခန့်မှန်းမိဘူးလား၊ ငါ အမျှဝေပေးတာကို နင် သာဓုခေါ်ထားတယ်လေ.."
"အေးလေ..မွန်မြတ်တဲ့လှူတတ်မှုပဲဆိုပြီး ခေါ်လိုက်တာလေ "
"အဲ့ဒီ့သဘောက ငါလှူလာတာ ၁၅၀၀၀ ရှိတယ်၊ တဝက်ပြန်မျှပေးတဲ့အခါ နင်ကသာဓုခေါ်ပြီး ယူလိုက်တယ်လေ၊ ဒီတော့ ၇၅၀၀ နင့်ဆီရောက်သွားကော၊ အဲဒါ အလှူယူခ ၇၅၀၀ ကို နင်က ငါ့ဆီ ပြန်ပေးရလိမ့်မှာ "
"ဟင်..နင်ကအလှူတောင် ဈေးတွက်နဲ့လား "
တတိယမိ အံ့အားသင့်ရပြန်သည်။
"လွယ်လွယ်မရဘူးလေ၊ နင် အခု အဲ့လူကြီးကို လှူချင်သပဆိုရင်တောင် လိုက်ရှာလှူလို့ရမလား၊ ပေးချင်သပဆိုရင်တောင် ရနိုင်မလားဟင်"
"အယ်.."
"အဲ့ဒီ့တော့..နင့်ဆီက ငါ ရစရာရှိမယ့် ဒီ ၇၅၀၀ နဲ့ရှင်းမှာမို့ ဒီဝိုင်းကို ငါရှင်းတာလို့ပြောလို့ရတယ်၊ အခုစားထားတာကလည်း ၇၀၀၀ ပဲကျမှာပါ ၊ ၅၀၀၀ တောင် နင့်ဆီက ငါထပ်ရဦးမယ်"
"ဟင်..နင်ရှင်းပြပုံဆို..ငါကနေရင်းထိုင်ရင်း အကြွေးတောင်..တင်နေရကိန်းကြီးပေါ့"
"ကုသိုလ်လည်းရ..အကြွေးလည်းရပေါ့ဟယ်.."
"ဟင်..၊ ဒါ နင်ငါ့ကို သက်သက်လှည့်စားတာနော်"
"လှည့်စားရအောင် ငါကဂျင်ဝိုင်းဒိုင်မှမဟုတ်တာ၊ ပိုနားလည်အောင် ပြောပြရရင် နင်အလှူအတန်းနဲ့ ဝေးနေမှာစိုးလို့ ငါစိုက်ပြီးလှူလာပေးတာလို့ မှတ်လိုက်....ဟုတ်ပြီလား၊ halve by halve ပေါ့၊ ယူခိုင်းတုန်းကလည်း...ငါက တဝက်ပြန်မျှပေးမယ်..သာဓုခေါ်ပါလား ပဲ မေးပြော ပြောပြီး အမျှဝေလိုက်တာနော်၊ အတင်း မယူမနေရပေးခဲ့တာမဟုတ်ဘူး"
"နင်..အမှန်တရားကို ဉာဏ်မများနဲ့နော်၊ ဒါဆို အဲ့ဒီ့အလှူကို ငါပြန်ပေးတယ်ဆိုပြီး အမျှပြန်ဝေမယ်၊ နင်သာဓု ပြန်ခေါ်၊ ဒါဆိုရင် ပြန်ကြေမလား "
"ယူပြီးသားပြန်ပေးလို့ရမလား"
"ဟင်...အမျှဆိုတာလည်း ထပ်တူရဖို့ပဲ ပေးတာပါ၊ တဝက်ပေးတယ်လည်း မရှိပါဘူး"
"ငါစပြောကတည်းက တဝက်ပြန်မျှမယ်ပဲ ပြောတာ၊ ဒါက ပေးသူရဲ့ဆန္ဒပေါ့ဟဲ့၊ ဒီမှာလည်း သက်သေရှိတယ်လေ"
သူတို့နှစ်ဦး အချေအတင်ငြင်းခုံမှုက ပေရှည်လာသည်။
ကမ္ဘာဦးက စကားကို သူနိုင်အောင်လုပြော၏။
ဘာပဲဖြစ်ဖြစ် ချစ်ရသောသူလေးနှင့် အလှူတခုတည်းကို အတူပြုရတာကပဲ ကြည်နူးစရာဟု လူကိုနော် ဖြေသိမ့်လက်ခံလိုက်ရတော့မည့်ပုံပင်။
ကမ္ဘာဦးက ရီကောဒင်းသွင်းထားသော လက်ကိုင်ဖုန်းကိုယူကာ အသံပင် ပြန်ဖွင့်ပြလိုက်သေး၏..။
"ငါ့ရဲ့အလှူကို တဝက်ပြန်မျှပေးမယ်လေ...သာဓုခေါ်ပါလား၊ အမျှ.. အမျှ...အမျှ"
ကမ္ဘာဦး၏ ပြောစကားနောက်တွင် လူကိုနော့်ထံက လှိုက်လှဲဝမ်းသာသံကြီး ထွက်ပေါ်လာလေသည်။
"သာဓု..သာဓု..သာဓု.."
..............................................
အခန်း(၇)
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ငွေစံယာ ကန်တင်းတွင် လူကိုနော်နှင့် ခင်ရာမင်ကြောင်း သူငယ်ချင်းအပေါင်းအဖော်များ လူစုံတက်စုံ ထိုင်နေကြ၏။
အဇဋာကောင်းကင်တခွင်မှာတော့ ဘော်ငွေရောင် တိမ်သားအုပ်များက ရွေ့လျားနေကြသည်။
"လူတွေအကျင့်ဆိုတာ..သူများနဲ့ယှဉ်ရင်..နေရာတကာမှာ ရှေ့ကနေ တစ်မှတစ်ဖြစ်ချင်ကြတာများတယ်ကွ"
အမ်ဒီးတန်က ဆိုသည်။
"ငါကတော့ အပျင်းပဲတစ်ချင်တာ"
စိုင်းဟန်မိန်း ကဝင်ဖောက်သည်။
ထို့နောက်...
"ဒါကြောင့် သူသူငါငါ ပြိုင်ဆိုင်ကြလိုက်တာ၊ အဲ...ပြိုင်ဆိုင်ရင်း တချို့ဆို အမှုအခင်းတောင်ဖြစ်သွားတတ်ကြတယ်။ အမှုအခင်းလည်းဖြစ်ကော..ကိုယ်မှန်ကြောင်းကို..ရှေ့ကနေ ကိုယ်ကချည်း ပြောဆိုပြနေလို့မရတော့ဘူး၊ ကိုယ့်ရှေ့ကနေ ရှိမယ့် ရှေ့နေဆိုတာကို ငှားရကော.. အဟက်"
အမ်ဒီးတန်က ဆက်လက်ပြော၏။
"ပြိုင်ဆိုင်ရင်တောင် သူတပါးအပေါ်မေတ္တာမပျက်စေဘဲ ကိုယ်တိုးတက်အောင်သာ ပြုမူပေးတဲ့ ပြိုင်ဘက်၊ ခေတ်ပြိုင်၊ ယှဉ်ဘက်အဖြစ်သာ စိတ်ကလေးထားတတ်ရင်တော့ ကောင်းတာပေါ့၊ သူမေတ္တာပျက်လည်း ကိုယ်မပျက်စေနဲ့ပေါ့၊ အဲ..ဒါပေမယ့် ဘယ်သူမေတ္တာပျက်ပျက် ကိုယ်ကတာ့ ပျက်မှာပဲဆိုတာကလည်း ရှိသေးတယ်"
စိုင်းဟန်မိန်းက ပြောပြန်၏။
"ဘယ်သူလဲဟင် "
ခြိမ့်ဒီသွေးက စကားထောက်မေးတော့...
"လျှပ်စစ်မီးလေ"
ပြောချင်ရာပြောလိုက်..ပွဲကျလိုက်ဖြင့် ဝိုင်းလေးကစိုပြေနေ၏။
"တက်တယ်ဆိုလို့ ဈေးနှုန်းတက်လွန်းတာ
ကြောင့် ဈေးကွက်ပျက်ရတာလည်း ရှိတယ်၊ ကုန်ဈေးနှုန်းတက်မှုကြောင့်ပေါ်လာတဲ့သီချင်းတောင်ရှိသေးတယ် "
နေခေတ်လင်းက ပြောသည်။
"ဘာသီချင်းလဲဟ "
အမ်ဒီးတန်က ဝင်မေး၏။
"ဒီလိုကွ...အညာက တောသူမလေးတယောက် မြို့တက် အလုပ်လုပ်တယ်၊ မြို့သားတဦးနဲ့ဆုံတွေ့ ကြတယ်
မြို့သားက ( မယားတောသူ ) လို့တွေးတယ်၊ တောသူမှ အိမ်မှုကိစ္စနိုင်နင်းမယ်ပေါ့..၊ တောသူကလည်း မြို့သားမှ မျက်စိပွင့် နားပွင့်ပိုရှိမယ်ပေါ့လေ၊ တောသားဆိုရင်မယူဘူးဆိုတဲ့ သဘောနဲ့(မယူ..တောသား ) လို့ ဆုံးဖြတ်ထားတယ်
ဒါနဲ့..နှစ်ဦးတွေ့ကြကော၊ နဂိုစိတ်အခံလေးတွေကလည်းရှိတော့ သဘောတူချစ်ကြိုက်ပြီး လက်မှတ်ထိုးယူလိုက်ကြတယ် ဆိုပါစို့။
ဒါပေမယ့် လက်ထပ်ပြီး မြို့မှာပဲ အတူနေထိုင်လာကြတဲ့အခါ အိမ်ထောင်တခုရဲ့ကုန်ကျစရိတ်နဲ့ ရတဲ့ဝင်ငွေက မမျှတကြဘူး၊ မြို့ပေါ်မှာ ကုန်ကျစရိတ်က တောရွာမှာထက် အစစအရာရာ ကြီးမြင့်တယ်လေ။
ဒါနဲ့..မောင်ရေ..သွားကြစို့ ..ကျွန်မတို့ရဲ့အညာ..ဆိုတဲ့ သီချင်းပေါ်လာတော့တာပဲ..အဟဲ"
"ဟား..မင်းကလည်း..ပေါက်တတ်ကရကွာ..."
စိုင်းဟန်မိန်းက ရယ်သွမ်းရင်းဆို၏။
"အညာဆိုလို့ အညာမှာတင်မက..မြို့မှာကော အမဲသားကိုတော့..ကျေးဇူးရှင်အသားဆိုပြီး ရှောင်တယ်တဲ့၊ ကျေးဇူးရှင်လောင်းလေးတွေစို့မယ့် နွားနို့ကျတော့ အားရှိတယ်ဆိုပြီး လုသောက်ကြတယ်၊ နို့စစ်စစ်လေးနော်ဆိုတာက ပါလိုက်သေးတယ်"
နေခေတ်လင်းက တစခန်းထ အသောဝင်ထေ့ပြန်၏။
တယောက်တမျိုးစားသောက်ကြရင်း.. တယောက်တမျိုး အကြောင်းအရာအစုံကို ရောက်တတ်ရာရာ နှုတ်ကုန်ဖွင့်မိနေကြခြင်းဖြစ်သည်။
"အေး..ကြက်သားမှကြက်သားပဲစားတဲ့ ကြက်ခရေဇီဖြစ်သူလည်းရှိသေးတယ်ကွ..၊ ဟော...."
လူကိုနော် စကားပင်မဆုံးလိုက်...။
သူ၏ ဟမ်းဖုန်းဆီသို့ ခေါ်မြည်သံတရပ် ဝင်လာသည်။
နားထောင်ကြည့်လိုက်သည့်အခါ ကမ္ဘာဦး၏ ခွန်းဆင့်သံချိုချိုလေး ပေါ်ထွက်လာ၏။
ယမန်နေ့တွင် ကမ္ဘာဦးက ဖုန်းရီကောဒင်းမှ သာဓုသံဖွင့်ပြပြီးနောက် လူကိုနော်ကို ကျသင့်ငွေ အတင်းရှင်းခိုင်းခဲ့သည်။ ထို့နောက် ဖုန်းနံပါတ်ကိုပါ အရေးအကြောင်းပေါ်လျှင် ဆက်သွယ်၍ရအောင်ဆိုကာ တပါတည်းတောင်းယူသွားခဲ့၏။
"ငါ... နင်နဲ့တွေ့ချင်လို့...ဘယ်မှာရှိမလဲဟ၊ မနေ့က ကိစ္စကိုလည်း လူကိုယ်တိုင်တွေ့ပြီး ပြန်ရှင်းပြချင်လို့ပါ"
လူကိုနော်လည်း သူရှိရာ လာရောက်ရမည့်နေရာကို ညွှန်းဆိုပြလိုက်၏။
သိပ်များမကြာလိုက်။
ရင်စေ့ အင်္ကျီအဖြူ ဗြောင်ထဘီနီညိုရောင်တို့ကို ဆင်မြန်းထားလျက် ရိုးရိုးလေးလှပနေသည့် ကမ္ဘာဦး ရောက်ရှိလာသည်။
သူမက ခုံလွတ်တခုဆွဲကာ ဝင်ထိုင်လိုက်သည်။
"နင့်ကိုငါက ပျော်စေရွှင်စေ အသက်ရှည်စေဆိုပြီး တမင်စနောက်လိုက်တာပါ၊ ဒါကိုမှ အရကောက်ပြီး ပိတ်ထိုးချင်တာတို့ စိတ်ဆိုးရင်နာတာတို့ အခုအထိ ကြိတ်ဖြစ်နေမှာစိုးလို့ပါ၊ ငါ.. ဘာအလှူမှမလုပ်ခဲ့တာလည်း ဝန်ခံပါတယ်၊ လုပ်ခဲ့ရင်တောင် ဒီနည်းက မလိမ့်တပတ်ကြီးနဲ့ နင့်ကိုရှင်းခိုင်းတာမလား၊ မဖြူစင်ပါဘူးဟာ"
လူကိုနော် ဆီသို့ ဦးတည်ပြောလိုက်၏။
"အင်..."
"ဒါမို့ ..ဆဲတော့လည်းမဆဲဘူးမလား၊ နင်အသဲပျော့အောင် ဇွဲမလျှော့ဘဲ မနည်းချော့ရမယ်လို့တော့ ငါ မထင်ထားပါဘူးလေ၊ ဘာလို့လဲဆိုတော့...ဒီနေ့.. နင်စားသမျှ ငါတကယ်ပြန်ကျွေးမှာမို့လို့ပါ"
သူမက အာမခံနေသော်လည်း လူကိုနော်မှာ တခါဖျားဖူးဆေးဖိုးနားလည်သူလို မဝံမရဲ သတိကပ်လျက်..
"နင့်စကားက..ယုန်ကောင်ပိုက်ပြီး ရေယုန်ဖြစ်နေတဲ့ပါးစပ်နဲ့ပြောရင်တောင်..ယုံရခက်ကြီးနော် "
အထွန့်တက်လိုက်သေး၏။
သည်တော့ သူမမှာ လုပ်ငန်းခွင် ကန်ထရိုက်ဆွဲခွင့်ရသူလို ခပ်ဝင့်ဝင့်ပြုံး၍
"အို..ကျွေးတာမှ..နင့်တင်မဟုတ်၊ နင့်သူငယ်ချင်းတွေကိုပါ..သေချာပြုံးဟန်ပြပြီး စေတနာသုံးတန်မကနဲ့ ကျွေးမှာပါ၊ ငါ ခန့်မှန်းကြည့်တာကတော့..သူတို့ကလည်း ကဗျာစာအုပ်ထဲမှာ ဝင်ရေးသူတွေပဲတူတယ်၊ ဒါဆို ငါမပေးခဲ့ရတဲ့ကဗျာစာအုပ်အဖိုးအခဉာဏ်ပူဇော်တာအနေနဲ့ကော စတွေ့ပြီးခင်မင်တဲ့ အထိမ်းအမှတ်အနေနဲ့
ကောပေါ့ "
ရက်ရက်ရောရော ဆိုဟန်ကြောင့် ကျန်ရှိသူများအားလုံးပါ ခေါင်းထထောင်လာကြသည်။
ကမ္ဘာဦးက သူမပိုက်ဆံအိတ်ကို ဖွင်ကာ ငွေစက္ကူများကို မြင်သာအောင် ပြသလိုက်၏။ ထိုမှ...အိတ်ကို စားပွဲပေါ် တင်ထားလိုက်ကာ..
"ကဲ..ယုံပြီလား...စားသောက်ထားသမျှလည်း ရှင်းပေးမယ်၊ နောက်ထပ်မှာသလောက်လည်း ကြိုက်သလောက်မှာ ကျသလောက် ငါရှင်းမယ်၊ မယုံမရှိနဲ့..အကုန်သိအောင် အပြောရှိလိုက်မယ်..ငါဟဲ့..ဘောခွက်.."
"ဘောစိလုပ်ပါဟ ၊ ကာရံနဘေကိုက်အောင်.."
နေခေတ်လင်းက ဝင်ထောက်သည်။
"ဘောစိတွေကိုတောင် ထည့်ထားလို့ရတဲ့ ဘောခွက်လို့ ပိုင်ဆိုင်မှုမြင့်မားပုံကို တင်စားပြောတာဟ "
"ငါက မစားတာတခုပဲရှိတယ်နော် "
အမ်ဒီးတန် က ပြောလာသည်။
"နင်က ဘာမစားတာလဲ"
"ဝယ်မစားတာလေ..၊ အခုလိုသာဆိုရင်တော့ အလကားသာရ.. ပဒိုင်းသီးတောင် အရူးခံစားမှာ၊ ဇူဇကာ ရှုံးအောင် ရေတောင် ပါဆယ်ဆွဲမှာ "
"ကဲပါ..ဘလွတ်ရွှတ်တတွေ ဇွတ်မလွှတ်ပါနဲ့တော့၊ စားချင်တာမှာကြ၊ ငါကေတာ့..လက်ဖက်ထမင်းကို ကြက်ဥဟတ်ဘရိတ်ကြော်နဲ့စားမှာ ၊ အဲ..အစားကောင်းစားရတဲ့အခါ..စတိတ်ကျောင်းသားလေးကိုလည်း မေ့လို့မဖြစ်ဘူး"
ကမ္ဘာဦး၏အပြောကြောင့် လူကိုနော်က
"ဘယ်က စတိတ်ကျောင်းသားလေးလဲဟ၊ နင်တယောက်တည်းလာတာမလား"
သဝန်တိုသလို မေးလိုက်၏။
"ဒီလိုဟ..လက်ဖက်ထမင်းက ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းနဲ့ တွဲစားမှ အစပ်အဟပ်တည့်တာမလား၊
စတိတ်ကျောင်းသားလေးက အင်္ကျီအဖြူ လုံခြည်အစိမ်း ဝတ်ရတယ်လေ၊ ဒီယူနီဖောင်းအရောင်နဲ့ယှဉ်ပြီး ကြက်သွန်အဖြူနဲ့ငရုတ်သီးအစိမ်းကို စတိတ်ကျောင်းသားလေးလို့ သွယ်ဝိုက်ညွှန်းတာပါ၊ ကောင်းကောင်းစားဖို့ သူလည်း ပါရမယ်လို့ ဆိုလိုတာ"
ထို့နောက် လိုအပ်သည်များကို မှာစားကြရင်း...
"မေရီ...နင်ပြောသလိုပဲ၊ ဒီလူတွေက...ကဗျာစာအုပ်ထဲမှာ ဝိုင်းဝန်းပါဝင်
ရေးသားထားတဲ့ ငါ့သူငယ်ချင်းအရင်းတွေပါ၊ ဟဲသာဟဲ grouph ပေါ့၊ အားလုံးက
ဓာတုဗေဒမေဂျာကချည်းပဲ"
လူကိုနော် က သံတမန်ဆက်ဆံရေးလို မိတ်ဆက် ခင်းကျင်းပေးလိုက်သည်။
"အမ်ဒီးတန်ကိုတော့ နင်သိပြီးသားပါ၊ ဒီတယောက်ကတော့ ခြိမ့်ဒီသွေးတဲ့၊ သူက ကဗျာဆရာအောင်ချိမ့်ခရေဇီဟ၊ ဒါကြောင့် သူ့ကိုငါတိုက မောင်ခြိမ့်လို့ ခေါ်ကြတယ်"
ကမ္ဘာဦးက ခေါင်းညိတ်သည်။
"နင့်..နာမည်ကကော.."
သူမက ကျန်တယောက်ကို လှည့်မေးလိုက်၏။
ထို့ကြောင့်
"ဘွန်ဇိုင်းလေ၊ ငါက ဂျပန်နည်းပညာနဲ့စိုက်ပျိုးတဲ့အပင်ပြုစုပျိုးထောင်တဲ့နည်းကိုဝါသနာပါလို့ခေါ်ကြတာ၊ နာမည်ရင်းက နေခေတ်လင်းတဲ့"
အမေးခံရသူ နေခေတ်လင်းက ဝင်ဖြေသည်။
"ငါကေတာ့... နာမည်အရင်းက စိုင်းဟန်မိန်းပါ၊ ရှမ်းတိုင်းရင်းသားပေါ့၊ ဟန်က သူရဲကောင်း၊ မိန်းက နိုင်ငံလို့ အ ဓိ ပ္ပာ ယ် ရတယ် ၊ ဒီတော့ ဆီလျော်အောင်
ဘာသာပြန်ပြရရင် နိုင်ငံရဲ့သူရဲကောင်းပေါ့၊ ဒါပေမယ့်...ငါက ကိုးရက်နေ့ ကိုးလပိုင်း မှာမွေးတဲ့သူမို့ ကိုးဂဏန်းကိုသိပ်ကြိုက်တယ်၊ ဒါကြောင့်သူငယ်ချင်းတွေက ကိုး လို့ နာမည်ပြောင်ခေါ်ကြတယ်"
နောက်ဆုံးကျန်ရစ်သူ စိုင်းဟန်မိန်းက သူ့အမည်သူဖော်ပင်လုပ်လိုက်၏။
လူကိုနော်ကတော့ ကမ္ဘာဦး၏
နှလုံးသားဆီက ချစ်ခြင်းတရားကိုရရှိဖို့...မည်သို့ကြံဆောင်ရပါမည်နည်းဟုသာ တွေးနေလေသည်။
အချစ်ဆိုတာ...ကလေးကစားစရာမဟုတ်ပါချေလည်း ပွေးယားနာလို ကုတ်လေ..အာသာမပြေလေပါလားဟုလည်း စဉ်းစားမိလိုက်သေးသည်။
ငွေစံယာကန်တင်းက သာယာစည်ကားမှု အရှိန်မပျက်ပင် ရှိနေသည်။ လူကိုနော်တို့ ဝိုင်းလေးကတော့ စားလက်စ အရှိန်ရပ်တန့်သွားကြပြီ။
ကမ္ဘာဦးက သူမကိုယ်သူမ ဒကာတော်ရေမြေ့ရှင်မပုံဖမ်းကာ စားပွဲထိုးလေးကိုခေါ်၊ ကျသင့်ငွေကိုရှင်းတော်မူ၏။
စားပွဲခုံပေါ်တင်ထားသော ကျပ်ငွေစက္ကူများသည် ပိုင်ရှင်ပြောင်းဖို့ ထွက်တော်မူနန်းက ခွာလေပြီ။ ကမ္ဘာဦးက ပါတော်မူသွားသော ငွေစက္ကူများကို တွန့်တိုမှုအလျင်းမရှိဟန်ပုံ ပြသရင်း
"မျက်မြင်ကိုယ်တွေ့ယုံပြီနော်၊ နင်တို့ကို ငါက တကယ်ကျွေးပါတယ်နော် ၊ ကျွေးတော့ကျွေးပေမယ့် မွေးတာတော့မပါဘူးနော်"
"အဲ့ဒါ..ဘာစကားလဲဟ.."
နေခေတ်လင်းက ကြားဖြတ်မေးမြန်းလိုက်သည်။
"နတ်ပွဲမှာ သင်္ချိုင်းစောင့်နတ်ဝင်ရင် သူစားလိုရာကို ကျွေးပြီး ပြောတတ်နှင်တတ်ကြတာလေ "
"အယ်...နင်ကလည်း ကျွေးတာနဲ့ကာမိအောင် ဘရိတ်လွှတ်ပြီး နှိပ်ကွပ်တာတာလား"
စိုင်းဟန်မိန်းက မချိသွားဖြဲဖြင့် ဝင်ပြော၏။
"စတာပါဟယ်၊ နင်တို့ကို ကျွေးရတာ ငါ့အတွက် ငွေရေးကြေးရေးဆံပင်မွှေးပါပဲဟာ.."
"ငွေရေးကြေးရေး ခြေသလုံးမွှေးပဲကြားဖူးတာပါ"
ခြိမ့်ဒီသွေးက ပြင်ဆင်ပေး၏။
"အို..ဆံပင်မွှေးကမှ..ရှည်လာရင် ဖြတ်ရောင်းစားပြီး ဝင်ငွေရသေး၊ နောက်တာပါဟ..၊ ငါက.. ငွေကြေးကို ဆံပင်မွှေးလိုတော့ ဦးထိပ်ပန်ဆင် မထားပါဘူး"
ကမ္ဘာဦးက မျက်ခုံးလေးပင့်၍ ဆိုသည်။
"ငွေကို ခေါင်းထဲထည့်မထားဘဲ လက်နဲ့ပဲကိုင်သုံးပစ်တာလို့ ပြောလည်းရတယ်မလား"
နေခေတ်လင်းက အားပေးသလိုနှင့် မြှောက်ပင့်ပေးသည်။
"သြော်..ဒါနဲ့..နင်တို့ ငါ့ကိုအရေးပေါ်တခုလောက် ကူညီကြပါလားဟာ၊ ငါ့အသက်အန္တရာယ်နဲ့ဆိုင်နေတဲ့ကိစ္စမို့ ဖွင့်ပြောတာပါ"
"ဟင်...ဘာများဖြစ်လို့လဲ၊ ငါစိတ်ပူလိုက်တာဟာ"
ရုတ်တရက်ပင် ကမ္ဘာဦး၏ ညှိုးငယ်သွားသော မျက်နှာလေးနှင့်တိုးလျသည့်လေသံလေးကြောင့် လူကိုနော် စိုးရိမ်တကြီးဖြစ်သွားမိ၏။
"ဒီလိုဟာ..မနေ့က ကျောင်းကနေ အိမ်ပြန်ရောက်တော့ အသိဗေဒင်ဆရာတဦးရောက်နေတယ်၊ သူ့ဆီမှာ..မေမေကနေ ဗေဒင်တွက်ခိုင်းတယ်၊ ဗေဒင်ဆိုတာ သေရင်တွက်မရဘူး၊ မသေခင်မှာ တွက်ထားရမယ်ဆိုပြီး တွက်ကြည့်ရပါလေကော၊ ဒီတော့ အခုရက်ပိုင်းအတွင်းမှာ ငါဟာ အက်ဆီးဒင့်တခုနဲ့ ဆုံးပါးစေနိုင်တဲ့အကြောင်းကံပါနေတယ်တဲ့၊ ဒါကို အံတုဖို့က ယတြာချေပေးရမယ်တဲ့"
"ဘယ်လိုများလဲ"
"လူတွေရဲ့ရှင်သန်ရမှုထဲမှာပါတဲ့ အဟာရအတွက် ဒါနပြုတဲ့အနေနဲ့ လူတစုကို အစားအစာကျွေးရမယ်တဲ့၊ ပြီးတော့ လျက်ဆားပါ လျက်ဖို့ ပေးရမယ်ဆိုတယ်၊ ဆေးအလှူသဘောမျိုးပေါ့၊ ဒါပေမယ့် ကိုယ်ပေးတဲ့လျက်ဆားကိုစားကြမှလည်း ဒီယတြာက အထမြောက် အောင်မြင်မှာလို့ ဆိုတယ်"
"ပြောတော့ပြော...အပိုမပါစေနဲ့နော်"
နားထောင်နေရင်းမှ...ကမ္ဘာဦး၏ စကားပရိယာယ် ကြွယ်ဝ လှည့်ပတ်တတ်မှုများကို လူကိုနော် တွေးမိပြန်၏။ ထို့ကြောင့် သတိဝင်သွားသည့် အခိုက်အတန့်လေး သံသယဖြင့် စကားနှိုက်မိလိုက်သေး၏။
"အတည်ပါဆိုဟာ၊ အဲ့ဒါ အခုအခွင့်အရေးရတုန်း နင်တို့ကို ငါက အဟာရဒါနပြုထိုက်တာနဲ့ ကြုံရတယ်၊ ဒါပြီးသွားတဲ့အခါမလည်း တလက်စတည်း ငါ့လျက်ဆားလေးပါ ... ငါကျွေးတုန်းအခိုက် ဝိုင်းကူအားပေးကြရင်ဖြင့် ငါ့ယတြာကိစ္စအတွက်ပါ ပြည့်စုံသွားစေမယ်မို့လား၊ အဲဒါ သတိရမိသွားလို့ဟာ၊ လျက်ဆားကလည်း ငါအမြဲစားနေကျ ဆောင်ထားတာမို့ အသင့်ပါလာတယ်ဟ"
ပြောရင်းမှ ကမ္ဘာဦးက ပလတ်စတစ်အိတ်ငယ်တခုကို ပိုက်ဆံအိတ်ထဲမှထုတ်ကာ ဝိုင်းအတွင်းရှိလူအားလုံးကို မင်သေသေဖြင့် တချက်ဖမ်းရှိုးလိုက်သည်။
အနေအထားက အားလုံး အာရုံဝင်စားနေပြီထင်တော့မှ သူ့စကားကို ရှေ့ဆက်လေသည်။
"ကဲ...ဒီပြဿနာ ဇယားငြိမ်းအေးသွားဖို့ ပံ့ပိုးပေးကြမယ်မို့လား၊ အခက်ဘေးအတွက် လျက်ပေးကြပါဦး၊ ငဲ့ညှာသောအားဖြင့် လက်ခံပေးကြပါ"
"လက်ခံလိုက်မယ် "
ကမ္ဘာဦး၏ အပြောကောင်းမွန်မှုကြောင့် နေခေတ်လင်းက အလွယ်တကူပင် လက်ဝါးဖြန့်ပေးချေသည်။
"ဒါလေးများ..ဘာအရေးထားရမလဲ..ထည့်လိုက် "
အမ်ဒီးတန် ကလည်း အလိုတူအလိုပါ၏။ လူကိုနော်ကတော့...
"တကယ့်လျက်ဆားကော စစ်ရဲ့လားဟ "
"စစ်သမျှ..နယ်နယ်ရရတောင်မဟုတ်ဘူး၊ နယ်တိုင်းပယ်တိုင်းမှာ မရနိုင်တဲ့ .. ငါ့အိမ်မှာ ဘိုးဘေးဘီဘင်ဘောင် အစဉ်အဆက် အမြဲ ဖော်စားလာတဲ့ ဂန္တဝင်လျက်ဆား၊ ဒါကြောင့်မို့ တကူးတကလည်း အမြဲဆောင်ထားတာ၊ ယတြာနဲ့အံကိုက်ဖြစ်နေလို့သာ ကျွေးတာ၊ လွယ်လွယ်မရဘူးနော်... လေမျိုးကိုးဆယ်နိုင်တယ်။ ငါပါစားရမယ်ဆိုတဲ့အထဲ မပါရဘူးဆိုလို့သာ နမူနာစားမပြတော့တာ "
"ကိုး" ဆိုတဲ့အသံ ပါလာသည်ကို ကြားလိုက်သည်နှင့်ပင်...စိုင်းဟန်မိန်းကတော့ စိတ်လိုလက်ရ ဖြစ်သွားပြီး..
"ဟာ..အမှန်ကြီး ကိုးဆယ်နော်၊ တကယ်လေထိုးရင် ဘယ်အမေမျိုးမှ မကယ်နိုင်တာတော့ လေနာရောဂါဖြစ်ဖူးမှသိမှာ... ပေး..ပေး.."
ကမ္ဘာဦးရှေ့သို့..လက်ဝါးထိုးပေးလာသည်။
ခြိမ့်ဒီသွေးကလည်း အလကားရလျှင် လျက်ဆားတောင် လေလည်မနားရအောင် လျက်မည့်ပုံနှင့် ဝင်ပြီး လက်ဖြန့်လာသည်။
လူကိုနော်ကတော့ ကမ္ဘာဦး၏ ပြောပုံဆိုပုံ အမူအယာဟန်ပန်ကိုကြည့်ကာ မယုံမရဲသလိုဖြစ်နေသဖြင့် လက်အသင့် မခံယူဝံ့ချေ။ သူမဆီက အချစ်ကိုသာ သင်္ကာယနကင်းစွာ လက်သင့်ခံချင်မိသည်။
ကိုယ်စီကိုယ်ငှ လျက်ဆားယူရန် လက်ဝါးဖြန့်လျက်ရှိကြစဉ် လူကိုနော်မပါဝင်သေးသည်ကြောင့် ကမ္ဘာဦးက ချစ်စဖွယ်နှုတ်ခမ်းလေးစူပြကာ မေးငေါ့လျှက်...
"နင်ကကော ဘာလို့လဲ၊ ဒါလေးကိုတောင် မယုံကြည်တာလား... ငြိုငြင်တာလား .. ငါ့ကို "
"အာ..မဟုတ်ပါဘူး..ပေး .. ပေးပါ "
ကိုင်း - ဘယ့်နှယ်ရှိစ။ မည်သို့ပင် မဝံ့ချင်ပါစေဦး။ သူ့ဆန္ဒနဲ့ကိုယ့်မသင်္ကာမှုကို ဗျိုင်းမွှေးနဲ့ချိုင်းမွေးလို ဆန့်ကျင်ဘက် မမြင်စေလို။ ကိုယ်ချစ်သော မိန်းကလေး၏ အန္တရာယ်ကိုတော့ ဘယ်သူကဖြစ်ချင်မှာလဲ။ တကယ်သာ ဆိုလျှင် ကိုယ်မကူညီလိုက်လို့ သူ့ခမျာ ဘေးတွေ့သွားရမည်ဆိုပါစို့။ ရင်ကျိုးရချည်ရဲ့ ဟူသော အတွေးက... ကမ္ဘာဦး၏ အလိုမကျဟန်အောက်တွင် အထိတ်တလန့် ဝင်လာတော့သည်ကိုး။ သို့နှင့် သူမ သဘောထားကို ဖြည့်စည်းပေးလိုက်တော့၏။
လျက်ဆားဟူသမျှ အားလုံးကုန်စင် လျက်စားပြီးလျှင်သော်မှ ကမ္ဘာဦးက အောင်နိုင်သူစစ်သူကြီးအပြုံးနှင့်
"အဟား...အခု ငါ..ဗေဒင်ကို ခုတုံးလုပ် ပရိယာယ်ဆင်ပြီး အထိတွယ်လိုက်တာဟ၊
နင်တို့စားခဲ့တာ..လျက်ဆား မဟုတ်ဘူး၊ ဝမ်းလျှောဝမ်းသွားစေတဲ့ ကနခိုအမှုန့်တွေ၊ သိပ်လည်းမစိုးရိမ်ကြပါနဲ့..၊ အခြေအနေမဟန်ရင်တော့ ဒီလိပ်စာလေးအတိုင်းဆက်သွယ်လိုက်ကြနော် "
မထီတရီနှင့်ဝန်ခံသလိုပြောရင်း ကမ္ဘာဦးက လွယ်အိတ်ထဲမှ စာရွက်တရွက်ကို ထပ်မံထုတ်ယူကာ ချပေး၏။နောက်...ဝေဟင်မှာ ဝဲပျံသည့် လေတံခွန်တစင်းလို...ကန်တင်းနှင့် ဝေးရာဆီသို့ လစ်သွားလေ၏။
..............................................
ကမ္ဘာဦးထားခဲ့သောစာရွက်လေးကို လူကိုနော်တို့တသိုက် ဝိုင်းဖတ်ကြည့်လိုက်တော့ အပီအပြင် ရေးသားထားချက်တွေက ကြောက်ခမန်းလိလိ..။
"သေပန်းလှ"
အဆင့်မြင့် သေတ္တာအခေါင်းရောင်းဝယ်ရေး
ဦးဥယာဥ်မှူး နှင့် ဒေါ်ပန်းပွင့်
သား...မောင်ပေါက်ပန်း
သမီး....မပိန်းပန်း တို့ ဦးစီး၍
ဦးခေါင်း - ဒေါ်ကေသာ
ဦးလုံးစေ့- ဒေါ်ပတ်စေ့
ဦးထောင် - ဒေါ်ပြား
ကိုထိုးမုန့် - ဒေါ်မရွေး
မောင်R.ဒမ် - မA.ဝ တို့မှ အစုစပ်ရှယ်ယာပါဝင်သည်။
- မဆန်းသော သင်္ခါရသဘောတရားကြောင့် ဘယ်လိုနည်းနဲ့ပဲ သေခြင်းကိုတွေ့တွေ့၊ အလောင်းရှိလျှင် အခေါင်းအတွက် မစိုးရိမ်နှင့်၊ တခါသေဖူး ပျဉ်ဖိုးနားလည်သွားရမည်။
ပြည်တွင်းဖြစ် သေတ္တာအခေါင်းများကို အရောင်အသွေးစုံ ကနုတ်ပန်းလက်ရာများနှင့် ဈေးနှုန်းအလိုက်အမျိုးအစားပုံစံအစုံ ရနိုင်ပြီ။ ခိုင်ခံသည်။ စိတ်တိုင်းကျရွေးချယ်ယူနိုင်သည်။ ဝယ်သူ့စိတ်ကြိုက် အော်ဒါအမှာ လက်ခံသည်။ ပြန်လဲလှယ်ခြင်း သည်းခံပါ။
ပရိုမိုးရှင်းအနေဖြင့်..ထူးဆန်းသည့်ရောဂါနှင့် ကွယ်လွန်သူများ၊ အစိမ်းသေ အဖြစ် အနိစ္စသဘောနှင့် ဇီဝနတ္တိဖြစ်ကြသူများကို ဒစ်စကောင့်လျော့ဈေး ချပေးပါမည်။ သေတ္တာအခေါင်းကြီးတလုံးဝယ်လျှင် အခေါင်းသေးတလုံးလက်ဆောင်ရမည်။ အခေါင်းများပေါ်တွင် ဆိုင်မှအမှတ်တရ လက်မှတ်ထိုးပေးမည်။
ကံစမ်းမဲအဖြစ် ငှက်ပျောပွဲတပွဲ၊ ကြေးစည်တလက်၊သံဝေဂရစရာ လူ့ဦးခေါင်းခွံရိုးတလုံးကို မဲနှိုက်၍ လက်ဆောင်ပေးပါမည်။
မသေခင် သင်ကိုယ်တိုင်လည်း သေတ္တာအခေါင်းအာမခံဖြင့် သီးသန့်ကြိုတင်မှာထားနိုင်သည်။ အိမ်အရောက်ပို့
Door to Door စနစ်လည်း ဝန်ဆောင်မှုရှိပါသည်။
မေတ္တာအရောင်းလှလှ သေတ္တာအခေါင်းလှလှနဲ့
တို့များ..သေပန်းလှကြရအောင် ... ။
ရဲဝင့်သောခြေလှမ်း အားမာန်စွမ်းဖြင့် လှမ်းလာနိုင်ပါသည် ။
ဆက်သွယ်ရန်မှာ ...
မှော်ဘီ ၃-ချိုင်းကင်းအနီးသို့ လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်ကြသလို ဖုန်းနံပါတ် 09........... သို့လည်း ဆက်သွယ်ခေါ်ဆိုနိုင်ပါသည်။
ရေးထားသမျှ စာအကုန် ဖတ်ပြီးသည့်သကာလ...
သူတို့လူစုမှာ ကြက်သီးများ တဖြန်းဖြန်း ခန္ဓာတဝှမ်း ကိုယ်စီလွှမ်းသွားကာ ရှိသမျှ အမွှေးအမျှင်အကုန်ပင် ထောင်သွားကြလေသည်။
"ကဲ.. ဒါကြောင့် ကျားနှုတ်ခမ်းမွှေးပြေးဆွဲတာကမှ အန္တရာယ်ကင်းဦးမယ်။ မေရီကတော့ ပြဿနာရှာကြံတတ်တဲ့ သူ့လုပ်ရပ်တွေကြောင့် သူ့သူငယ်ချင်းတွေက ဖယ်ကြင်လာကြပြီး ဘယ်သူမှမပေါင်းရဲတော့တာမို့ အမြဲတမ်း တယောက်တည်းတွေ့နေရတာကိုး"
ဟု လူကိုနော် ပိုမို သဘောပေါက်မိလာ၏။ တဆက်တည်းမှာပင်...ဝမ်းဗိုက်များအတွင်းကလည်း တဂွီဂွီတဂွမ်ဂွမ် မြည်တွန်ကာ ဆန္ဒပြလာကြလေကုန်၏။ တခဏချင်းပေါ်ပေါက်လာသော တိုက်ပွဲခေါ်သံများကြောင့် မာရသွန်ရပေတော့၏။ ရေအိမ်ရှိရာအရပ်ဆီသို့ ကိုယ်စီကိုယ်ငှ ပြေးကြရ၏။
အိမ်သာကမုတ်နဲ့ မူလီစုတ်ထားရတော့မလို ကန်ထရိုက်ဆွဲထားကြရသည်။ သြော်..ပြောင်းဖူးရိုးနှင့်ဆို့ထား၍လည်း အဆင်မပြေ။
တာတမံတုတ်ထားသော်မှ မရနိုင်အောင် ကနခိုအစွမ်း အံမခန်းပင်တည်း။
...............................................
Keep Reading