တင်ညွန့်
စိတ်ပညာစာသင်ခန်းအတွင်း၌ဖြစ်ပါသည်။
စာသင်ကောင်းသော ပါမောက္ခကြီးအတန်းဖြစ်သဖြင့် အခန်းထဲတွင် လာရောက် နာယူသော တပည့်တွေပြည့် နေသည်။
ပါမောက္ခကြီးကလည်း စိတ်ပါလက်ပါရှင်းပြနေသည်။ သူက ဝေါဟာရတစ်ခုကို ကျောက်သင်ပုန်းပေါ်တွင် လှည့်ပြီးရေးနေစဉ် “ရွှီ” ဆိုသည့် လက်ခေါက်မှုတ်သံတစ်သံကိုကြားလိုက်ရသည်။
သူက နောက်ကို ဖြည်းဖြည်း လှည့်လိုက်ပြီး
“စာသင်ခန်းထဲ လက်ခေါက်မှုတ်တယ်ဆိုတာကတော့ ... စာသင်ခန်းကို ရုပ်ရှင်ရုံတစ်ရုံလို သတ်မှတ်လိုက် တာပဲကွယ့်။ ဆရာသင်တာ ဘာမှားလို့လဲ။ နောက်စရာ ပြောင်စရာများ ပါနေလို့လားကွယ်”
တစ်ခန်းလုံး အပ်ကျသံ မကြားရလောက်အောင် တိတ်နေသည်။
ပါမောက္ခကြီးက မြေဖြူကို စားပွဲပေါ် ချလိုက်ပြီး
“ဆရာ ညက အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်တယ်” ဟု အစချီလိုက်သည်။
ကျောင်းသား ကျောင်းသူတွေအားလုံး နားစွင့်နေကြသည်။
ညက ဆရာညစာစားပြီးတော့ စာခဏဖတ်တယ်။ ၉ နာရီလောက်မှာ အိပ်ရာဝင်တယ်။ ဘယ်လိုမှ အိပ်မရတာနဲ့ အိမ်ပြင်ကိုထွက်ပြီး လေကောင်းလေသန့်ရှူတယ်။ လေကမတိုက်ဘူး၊ အိုက်ကလည်း အိုက်သေး။ ဆရာလည်း အိပ်မရမယ့်အတူတူ မထူးပါဘူးဆိုပြီးတော့ ကားကိုထုတ်လိုက်တယ်။ မြို့တစ်ပတ်ကားလျှောက်မောင်းလိုက် တယ်။
အဲဒီအချိန်မှာ ဘာတွေ့သလဲသိလား။
ကောင်မလေးတစ်ယောက်က လမ်းဘေးမှာ ကားရပ်ထားပြီးတော့ သူ့ကားဘီးကို ဖြုတ်နေတာတွေ့လိုက် တယ်။
ဆရာလည်း ညဘက်ကြီး မိန်းကလေးတစ်ယောက်တည်း ကားဘီးပေါက်လို့ ဒုက္ခရောက်နေတယ်ထင်ပါ့ဆိုပြီး သူ့ကားဘေးမှာ ကားရပ်လိုက်တယ်။ မိန်းကလေးကို
“ဘာများဖြစ်လို့လဲကွယ်” လို့ မေးလိုက်မိတယ်။
အဲဒီ မိန်းကလေးက
“ဪ ဆရာကြီးပဲ ... ကျွန်မ ကားဘီးပေါက်နေလို့ပါ” လို့ပြောလိုက်တယ်။
မိန်းကလေးတစ်ယောက် ဒုက္ခရောက်နေတာပဲ ကူညီရမယ့်တာဝန်ရှိတယ်ဆိုပြီး
“ကဲ ... ဘာများကူညီရမလဲကွယ်” လို့ မေးလိုက်တော့
“ကျွန်မကို အိမ်လိုက်ပို့ပေးပါရှင် ... ကားကို မနက်မှပဲ ဝပ်ရှော့ကို ဖုန်းဆက်ပြီး လာဆွဲခိုင်းလိုက်ပါ့မယ်” လို့ ပြောသကွယ်။
ဒီလိုနဲ့ မိန်းကလေးကို ဆရာလည်း ကားပေါ်တင်ပြီး သူပြတဲ့ လမ်းအတိုင်း မောင်းလာခဲ့တယ်။
သူ့အိမ်လည်းရောက်ရော မိန်းကလေးက
“ဆရာကြီးတဲ့ ... အိမ်ထဲကိုလိုက်ပြီးတော့ ကော်ဖီလေးတစ်ခွက် သောက်ပါလား” တဲ့။
ဆရာကလည်း
“မင်းအိမ်မှာ ဘယ်သူရှိသလဲ” လို့ မေးမိတယ်။
မိန်းကလေးက
“အိမ်မှာ ကျွန်မနဲ့ မောင်လေး နှစ်ယောက်တည်း နေတာပါ။ ဒီည မောင်လေးက မရှိဘူး။ ကျွန်မတစ်ယောက် တည်း” လို့ပြန်ဖြေတယ်။
ဒီလိုနဲ့ ဆရာလည်း သူ့အိမ်မှာ ကော်ဖီဝင်သောက်ရော ဆိုပါတော့ကွယ်။
ဆရာက သူ့ကို မေးမိတယ်
“မင်းမောင်လေးကို မတွေ့ပါလား”
“သူ ဒီညအိမ်ပြန်မအိပ်ဖူးတဲ့ရှင့်”
“မင်းမောင်လေး နာမည်က ဘယ်သူတဲ့လဲ”
“ပြောလို့မဖြစ်ဘူးရှင့်”
“ဘာဖြစ်လို့လဲကွယ်”
“မောင်လေးက ဆရာကြီး အတန်းမှာ တက်နေတာလေ”
“ဟုတ်လား ... ငါ့တပည့်လား ... ဘယ်သူများလဲ”
“သူက အတန်းထဲမှာ လက်ခေါက်မှုတ်တတ်တယ်ဆရာကြီး ... သိပ်ပြီးတော့ နောက်ပြောင်တတ်တာ”
ပါမောက္ခကြီးက ထိုသို့ပြောလိုက်သောအခါ တစ်တန်းလုံးက တစ်ယောက်သောကျောင်းသားကို ဝိုင်းကြည့်ကြသည်။
ပါမောက္ခကြီးက ရယ်လိုက်ပြီး
“မှတ်ထားကြကွယ် ... ဆရာသင်ထားတဲ့ပညာ ... ရထားတဲ့ဘွဲ့က ဝယ်ထားတာ မဟုတ်ဘူးကွယ့်။ ထိုက်ထိုက် တန်တန်နဲ့ အားထုတ်ပြီးမှ ရထားတာ” ဟုပြောကာ စာသင်ခန်းထဲက ထွက်သွားတော့သည်။
(I didn’t buy my degree ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၁၇.၁၂.၂၀၂၄
Keep Reading