Tawtawti
အခန်း(၅)
နံနက်ခင်းသည် နေခြည်သစ်ကို ဆောင်ကျဉ်းလျက် လောကတနေ့တာကို ကန့်လန့်ကာ ဖွင့်လှစ်လိုက်ပြန်သည်။
လူကိုနော်နှင့် သူငယ်ချင်းများတစု အမှတ်တရ ကဗျာစာအုပ်လေးတအုပ် စုပေါင်းရေးသားထုတ်ဝေဖြစ်ကြသဖြင့် ကျောင်းဝင်းအတွင်းတွင် လူစုခွဲ၍ လိုက်လံရောင်းချနေကြသည်။ ကျောင်းအနီးလယ်ကွင်းဆီမှ အဂန္တုလေညှင်းသွဲ့သွဲ့က စားသောက်တန်းဘက်ဆီသို့ အေးတမြမြ ဦးတည်တိုက်ခတ်လာသည်။
အလင်းနေ့ကန်တင်းသို့ လူကိုနော် နှင့် အမ်ဒီးတန်တို့ လှမ်းဝင်လာကြသည်။ ကန်တင်းအတွင်းတွင် မမျှော်လင့်ဘဲ အဟန့်အတားမဲ့ တွေ့လိုက်ရသူတဦးက ထိုင်လျက်အခန့်သားအသင့်ရှိနေ၏။
"အို..မေရီ"
လူကိုနော်လည်း မျက်မှန်လေးကို တချက်ပင့်ကြည့်ကာ နှုတ်ဖျားမှရေရွတ်လိုက်မိသလို စိတ်ထဲ၌လည်း ပျော်လည်းပျော်.. ဝမ်းလည်းဝမ်းသာသွားမိသည်။ ပြီးနောက်.. ခြေလှမ်းတွေကိုလည်း သူမဆီသို့ ပြင်ဆင် ဦးတည်လှမ်းလိုက်မိသွားသည်။
သူမရှေ့တွင်ကား အပီဝါးတီးဆွဲထားဟန်ရှိသည့် ပန်းကန်တထပ်ကြီးကလည်း ဝပ်တွားခစားလျက်ရှိ၏။
သူမသည် မြန်မာ-ဂျူးစပ်ကပြားမလေးပီသစွာပင် ဉာဏ်ရည်ထက်မြက်သည်။ သွက်လက်သည်။ ဖျတ်လတ်သည်။ အစားကောင်းကြိုက်သည်။ စာဖတ်ဝါသနာလည်း အလွန်ပါကြောင်း နေအုန်းထံမှ သတင်းစကားကြိုသိထားသဖြင့် ကဗျာစာအုပ်ရောင်း၍တော့ ရတန်ကောင်းပါ၏။
ထို့ပြင် သည်ကနေ့တော့ သူ၏တဖက်သတ်စိတ်ဝင်စားနေမှုနှင့် ချစ်ခြင်းမေတ္တာတရားကိုလည်း ပွဲတိုးအောင် အရဲကိုးလျက် အကြင်နာဇာတ်လမ်းလေး တို့ထိထားရပေဥိိီးမညျှ။ စကားနိဒါန်း ပဏာမစတင်ပျိုးထားရမည်။ စသည်..စသည် မာန်စိတ်တင်းအကြံနှင့် တဖန် ဟန်ဟိတ်သွင်းကာ စိတ်ထဲတွင်လည်း ယတိပြတ် သံဓိဌာန် ချမှတ်လိုက်၏။ ထိုသို့ ဆုံးဖြတ်ချက်နှင့် အတွေးကြောင့်လည်း ခြေလှမ်းတွေက ပိုသွက်သွားသည်။
ရရင်လည်း အနာဂတ်စီမံကိန်းချ။
မရရင်လည်း သက်ပြင်းချ။
ရရင်ချ..မရရင်ချ.. ဒါပါပဲလေ။
..............................................
ဆုံခွင့်ဆိုတာလည်း
ခရုရစ်ခွေလေးတွေးနေရတဲ့
တောင်ထွဋ်ဝေယံ
တဖက်သတ်အချစ်မှာ
အလွမ်းကိုကြည့်ရင်
စက္ကန့်လည်သမျှ
လိုက်ပြီးလည်ပတ်ရမယ့် မိနစ္တံလို
ကျွဲကူးရေပါ
မိန်းမပျိုလေးတွေက
နဝရတ်လက်စွပ်ပမာ
အလှတရား တယောက်တမျိုးစီနဲ့သာ
အဖိုးထိုက်တန်ကြတာပါပဲ
မင့်ကတော့
အားလုံးရဲ့အလယ်ထဲ
တကယ် ဘုန်းတောက်နိုင်စွမ်းတဲ့ ပတ္တမြားပေါ့
ထွေးပွေ့ထားခွင့်ထက်
နွေးတဲ့လက်ပေါ် ခေါင်းချချင်မှုကို
ပိုမိုမက်မောမိပါတယ်
ငုံ့အပြုံးအောက်
မင့်ထွက်လေလေးကို
တမြည့်တမြ ရှူရှိုက်ချင်မိလို့ပေါ့။
..............................................
သူမထိုင်နေသော စားပွဲဝိုင်းတွင် ခပ်တည်တည်ပင် လူကိုနော်တို့ ခုံဆွဲကာ ဝင်ထိုင်ဖို့ဟန်ပြင်လိုက်သည်။ ထိုအခိုက် ယောင်တတ်သော လူကိုနော်ကို အနီးနားမှ ကပ်ပါလာသော အမ်ဒီးတန်က ရုတ်တရက် ခါးကိုလက်ဖြင့်တို့ပြီး စလိုက်၏။
" အ..အဲ့ ..ရေမချိုးမလေး ..."
လူကိုနော့်နှုတ်ဖျားမှ လွှတ်ခနဲထွက်သွားသည်။ မေရီ၏ အရှေ့တည့်တည့်တွင်မို့ သူမကိုပင် ရည်ညွှန်းလိုက်မိသလိုလည်း ဖြစ်သွားသည်။
မသိလျှင်ပင် စကားလိမ်ဖြင့်သွယ်ဝိုက်သော ဖရုဿဝါစာလိုလို ဘာလိုလို..။
သူမက မျက်လုံးကလေးပြူးပြီး မော့ကြည့်သည်။ ဖြူလျလျ ပါးမို့မို့လေးနှစ်ဖက်လည်း ပန်းရောင်သန်းသွား၏။ လူကိုနော်လည်း အားနာသွားဟန်ဖြင့်
"ဆောရီးနော်..၊ ခါးတို့ရင်ယောင်တတ်တဲ့အကျင့်ရှိလို့ပါ၊ ဘုမသိဘမသိနဲ့ ဟိုဒင်း..အပြောခံလိုက်ရတယ် မထင်လိုက်ပါနဲ့ဦး.."
ဘုမသိဘမသိဆိုသောစကားကြောင့် သူမလည်း အမှတ်တမဲ့ သတိရသွားပုံရသည်။ သို့သော်..
"သြော်..ရှင်ပါလား..ဒါကြောင့် မြင်ဖူးပါတယ်လို့ ကြည့်နေတာ.. ဒါမျိုးရမလားရှင့်.. ဘာလဲ ဟိုတခါ ဖြစ်ခဲ့တဲ့ကိစ္စကို ရှင်က..မကျေနပ်သေးလို့ ပြန်ဂလဲ့စားချေချင်နေတာများလား..။ မိန်းကလေးတယောက်တည်းဆိုပြီး ရီးတီးယားတားကိစ္စတွေကော သမီးရည်းစားစကားကိစ္စတွေကော စုပြီးလာပွားဖို့အကြံနဲ့တော့ လာမဖန်နော..၊ ဒီက မန်ကျည်းသီးစားရသလို အချဉ်တော့မဟုတ်ဘူး"
သူမ၏ ပက်ခနဲတုံ့ပြန်လိုက်သံက စားပွဲခုံတွင် ဝင်ထိုင်မိသောသူ့တင်ပါးကိုပင် တွန့်သွားစေသည်။ လူကိုနော့်ခမျာ ကြည်စေအေးစေ ဘာမှပင်..မဘာရသေး။
သူမက ရှေ့အလားအလာ တဆင့်တက်လာမယ့် ပြဿနာကို အကြားအမြင်ရနေသလိုလို.. သိနားလည်နေသလိုလို ဘုဘောက်ကျကျ ဟန့်တားမှုနှင့်အတူ ကြိုတင်ကာကွယ်ထားပြီးလေ၏။ အမ်ဒီးတန်ကတော့ နီးရာခုံတွင် ရှိန်မနေနိုင်ဘဲ ဣန္ဒြေနဲ့ ဝင်ထိုင်လေသည်။
ပြီးတော့...
"အမလေး...ဖြဲလိုက်တာများ...ကြားက ကြားရ သွားကပါ မသက်မသာ ကျိန်းလိုက်တာ၊ တို့ကတော့ အချဉ်ဆိုလည်း လျှာဖျားနဲ့တောင်မတို့ပါဘူးဗျာ၊ အဲ..ဖြဲတော့ ပြန်ဖြဲတတ်တယ်နော်..၊ ဟဲ..ဟဲ.. စပ်ဖြဲဖြဲလုပ်တတ်တာ ပြောပါတယ်..အဟဲ"
ကြားကနေ ဟာသဝင်ကလိ၏။ လူကိုနော်လည်း အတူပါလာသည့် ကဗျာစာအုပ်ကိုသာ ထောင်ပြရင်း...
"ကဗျာစာအုပ်လေး စုထုတ်ထားတာ၊ အဲ့ဒါ အားပေးပါဦးလား ပြောမလို့ ဝင်လာတာပါဗျာ.."
သည်တွင်တော့ သူမက ရေနွေးတခွက်ကို ငှဲ့သောက်လိုက်ပြီး လည်ချောင်းရှင်း၏။ ပြီးမှ...
"အဲ့လိုဆိုလည်း ပြီးကောလေ..၊ ကျွန်မကလည်း အခွားအဓိပ်ပါယျတှေးထငျမိသှားတာ၊ ဒါဆို ရှင်တို့က...ကဗျာကို အဓိပ္ပာယ် ဘယ်လိုဖွင့်သလဲ..။ ပြီးတော့ ဘယ်လိုကဗျာတွေရေးပြီး စုထုတ်ထားတာလဲ..၊ ကဗျာတော့ ဝါသနာပါ ပါတယ်"
ကဗျာစာပေတို့၏ ဆန်းကြယ်သော မှော်ဆန်သော စွဲဆောင်မှုကြောင့်လားမသိ။ သူမက ချိုချိုသာသာ စကားဧည့်ခံလာသည်။
"အခု တို့စာအုပ်နဲ့ပတ်သက်ပြီး ဖြေရရင်တော့ ကဗျာဆိုတာ ပျော်ရွှင်ခြင်းပါပဲ။ ကြီးကြီးကျယ်ကျယ် ဘာဘာညာညာတွေလည်း အဓိပ္ပာယ်ဖွင့်ဆိုပြစရာ မရှိပါဘူးဟာ..။ ဘာလို့လဲဆိုရင် တို့ထုတ်တဲ့စာအုပ်က ဟာသကဗျာတွေချည်း ရေးသားစုစည်းထားကြလို့လေ "
"သြော်..သြော်"
"ဥပမာဆိုရင်..ဒီလိုဗျာ၊ ချစ်သူကျင့်ဝတ် လို့ ခေါင်းစဉ်ပေးပြီး
ချိန်းချိန်ဆိုက်ရောက်
စိတ်မကောက်ဘဲ
တယောက်မပြောင်း
ငွေမတောင်းချေး
ခွင့်ကောင်းမယူ
လိုက်နာမူလော့
ချစ်သူကျင့်အပ် ဝတ်ငါးရပ် ဆိုတဲ့
ရေးထားတာမျိုး ပါဝင်တယ်၊ ရေးဟန်ကတော့ ဂန္တဝင်ကော မော်ဒန်ကော အစုံသုတ် စုံစီနဖာပါပဲ"
လူကိုနော်က ကြော်ငြာဝင်သလို ပြောရင်း ကဗျာစာအုပ်ကို ကမ်းပေးလိုက်၏ ။
သူမက စာအုပ်အဖုံးကို အရင်ကြည့်သည်။
ကဗျာစာအုပ်တွင် ပါဝင်လက်စွမ်းပြထားသူများ၏ အမည်များကို တွေ့ရသည်။
' ပေါ်ဖျား၊ စာပန်းချီလေး၊ မောင်ခြိမ့်၊ ဘွန်ဇိုင်း၊ ကိုး '။
ကဗျာစာအုပ်အမည်ကမူ..."ဟဲသာဟဲ " တဲ့ ။
ရယ်သာရယ်ချပစ်လိုက် ဆိုသည့်သဘော။
"ကလောင်နာမည်တွေက တမျိုးပါလား"
"nick name တွေကို ကလောင်နာမည်ပြန်ယူထားတာပါ "
အမ်ဒီးတန်က ဖြေရှင်းပေး၏။ လူကိုနော်ကတော့ သူမကို သိမ်မွေ့စွာဖြင့် ဘေးကငမ်းနေမိသည်။ သူ့စိတ်နယ်ပယ်တခုလုံးကို သူမအလှက အပိုင်စား သိမ်းသွားပြီလေ။
သူမက ကဗျာစာအုပ်ကို လက်ကကိုင်ထားရင်း..
"ဟုတ်လား...၊ နာမည်အရင်းတွေနဲ့တွဲပြီး ရှင်းပြပါဦး၊ အရင်ဆုံး ရှင်တို့နှစ်ယောက်ရဲ့ နာမည်တွေက ဘယ်လိုခေါ်လဲ"
တရွေ့ရွေ့တိုးလျက် အမြီးအမောက်သိရအောင် တီးခေါက်လာ၏။
အမ်ဒီးတန်က
"သက်တူရွယ်တူချင်းမို့ ပိုရင်းနှီးသွားအောင် ငါနဲ့ပဲ နာမ်စားသုံးပြောမယ်နော်"
"အေးပါ...ရပါတယ်"
"ငါက ကချင်လူမျိုး ရဝမ်တိုင်းရင်းသားပါ၊ ရဝမ်လို အမ်ဒီးတန်လို့ခေါ်တယ်။ မြန်မာလိုသိချင်ရင်တော့ တခုချင်းရှင်းပြမှရမယ်"
"အေး...ပြောပြပါဦး"
"ရဝမ်ထဲမှာလည်း မျိုးရိုးနာမည်ဆိုတာက ရှိသေးတယ်၊ ငါ့မျိုးရိုးနာမည်ကတော့ မရှင်းတန်(Ma Shin Tan)တဲ့"
"သြော်.."
"တို့ဓေလ့ထုံးစံက...ကိုယ့်နာမည်ပေးတဲ့အခါ မျိုးရိုးနာမည်ကို အရှေ့က ထားပြီး အစွဲပြုကြတယ်၊ ဒီတော့ ငါ့နာမည်မှာ M(အမ်)ဆိုတဲ့ စာလုံးက မျိုးရိုးကိုအစွဲပြုပြီး အစစာလုံးအနေနဲ့ယူထားတာ၊ ဒီး ကတော့ ဒုတိယသားအနေနဲ့မွေးဖွားလာတယ်လို့ပြောတာ၊ တန် ကတော့ တင်ကျန်တယ်လို့ ဆိုလိုတာ"
"သြော်"
"စုစုပေါင်းအဓိပ္ပာယ် က မရှင်းတန်မျိုးရိုးက ဆင်းသက်လာတဲ့ ဒုတိယမြောက်သား အဖြစ် တင်ကျန်တယ်လို့ ဆိုလိုတာ၊ ဒါပေမယ့် ငါက စာပေနဲ့ပန်းချီကို ဝါသနာပါလွန်းလို့ သူငယ်ချင်းတွေက စာပန်းချီလေးဆိုပြီး နာမည်ပြောင် စနောက် ခေါ်ကြရာက ငါလည်း အဲဒီ့နာမည်ကိုဘဲ ကလောင်အမည်အနေနဲ့ ယူလိုက်တာ"
"သြော်....ဒါနဲ့.. ဟိုလူ..နင့် နာမည်ကကောဟ "
တဆက်တည်းမှာပင် ကမ္ဘာဦးက လူကိုနော် ဘက်သို့ မေးငေါ့ပြရင်း စကားဦးလှည့်လိုက်၏။
ဒါကို အမ်ဒီးတန်က ကြားဖြတ်ကိုယ်စားလှယ်ဝင်လုပ်၏။
"ပေါ်ဖျား"
"အွန်း"ခနဲ သူမနှုတ်ဖျားဆီမှ အသံထွက်လာ၏။
"ဟင်..နာမည်ကြီးကလည်း... ၊ ပညာရှိအမတ်ကြီး ဦးပေါ်ဦးပဲ ကြားဖူးပါတယ်၊ ဘာလဲဟ...ပေါ်ဖျားဆိုတာက..."
"အင်း နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုတော့ကာ..၊ ဒီလိုလေဟာ.. ငါက အကူးအပြောင်း ရာသီချိန်ဆိုပေါ်ဦးပေါ်ဖျားအစားအစာတွေကိုတကူးတက အရင်ဆုံး ရှာဝယ်စားတတ်တဲ့ အကျင့်ရှိလို့ ဟ..၊ အဲ့ဒါနဲ့ ပေါ်ဦးဆိုတဲ့
အမတ်ကြီးနာမည်က ရှိပြီးသားဆိုတော့ ပေါ်ဖျားဆိုပြီး အပေါင်းအသင်းတွေက ရှာကြံထွင်ခေါ်လာကြတာလေ..အဟဲ..ဟဲ"
လူကိုနော်က ရယ်ရယ်မောမော ခက်ဆစ်ဖွင့်ပြလိုက်၏။
"သြော်..ငါကအလှူပွဲတို့ ဘာတို့ပေါ်လာရင် ဖျားနာနေရင်တောင် အလကားရလို့ လိုက်စားနေတတ်တဲ့သူများလားလို့..ခိ..ခိ..''
သူမက မထိတထိ ကလိတိတိ ရိလိုက်သေး၏။
"ငါ့နာမည်အရင်းကတော့ လူကိုနော်ပါ"
"ဘာ..လူတိုနော်...ဟုတ်လား..အဟက်"
သူမက လောင်ရယ်လျက် တရားသူကြီးတဦးလိုဟန်ပန်ဖြင့် လှမ်းရှိူးသေး၏။
ပြီးနောက်..ချစ်စရာ မထီတရီမျက်လုံး
ထောင့်ကပ်အကြည့်လေးတွေကလည်း လူကိုနော့်အဖို့ ရင်ထဲ၌ တွယ်ငြိစရာတမျိုး ဖြစ်ရပြန်သည်။
"လူကိုနော်..ပါဟ၊ မတိုပါဘူး..ဘယ့်နှယ်.."
"အဟိ.. သိဘူးလေ..နာမည်ကလည်း မူနွဲ့နွဲ့လိုပဲ"
သူမက အငေါ်တူးသလို ပျော်မြူးသလိုနှင့် ခပ်ရွှင်ရွှင်လေး လောင်သည်။
"အယ်..အဲ့သလိုမဟုတ်ပါဘူး၊ ငါ့အဖေက ဦးကို၊ ငါ့အမေက ဒေါ်နော် ၊ ငါ့ကိုမွေးတော့ လူသားဆန်တဲ့စိတ်ရှိစေချင်လို့ဆိုပြီး
လူလို့ နာမည်အစမှာ ပါအောင်ထည့်မှည့်တယ်၊ နောက်..ငါ့နာမည်မှာ သူတို့နှစ်ယောက်ပေါင်းနာမည်လည်း ပါဝင်အောင်ဆိုပြီး လူကိုနော်လို့ ငါ့ကိုအမည်ပေးလိုက်ကြတာလို့ ပြောကြတာပဲ"
"နင့်အဖေက ဦးတိုဆိုရင်တော့.. နင်လည်း လူတိုနော်ဖြစ်မှာပေါ့နော်.. ဟဲ..ဟဲ"
"မတိုပါဘူးဆို.. မေရီရယ်"
ကပျာကယာ ပြာပြာသလဲငြင်းရင်း စကားထဲတွင် သူမနာမည် လွှတ်ခနဲ မရည်ရွယ်ဘဲ ပါသွားမိသည်။
"ဟင်..နင်က..ငါ့နာမည်ပါသိနေပါလား"
"နေအုန်း..."
"ဘာကို နေအုန်း လဲ၊ ဘယ်လိုသိတာလဲ..ပြော ..ရှင်းပြမလို့လား"
''ဟို..ဟို.. နေအုန်း ပြောပြထားလို့.. "
"သြ..နေအုန်း.. ငါစဉ်းစားမိပြီ၊ ငါတို့အိမ်ဘေးနားက နေအုန်းလား၊ သူနဲ့နင်ကတွေ့ပြီးထားခဲ့ပြီလို့ ဆိုပါတော့။ နေအုန်းကကော..ငါ့ကွယ်ရာမှာ ငါ့အတင်းတွေတုတ်ပြီး ဘာအပုပ်ချထားသေးလဲ..ကဲ ပြောစမ်းပါဦး.."
"အဲ့..သူကပြောတာ မဟုတ်ပါဘူး..။ ငါက နင့်အကြောင်းကိုသိချင်လို့ စပ်စုကြည့်လိုက်တာပါဟ၊ နင်က မြန်မာဆန်လွန်းတဲ့ ဂျူးကပြားမလေးဖြစ်ပေမယ့် နာမည်လေးကတော့ ဘိုဆန်တယ်နော်၊ မေရီ..တဲ့လား.."
"အေးပါ..အဲ့ဒါက...အိမ်နာမည်ဟ၊ ငါ့နာမည်ရင်းက ကမ္ဘာဦး တဲ့"
"အိုက်စ်.ဒါလည်း လွတ်လှတာဘဲ..၊ တော်ရုံလူမပေးတတ်ကြတဲ့ ရှားရှားပါးပါး နာမည်ပဲ"
"ငါ့ဖေဖေနဲ့မေမေက ငါ့ကို သူတို့ရဲ့ ကမ္ဘာလို့တင်စားထားကြတာ..၊ ပြီးတော့ ငါက တဦးတည်းသော သူတို့ရဲ့သမီးလေ..၊ အဲ့ဒါနဲ့ ငါ့နာမည်ကို ကမ္ဘာဦးလို့ ချစ်မိတ်ကပ်...အဲ...ချစ်စနိုးနဲ့ပေးခဲ့တာတဲ့"
သူမက ရယ်ရယ်ရွှန်းရွှန်းဖြင့် လိမ့်ပတ်လည်အောင် ရှင်းပြနေသည်။
ထိုနည်းတူ.. လူကိုနော်၏ စိတ်ထဲတွင်လည်း
" ၅၂၈ မေတ္တာနဲ့ဆိုရင်တော့ နင့်မိဘတွေရဲ့ နင့်အပေါ်ဆိုညွှန်းချက်က မှန်ပါလိမ့်မယ်..၊ ၁၅၀၀ ချစ်ခြင်းတရားနဲ့ဆိုရင်တော့ နင်ကလည်း ငါ့ရဲ့ကမ္ဘာပါပဲဟာ၊ ငါ့ရဲ့တဦးတည်းသော ချစ်ရသူပါပဲ"
ဟု.. သူမကို အသံတိတ် ရည်ညွှန်းနေမိသည်။
လက်တွေ့မှာတော့ တိုက်ရိုက်ဖွင့်ပြောရန် အခြေအနေမပေးသေးသည်ကြောင့် ချစ်သူနန်းဆောင်ပေါ်သို့ရောက်ရှိရန် ခင်မင်မှုလှေကားထစ်လေးတထစ် စတင်နင်းခွင့်ရအောင်သာ ကြိုးစားလိုက်၏။
"ငါကတော့ နင့်ကို အိမ်နာမည်အတိုင်း မေရီလို့ပဲ တရင်းတနှီးခေါ်မယ်နော် ရမလား"
"အေးပါ...ရပါတယ်၊ ဟိုကောင်.. နေအုန်းတို့လည်း မေရီလို့ပဲ ခေါ်နေကြတာပါပဲ။ ဒါကြောင့်နင့်ကို ငါ့နာမည်အရင်း ကမ္ဘာဦးကိုမပြောဘဲ မေရီလို့ အလွယ်ပြောလိုက်တာနေမယ်"
သူမကပင် ဆက်လက်၍...
"ကဲ...တို့တတွေ တရင်းတနှီး သိခွင့်ရတဲ့အထိမ်းအမှတ်လေးတော့ လုပ်ရလိမ့်မယ်ထင်တယ်..။ ဒီ့အနေနဲ့.. အခုပဲ ငါစားထားတဲ့ ကြက်သားဟင်းနဲ့ထမင်းလိုက်ပွဲဖိုးတွေ နင်တို့ပဲ ရှင်းလိုက်တော့..။ ဒိီကဗြာစာအုပျလေးကိုလညျး ငါ စိတ်ဝင်စားလို့ လက်ဆောင်အဖြစ်ပါယူသွားမယ်..၊ ပေးလိုက်ပေရော့နော့်.."
"ဟင်"
"မျက်ခုံးမွှေးပေါ် ဘရိတ်ဒန့်ကတယ်တော့မထင်နဲ့၊ နင်ပဲ မတိုပါဘူးဆိုလို့လေ၊ ကဲ..ငါ ကျူတိုတီရယ်စာမေးပွဲ ဖြေစရာရှိသေးလို့ သွားလိုက်ဦးမယ်..၊ နင်တို့လည်း တခုခုမှာပြီး စားကြသောက်ကြဦးလေ၊
ငါ့ဖို့ပဲ တမင်လာရှင်းပေးသလိုဖြစ်နေရင် ငါ့မှာသိပ်စိတ်မကောင်းဘူး ဖြစ်နေရဦးမယ်မို့လား.. "
"အလိုလေး..လေး..ဘယ်လို..ဘာရယ်..ဘာရယ်"
လူကိုနော်ခမျာ အံ့သြဘနန်း မျက်လုံးကလေးနှစ်ဖက်ပင် ပြူးသွားသည်။
"အဲ...ဒါပေမယ့် အပြောမတော်တခွန်း၊ အစားမတော် တဇွန်းတဲ့၊ တွဲဖက်စားသုံးဖို့မသင့်တဲ့ ကျောက်ခဲနဲ့မျောက်အသဲ၊ ပန်းသီးနဲ့ငန်းမြီး၊ မြင်းချေးခြောက်နဲ့ကင်းမြီးကောက်၊ ဂွေးသီးနဲ့ခွေးချေး၊ ရုံးပတေသီးနဲ့ပုန်းရည်ကြီး စတာတွေတော့ မှာမစားကြနဲ့ပေါ့ဟယ်..ကဲ.. တာ့..တာ"
ကမ္ဘာဦးကတော့ ပြောလိုရာပြောရင်း.. ဆတ်ခနဲထ၊ သုတ်ခနဲ ထွက်သွားတော့၏။ ဖုန်းနံပါတ်လေးမျှကိုပင် မတောင်းလိုက်ရချေ။ စကားကိုအကျအန အထကောက်ပြီး အခွင့်ကောင်းယူသွားခြင်းပင် ဖြစ်လေသည်။
"ရော်..အာရိုရို.. မင်းနဲ့ကိုယ် ရန်ဖက်မဖြစ်လိုပါဘူးကွာ..၊ မင်းလုပ်ချင်တာသာလုပ်..၊ မင်းသဘောတော် အတိုင်းပါပဲ။ ကိုယ်ခွင့်လွှတ်လိုက်ပါ့မယ််လေ။ တနေ့ကျ နှစ်ကိုယ်အတူ ထွေးပွေ့ဖက်ခွင့်ရအောင်သာ လောလောဆယ်မှာ..သည်းခံလိုက်ပါ့မယ်ကွယ်။ ဘုဘောက်ကျနေရင် အခုလောက်တောင် နီးခွင့်မရှိဘဲဖြစ်သွားရမှာတော့ ကိုယ်မလိုလားပါဘူးလေ မေရီ"
လူကိုနော်မှာတော့ ကိုယ့်အတွေးနဲ့ကိုယ်သာ ပြုံးနေမိသေး၏။
.............................................
Keep Reading