Author's Profile Photo

Tawtawti

12/12/2024

ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ် အခန်း ( ၂ )

9 mins read
Art
Novel
Creative
ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ် အခန်း ( ၂ )'s photo



အခန်း(၂)


ရန်ကုန်အနောက်ပိုင်းခရိုင်။
ထန်းတပင်မြို့။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ နေ့လယ်ခင်း။ ပျင်းရိလေးတွဲ့ အိပ်ငိုက်နေဟန်ရှိသော ကောင်းကင်ပြင်သည် တငွေ့ငွေ့ မဲနယ်ဖျော်ရည်ရောင်သန်းလျက်ရှိ၏။ ကျောင်းပရိဝုဏ်အတွင်း အဆောက်အဦးတို့မှာလည်း အာကာတခွင်အောက်တွင် ကျောက်ဆစ်ရုပ်များကဲ့သို့ မတုန်မလှုပ် ခံ့ထည်ငြိမ်သက်နေသည်။

ပုလဲဆောင်အောက်ထပ်ရှိ ဒဿနိကဗေဒမေဂျာ ဒုတိယနှစ်အခန်း၌ အတန်းလွှတ်ပြီးသွားချိန်မို့ အားလပ်သွားသည့် ကြားကာလ အခါသမယလည်း ဖြစ်ပေသည်။

နောက်ဆုံးခုံတန်းတွင် တဗွေတည်းထိုင်နေသော မိန်းမပျိုလေးမှာ စာသင်ခုံပေါ်ရှိ သူမ၏ ကျောင်းစာအုပ်များကို လွယ်အိတ်ထဲ ပြန်လည်ထည့်သွင်းလိုက်ကာ ခါးကျောဆန့်ရင်း မတ်တပ်ထရပ်လိုက်၏။

ချည်သားရင်ဖုံးအင်္ကျီနှင့် ကချင်လုံခြည်အနက်ဝမ်းဆက်တွင် စိုပြေဖြူသွယ်သော အသားအရေက သူမ၏ရုပ်ပုံလွှာနှင့် အပီအပြင် လိုက်ဖက်နေသည်။ ရင်ဖုံးသည့်ဘက်ခြမ်းနှင့် ထဘီဒူးနားမြိတ်တွင်ပါဝင်သော မနောအကွက်လေးများကလည်း သူမ၏ အလှဓာတ်ကို ပိုမိုထင်ရှားစေအောင် ကူညီပံ့ပိုးပေးနေသကဲ့သို့ ရှိနေပြန်၏။

"ဟေ့...ကန်တင်းသွားမလို့... လိုက်ကြဦးမလား၊ ဘယ်သူတွေ လိုက်ကြဦးမလဲ ဘော်ဒါတို့"

သူမက အတန်းထဲမှထွက်ကာ အခန်းကို ဝေ့ခနဲ တချက်ကြည့်ရင်း လှမ်းအော်မေးလိုက်၏။

ထူးဆန်းသည်က...

"ဟေ့အေး...တော်ပါ.. နင်နဲ့ဆို..မအောင့်နိုင်ရင်တောင်နေပလေ့စေ...၊ toilet တောင် အတူမလိုက်ချင်ပါဘူးနော် "

အခန်းထဲရှိ ခုံတခုံတွင် စတိုင်အပြည့်ထိုင်လျက်ရှိသော အတူတူခေါ်မရသည့် မူမူသော်က ပထမဆုံး ထ၍ အငေါ်တူးလေ၏။

"ကိုယ့်ဘာကိုယ်သာ သွားချင်ရာသွားဟေ့၊ ငါတို့က ရှောင်လေဝေးဝေး...နင့်ရဲ့ဘေးပဲ၊ ခေါ်မနေနဲ့... မလိုက်ရေးချ မလိုက်ဘူး...၊ မလိုက်ဘူးဆို...မလိုက်ဘူးပဲ"

ထမင်းချိုင့်ဖွင့်နေသော ချိုဇင်အေးကလည်း တဖန် ငြိုငြင်သေးပြန်၏။ ထိုအခါ..မိန်းမပျိုလေးခမျာ ရှုတည်တည်ပုံစံနှင့် အိုက်တင်လေးပြောင်းသွားရှာ၏။ သည့်နောက် သူတို့ကို ဘယ်လိုမှ ခေါ်မရနိုင်တော့သည့်အဆုံး.. အားနာမနေနိုင်တော့သည့်အမူအယာဖြင့် ရန်တွေ့စကားသံကို ဗုံးတလုံးလို ခွန်းတုံ့ပြန် ပစ်ခွင်းလိုက်လေတော့၏။

"အေးပါ...ရပါတယ်ဟာ၊ ဘယ်သူမှငါနဲ့ အဖော်မလိုက်ချင်ကြလည်း ရပါတယ်။ နင်တို့ပါလည်း.. မပါလည်း ငါ့မှာ ဘာမှအကြောင်းထူးမလာပါဘူးဟ၊ အရင်တုန်းကတည်းကလည်း တယောက်ထဲပါဘဲ...၊ ငါက အသားကျ နေတတ်ပြီးသားပါဟာ...၊ ဘယ်သူ့ကိုမှလည်း အားမကိုးဘူး... ဂရုလည်းမစိုက်ဘူး...၊ ငါ့အကြောင်းလည်း နင်တို့ သိပြီးသားပါ...၊ သိတယ်မို့လား... ကမ္ဘာဦးလေ ... ကမ္ဘာဦး ...၊ တဗွေတည်းပဲ... ဒါပေမယ့်... ငါ့နာမည်က... ကမ္ဘာဦး"

..............................................

ကျောင်းကန်တင်းတန်းဘက်ဆီသို့ ကျောင်းသူလေးတဦး အလှစံချိန်စံညွှန်းအပြည့်နှင့်ယွန်းလာသည်။ သူမခြေလှမ်းတွေ ဘယ်ညာနင်းလာသည့် ကော်ရစ်တာလမ်းတလျှောက်ဘေးတွင် အခြားကျောင်းသားကျောင်းသူများမှာလည်း ပျားပန်းခတ်လျက်ရှိနေသည်။

သူမကို ကြည့်ရသည်မှာ သူငယ်ချင်းအပေါင်းအဖော် မထားတတ်လေရော့သလား မသိ။ အမြဲတမ်းလိုလိုမြင်လိုက်ရလျှင်လည်း အဖာ်မပါ..တကိုယ်တည်း ရှိသည်ကိုသာ တွေ့ရတတ်လေ့ရှိ၏။ နီလာဆောင်၏ ကော်ရစ်တာထောင့်တနေရာသို့ အရောက်..၊ တကိုယ်လုံး အနီရောင်ရဲရဲတောက်နှင့် ထူးခြားနေသောအရောင်အဆင်းကိုသာ ဝတ်ဆင်ထားသော ပုရိသသူငယ်တဦးက သူမအနား အမှတ်မထင် ယောင်ချာချာ ချဉ်းကပ်လာသည်။ ထိုသူသည် အင်္ကျီနှင့် လုံခြည်အပြင်..ခေါင်းစွပ်ကိုလည်း အနီရောင်ရဲရဲ ဆင်မြန်းထား၏။ ချာလီထီးအနီရောင်ကို ဇော်ဂျီတောင်ဝှေး ပုခုံးထမ်းဟန် ထမ်းထားသေးသည်။ ပြီး.. လွယ်အိတ်အနီရောင်ကိုလည်း ဘေးတိုက် စလွယ်သိုင်းထားပြန်၏။ သူ့စတိုင်နှင့် သူ့အရောင်တွေက အနီရဲပဒေါင်းခတ်အလွန်အကျွံကြိုက်လွန်းသည့် ပလပ်ကျွတ်နေသူလိုလို။

ဟုတ်ပါသည်။
သူကား...မိတ်ဆွေတို့ မကြာမီလာမည်ဟု ထင်မှတ်ထားသည့်အတိုင်း ကျော်ကြီးမှ ကျော်ကြီးပါပဲ။ တကယ်တော့ သူ၏အမည်ရင်းကား နိုင်ငံသား မှတ်ပုံတင်စာရင်းအရ ကျော်သူဝင်း သာဖြစ်၏။ သို့သော် ပေါက်တတ်ကရ ထူးဆန်းထွေလာ စတန့်ထွင်မှုများ ပြုလုပ်တတ်ပြီး အချစ်ရေးနှင့် ပတ်သက်လာလျှင်လည်း အပွေးလွန်၍ အလွန်ပွေးလှသဖြင့် နာမည်ပြောင်ဖြင့်သာ ကျော်ကြားပေ၏။ ပွေးသလောက်မစွံပေမယ့် အလွန့်အလွန် ဘရုတ်သုတ်ခကျတတ်သူဟုလည်း အများက မှတ်ချက်ပြုထားကြ၏။ ထို့ကြောင့်ပင် သူ၏အမည်သညာကို ဝိုင်းဝန်း ပညတ်ပြု ခေါ်တွင်ကြလေသည်က...ဆယ်လီကျော်ကြီး..(ဝါ) ကျော်ကြီး။ သူကိုယ်တိုင်ပင် သူ၏အမည်ရင်းကို မေ့ပျောက်လုနီးပါးဖြစ်နေခဲ့ပြီး ကျော်ကြီးဟုသာလျှင် ခေါ်တွင် အသားကျနေလေပြီဖြစ်သည်။

သူသည် ကမ္ဘာမြေက နှင်းရည်ကြည်နုများနှင့် မျက်နှာသစ်ခဲ့သော မနက်တုန်းဆီကတည်းက ဆြာဘိုးအောင်ချစ်၏ နည်းနိဿရ ယတြာများအတိုင်း စွန်လွှတ်၍ စွန်ပလွန်သီးစားသည့် စွန်လွှတ်စွန်စားခြင်းအမှုကိုလည်း စောစီးစွာ ပြုခဲ့ပြီးချေပြီ။

ယခုလည်း ရောက်ရာအရပ်ကနေ သူ၏ဇာတ်ဝင်ခန်းအစ ချစ်စကားပြောခန်းစမ်းသပ်ရန် လူရွေးချယ်ပွဲ ရှုကြည့်နေရာမှ မိန်းမပျိုလေးတဦးကို လှမ်းမြင်မိလိုက်သောအခါ ရေစက်ကြောင့်လား..ဝဋ်ကြွေးကြောင့်ရယ်လားမသိ၊ တွေ့.. တွေ့ချင်းပင် စိတ်ဝင်တစား ရင်ခုန်သွားမိ၏။

မည်သို့ပင်ဖြစ်စေ...

"အိုကွာ..ဖူးစာ ဆိုတာ ဦးရာလူပါပဲ.. မထူးပါဘူး၊ ငါ ဦးအောင်သွားပြီး တော်ကီလွှတ်ကြည့်မယ်"

ဟု အတွင်းအားထည့်ကာ ဝိဇ္ဇာထို ဇော်ဂျီတို့၏လျောက်လှမ်းဟန်အတိုင်း မိန်းမပျိုလေးအနီးအနားသို့ ဆိုင်းမဆင့်ဗုံမပါ ရောက်ရှိသွားတော့သည်။

..............................................

ချစ်တယ်
အများပိုင်စကားတခွန်းဆိုပေမယ့်
ကိုယ့်အတွက်တော့
မင့်တယောက်တည်းနဲ့သာ
သက်ဆိုင်တယ်

ချစ်တယ်
ထာဝစဉ်အတွက် ရည်ရွယ်
သစ္စာတရားရဲ့သက်သေအဖြစ်
ကိုယ့်နှလုံးသားကိုပေးအပ်ရာ
ညွှန်းဆိုစကားဖြစ်တယ်

ချစ်တယ်
တမိုးအောက်မှာ
တမိုးလောက်ပေါ့
တမိုးမပျောက်သေးသရွေ့

ချစ်တယ်
ပြန်လည်ကြည်ဖြူ လက်ခံပေးပါကွယ်
ကိုယ်က မင့်အတွက်
Blacklist မဟုတ်တဲ့
Bestlist စာရင်းမှာ
ထိပ်ဆုံးက ရှိနေမယ့်သူပါ

ချစ်တယ်
ချစ်ဖို့အတွက်ပဲ ချစ်မိတာမို့
မေ့ဖို့ကိုတောင် မေ့နေမိရဲ့
အမုန်းတွေကို မုန်းလိုက်ပါ

ချစ်တယ်
အကြင်နာနှင့် ပျော်ခွင့်အတွက်
ရင်မှာအသင့် မျှော်လင့်တယ်။

..............................................

"ဒီမှာခင်ဗျ...ဒီမှာ၊ ပြောစရာလေးရှိလို့ပါ"

"ဘာရှင့်...ရှင်နဲ့ကျမက သိလို့လား"

စကားပလ္လင်ခံ.. စကားသန္ဓေပျိုးရုံပဲရှိသေးသည်။ မိန်းမပျိုလေးက မျက်ခုံးကို ဂျိုကာပင့်..ပင့်ကြည့်လျက် ဘောက်ဆတ်ဆတ် ပြန်ပက်လိုက်၏။

"ဒီလူ့ပုံစံအချိုးက တမျိုးပဲ၊ ဘာအထာလဲဟ.."

ဟု တွေးရင်းက စူးစမ်းစပ်စုချင်စိတ်လည်း တရွရွ ဖြစ်မိသွား၏။ သည်တွင် ဇော်ဂျီအနီရောင်ဝတ် အစွံထုတ်ပညာရှင်ဖြစ်ချင်သည့် ကျော်ကြီးမှာ ရှင်စောပု ဘုရင်မခေတ်ကောင်းစဉ်က အနားတွင် ရို့ကျိုး ခစားရသော မူးမတ်လိုလို ကမန်းကတန်း ကမူးရှူးထိုး ပြာပြာသလဲဟန် ပေါက်သွားလေ၏။

"အာ.. မသိပါဘူးဗျာ...အခုမှဘဲတွေ့ဖူးတာပါ..။ ဒီ့အတွက်လည်း တွေ့ရတာ ဝမ်းနည်းပါတယ်"

"ဘာရယ်ရှင့်...ဘာရယ်"

"သြော်...အခုလို လှရက်နိုင်လွန်းတဲ့ကောင်မလေးနဲ့ အတွေ့ရနောက်ကျလို့ ဝမ်းနည်းမိတာကိုပြောတာပါ။ စောစောစီးစီးသာ တွေ့ခွင့်သိခွင့်ရခဲ့ရင် ပိုကောင်းမှာလေဗျာ.. နော မဟုတ်ဘူးလား "

"အံမယ်..ကြောင်တောင်တောင်နဲ့ လူပုံက.."

မိန်းမပျိုလေး၏ သြဘာပေးမှုကို ကျော်ကြီးက မမှု။
မမှုရေးချ မမှု။

"ဟုတ်.. ခင်ဗျားဘယ်လိုပဲထင်ထင်..၊ ကျွန်တော်ကတော့ လူသူတော်ကောင်းလေးတဦးပါဗျာ။ စော်မြင်သမျှ..ဂေါ်ချင်လှတဲ့ ကြောင်တတ်သူမျိုးလည်း မဟုတ်ပါဘူးဗျ.. ဟဲ..ဟဲ"

"ဟင်..ရှင်ဘာတွေ လာပွားနေတာလဲ"

"ဟာ..ဟ.. မပွားရပါဘူးဗျာ။ ဒါပေမယ့်...မင်းကိုမြင်မိရုံ တခဏအတွင်း ကိုယ့်ရင်ခုန်သံတွေကို ထိန်းချုပ်မရတော့လို့ပါကွာ။ ဒါကိုတော့ ကိုယ်ဝန်ခံပါတယ်..။ မက်ထရိုလို အရွယ်ပျိုပြီး ဒီကိုဂျင်လို အပီနဂိုအသွင် လှပတဲ့ ဘီစစ်လို မဒီအချစ်ရယ်..၊ ပါရာစီတမောလို ညာကာပလီမပြောပါဘူး..၊ မင်းကို ကိုယ်က ဘိုင်အိုဂျက်ဆစ်လို အပိုင်ကိုတသက်ချစ်ချင်တဲ့သူပါ..၊ မင်းနဲ့ကိုယ် ဖလူဆာလို တူမကွာဘဲ အနာဂျယ်ဆင်လို မခွာတကယ် အစဉ်နေချင်တယ်ကွယ်..၊ မင်းရဲ့ ပရိုကိုးလို အလိုမျိုးစုံကို ဖြည့်စည်းပေးချင်လို့ မင်းနဲ့သာ ဘာမီတွန်လို ကိုယ်..မကြာမီ စွံပါရစေတာ့..၊ မင်းဘဝလေး နိုလိုပီယမ်လို ပိုမိုကြည်လင်ရန် အတွက် မင်းရဲ့ ချစ်အဖြေကို ကိုနီဒင်းလို အလိုရှိခြင်း ဖြစ်မိပါတယ်..၊ ဘားပလက်လို တအားစွဲမက်မိတဲ့ ကိုယ့်ကို မာချာဂရက်လို ပျာယာမခတ်ဘဲ အသာအယာမပျက် လက်ခံပေးပါလားကွယ်.. "

သို့နှယ်..ကျော်ကြီးက လျှာကိုမော်တာတပ်ထားသလို.. ဟစ်ဟော့(Hip-Hop)ရွတ်သလို တတွတ်တွတ်နှင့် သူမနံဘေး၌ ယှဉ်တွဲလျောက်လာရင်း ဇွတ်အတင်းကာရော ရွတ်ဖတ်ပြနေလေတော့၏။

"ဟင်..ရှင့်ဟာက...ဆေးနာမည်တွေကို အလွတ်အရကျက်ထားတာပါလား..၊ ရှင့်ရုပ်ကြည့်ရတာ ဆေးကျောင်းသားတော့ မဟုတ်လောက်ပါဘူး။ ဟု-တယ်မို့လား ..။ ဒါဆို ကဗျာဟန်..ကာရံ.. နှာသံနဲ့ ဘာများ လာကြံနေတာပါလိမ့် နော "

မိန်းမပျိုလေးက မျက်ထောင့်လေးကပ်ကာ ဘုတော,တောလိုက်၏။ ထိုအခါ ကျော်ကြီးခမျာ ရေတံခွန်မှသွန်ကျလာသော အလျင်နှင့်ပင်..စကားကိုအပေါက်အလမ်းတည့်အောင် ဖာထေးရတော့သည်။

"မဟုတ်ပါဘူး...ကိုယ်က အချစ်အပူထိနေရတဲ့ ဘူမိဗေဒကျောင်းသားပါကွာ၊ ဆေးညွှန်းတွေနဲ့ စကားဥပမာပေးရတာက
တော့ မင်းပုံစံက ဆရာဝန်မလေးနဲ့တူနေလို့ပါ၊ ဒီကျောင်းထဲကို အလည်လာတာများလားလို့ "

"မဟုတ်ဘူးရှင့်..၊ ရှင့်ဖာသာရှင် လာပြီးကြောင်ပျောက်နေတာ။ ကျွန်မက ဒိီတကျကသိုလကြ ဒဿနိကဗေဒမေဂျာယူထားတဲ့ကျောင်းသူ..၊ ဒါကြောင့်မို့လို့ ရှင့်ကိုတော့ ဆေးကျောင်းသားမဟုတ်မှန်း တန်းခနဲ စဉ်းစားမိပြီးသား..၊ တွေးခေါ်မြော်မြင်မိပြီးသားပါ.. အဟက်..ဟက် "

"အမလေး..လေး.. အဲ့လောက်လည်း သိမ်ငယ်အောင် အနှိမ်မလွယ်ပါနဲ့ဗျာ..၊ မင်းကို...ကိုယ်က တော်ကီလိုက်ပွားနေတာကလည်း.. အပေါ်ယံနဲ့ အပျော်ကြံမယ့်သဘောမဟုတ်ပါဘူး၊ တကိုယ်တော်အဆွေးသမားအဖြစ်ကနေ အပျိုတော်လေးများ ရနိုးနိုးနဲ့ အညှော်ခံဘဝ အဖြစ်မခံချင်လို့ပါဗျာ။ မင်းက ဆေးကျောင်းသူမဟုတ်လည်း ဘာမှ ပြဿနာ မရှိပါဘူး..။ ချစ်စရာကောင်းနေရင်တော့ ချစ်ရမှာပေါ့ဗျာ.. မဟုတ်ပေဘူးလား"

ကျော်ကြီးမှာ သို့တင်မက မဟုတ်မမှန်မရိုး မျိုးစုံကလိန်ကျရင်း..မိန်းမပျိုလေးနှုတ်လှံထိုးချိန်မရအောင်..စကားကိုအဆက်မပြတ် အတင်းဆက်လွှတ်နေသေးသည်။

"တကယ်ပါ..မင်းကိုပဲစုံမက်ပြီး အကုန်ပုံလျက်ချစ်မယ့်သူဆိုတာ ယုံမှတ်ပေးပါကွာ..။ မင်း..နှင်တော့မနှင်လွှတ်လိုက်ပါလေနဲ့ဦး..၊ ကိုယ်ရင်ကော့ပြီး အာမခံပါတယ်..။ ဝမ်းသာအယ်လဲ လက်ဖျောက်တီးပြီး လက်မထောင်စမ်းချင်လို့ပါ..။ မင်းဘဝနဲ့ကိုယ့်ဘဝဟာ ဒရိုင်ဘာလက်နဲ့ ကားစတီရင်ယာတိုင်လို နီးစပ်ပါရစေကွာ။ မင်းလို နတ်သမီးလေးနဲ့ စည်းတဖက်ခြားအတွင်းကို ထပ်ပြီးမဝေးပါရစေနဲ့..။ တီးရှော့က အီကြာကွေးလို နှစ်ခြမ်းပေါင်းမှ တချောင်းထဲလို ဖြစ်ချင်တော့တာပါဘဲ"

အနီးပတ်ဝန်းကျင်က ဖြတ်လျောက်သွားလာနေကြသော တခြားသူများပင် ပြုံးစိစိနှင့်ကြည့်သွားရင်း ဂရုစိုက်ဖွယ်ဖြစ်လာ၏။ ကျော်ကြီးကတော့ မာန်တက်လျက် သိငြားသော်လည်း ဘာကိုမှ ဂရုမထားချေ။ သူ အစွံထုတ်ဖို့အရေး...တို့အရေးသာ မဟုတ်ပါလား..။ ဂေါက်တဲ့အရူး ..မထူး ဟု သဘောထားတော့လေသည်လားမသိ။ ဆက်လက်ပြီးလည်း မရပ်မနား တော်ကီထပ်ပွားနေပြန်၏။

"မင်းနဲ့ဆုံတွေ့ရတော့မှဘဲ တောကျတာကို ရောမပါလိုချဲ့ကားပြောတာမဟုတ်ပါဘူးကွာ..၊ ခဲလေသမျှလည်း အသဲကြွေကျပြီး ပုလဲမြေခ မဖြစ်ပါရစေနဲ့.. လို့ တောင်းဆုပြည့်ဝချင်ပါသေးတယ်"

မိန်းမပျိုလေးခမျာ ဘာတခွန်းမှထပ်မပြောတော့..။ သူ့လမ်းသူသာ မှန်မှန်သွက်သွက်လျှောက်နေသည်။ တခါတရံ ကျော်ကြီးအား ဘေးချင်းတိုက် လိုက်ရခက်အောင် လမ်းကို မြွေလိမ်မြွေကောက်သွား၏။ အမြင်မကြည်လင်စရာကောင်းသည်မှာ ကျော်ကြီးကလည်း တဖက်တချက်တွင် ဇော်ဂျီဟန် ကားတားတား ကွတတဖြင့် အတင်းကပ်လျက်သား ပါလာလေ၏။ တလမ်းလုံး အာပေါက် လျှာခေါက်မတတ် စကားတွေကလည်း အမျှင်တန်း မပြတ်ချေ။

"ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့မျှော်လင့်ချက်လေးတွေဟာ..အင်တက်နာလိုင်းမမိတဲ့ တီဗွီစခရင်ဖန်သားပြင်လို ဝါးတားတားမဖြစ်သွားစေဖို့ ကိုယ့်ချစ်ခြင်းမေတ္တာကို အတည်ယူပြီး လက်ခံ ကြည်ဖြူပေးပါလားဗျာ..။ ဤမှန်သောသစ္စာကြောင့် အထီးကျန်ဘဝကနေ အပြီးတဖန်လွှတ်မြောက်စေကြောင်း ချစ်ဇာတ်လမ်းလေးတခု ဖန်တီးပြုစုပေးလှည့်ပါ.."

ကျော်ကြီးကသာ တဖက်သတ် မရမက ပြောချင်ရာပြော၍ ဆက်လွှတ်လာ၏။ ဟိုတဖက်က တိတ်ဆိတ်နေကာ သူ့ကိုရှိသည်ဟုပင်မထင်။ သူ့မှာသာ အာမညောင်းစတမ်း စကားဦးနှုတ်စမ်း၍ ဆိုလာလိုက်သည်များက..ရှက်တတ်လျှင် ပါးစပ်ပင်လေဖြတ်သွားနိုင်၏။

"ကမ္ဘာကြီးသာ နှစ်ခြမ်းကွဲချင်ကွဲသွားလိမ့်မယ်..။ မင်းကတော့ ကိုယ့်နှလုံးသားထဲ စွဲနေရာကနေ ကွဲကွာလွင့်စင်သွားဖို့မဖြစ်နိုင်တော့ပါဘူး..။ ကိုယ့်အချစ်လိပ်ပြာငယ်လေးကို သနားသဖြင့် မင့်ထံခိုနားခွင့်ပြုပါတော့..။ မင်းကြောင့် ကိုယ့်အနာဂတ်ကို လွှဆွဲအဖြတ်လိုက်ခံရတဲ့သစ်ပင်လို ပြိုလဲပြီး အစိတ်စိတ် အပိုင်းပိုင်း မပျက်စီးသွားချင်ပါဘူးဗျာ"

သူတို့နှစ်ဦးသားမှာ ရှေ့ဆက်၍ ကန်တင်းဘက်သွားရာ ကော်ရစ်တာလမ်းမှတဆင့်ချိုးကွေ့ရင်း စာသင်ဆောင်များကို ကျော်ဖြတ်လာခဲ့ကြ၏။ ကျော်ကြီး၏ ဖြစ်တည်မှုနှင့် လုပ်ကွက်ကို ဖြတ်သွားဖြတ်လာတချို့က ပြုံးစိစိဖြင့် ထောပနာပြုသွားကြသည်။ ထီးထမ်းလမ်းလျှောက်ရင်းက စကားမျှင်မပြတ်စတမ် အာသွက်လျှာသွက်ခရာဖြစ်လွန်းလှသည်ကိုး။

ကျော်ကြီးကတော့ စကားလုံးကျည်ဆန်တွေဖြင့် နှုတ်ဖျား အော်တိုမစ်တစ်ဂန်း ဆွဲလို့ကောင်းတုန်းပင်ရှိ၏။

ဆြာဘိုးအောင်ချစ်၏ ယတြာအစီအမံနည်းနာကြောင့် သူ့ကိုယ်သူ စိတ်ချလက်ချ ယုံကြည်မှုပိုကဲနေဟန်လည်း တူသည်။

"ကျောင်းအတွင်းမှာ အပေါင်းအသင်းမပါလို့ မရှက်မကြောက်ပါနဲ့၊ မှဲ့တစ်ပေါက်မစွန်းစေရပါဘူး.. ။ ဘေးပတ်ဝန်းကျင်က..တို့ကို ဘယ်လိုထင်ထင်..'နတ္တိလောကေ အနိန္ဒိတော' တဲ့..၊ လောကမှာ..အပြစ်တင်မခံရသူမရှိဘူးလို့ ဆိုတယ်၊ အဓိက နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့သာ.. လိုပါတယ်ကွယ် "

ဘေးဘီဝန်းကျင်အထာကို တဖြေးဖြေး ရိပ်မိလာဟန်ရှိသည့် ကျော်ကြီးက မရှက်တရား ဖြည့်စွက်၍ပင်ပြောနေသေးသည်။ သူကလည်း မခေ။
ပါဠိစကားနှင့်ပင် အထာညှိပွားသေးလိုက်သည်ကိုး။ အချိန်ကြာတော့..မိန်းမပျိုလေးခမျာလည်း ကျော်ကြီး၏ ဂျီတွန်သည့်ဒဏ်ကို သည်းမခံသာတော့၊၊ အတော်ပင် စိတ်လေလာမိသည်။

"ဘယ်လိုလူစား ဘာအချိုးမျိုးနဲ့လူပါလိမ့်..၊ ခက်တော့ခက်နေပြီ။ စကားအစ ပြန်ပြောမိခဲ့တာကိုက ငါမှားတာ"

ဟု ..စိတ်ထဲက ရေရွတ်မိ၏။

သူမ၏ သောတအာရုံရပ်ဝန်းတွင် အထက်ပါအကြောင်းအချင်းရာတို့ကြောင့် နာဂစ်မုန်တိုင်းထန်သလို ထန်လာရမိသည်။

"ခွေးကောင်.. ဒင်းတင်ပါးမှာ ဝဲခြောက်တွေ ကြယ်တွေလောက်ပေါက်စမ်းပါစေ၊ ဝှေးဥမှာ သွေးစုနာ ထပါစေ..၊ ဒင်းသွားလေရာ ယင်ကောင်အုံပါစေ"

ဟုပင် ကြိတ်ပြီး ဥဒ္ဒိဿမေတ္တာ ပို့သလိုက်မိသေး၏။
နောက်..သည်အတိုင်းနေလို့တော့မဖြစ်။ ကန်တင်းရောက်လျှင် မျက်နှာချင်းဆိုင် အတူလာထိုင်ကာ..သောက်ခွက်ပြောင်ပြောင်နှင့် အနှောကအြယှကကြှောငတြောာငြ ပေးနေဦးမည်..။ တခုခုတော့ အမြန်ဇယားရွှေ့မှ..ဟူသော အတွေးဖြင့် လှမ်းနေသည့်ခြေလှမ်း တုံ့ခနဲ ရပ်လိုက်၏။

ထိုနေရာသည် ကန်တင်းတန်းမရောက်မီ စံပယ်ဆောင် ကော်ရစ်တာလမ်းတလျှောက်တွင်ဖြစ်သည်။

မိန်းမပျိုလေးသည် ရုတ်တရက် လှည့်၍ ကျော်ကြီးကို မျက်နှာချင်းဆိုင်လိုက်၏။

ကျော်ကြီးလည်း ယခင်က ကောင်မလေးတကာ မကြည်ဖြူလာရာကနေ ယခုများတော့ သူလုပ်ဆောင်လာသော ဓာတ်ဆင်ဓာတ်ရိုက် ယတြာနည်းလမ်းတွေက တစခန်းထပြီး အစွမ်းပြသချေပြီလား..ဟု ရင်တမ,မနဲ့ဘဲ စိုးထိတ်ရင်ဖိုသွားမိသည်။

"ဒိီမယြ..ရှင့်ကိုကြည့်ရတာ..ဇော်နီ..အဲလေ..ဇော်ဂျီလိုလို ဘာလိုလိုနဲ့ ကိုယ်ရောင်ကိုယ်နီတွေ တယ်တောက်ပလှချည်လား..၊ ဒါ ဘယ်လိုဖြစ်ရတာလဲ..ပြောစမ်းပါဦး "

မိန်းမပျိုလေးမှာ လမ်းတလျောက်လုံး နားပူနားဆာတိုက်ခံလာရခြင်းကြောင့် စနိုးစနောင့်ဖြစ်နေခဲ့ရှာသော သူမ၏ တိတ်တဆိတ် စိတ်ဆင်းရဲနေမှုကို မြင်ပြင်းကတ်ခြင်းဖြင့် အသံပြန်လည် ဖြိုခွင်းလိုက်၏။

"ဒိိီလိုပါဘဲလေ.. ကိုယ်က..သူများထက်ထူးမှ အိပ်ပျော်စားဝင် ဘဝင်ကျတတ်လို့ပါ"

ကျော်ကြီးလည်း သူ့အဖြစ်မှန် ယတြာနည်းနာများကို ကွယ်ဝှက်ထားလိုသဖြင့်..သူ့အလေ့အထ တခုကိုအကြောင်းပြ၍ သွယ်ဝိုက်ကာ ဆင်ခြေပေးလိုက်သည်။

သို့နည်းတူ.. အခြားတဖက်ကကြည့်လျှင် မိန်းမပျိုလေးကလည်း သူ့ခေါင်းထဲမှ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ကာလာစုံကို အလျင်စလို အားချင်းထုတ်ကာ အစည်းအဝေး ထိုင်ခိုင်းလိုက်၏။

''အာ.. ဟုတ်ပြီ.. ဒင်းက..ပွေးပေါက်ရင်တောင် သူများထက်ထူးပြီး နဖူးမှာ တက်ပေါက်ချင်သူမျိုးဆိုတော့..ငါ့အကြောင်းလည်း.. ဒင်း..ကောင်းကောင်း ကျောင်းမှန်းကန်မှန်း သိစေရမယ်"

..............................................

" ရှင်ကိုယ်တိုင်က..မနူးမနပ်နဲ့ အရူးဓာတ် ဖမ်းသလိုလို အားအားယားယား လိုက်အာနေတယ်လို့တော့ မထင်မိပါဘူးလေ..။ ကျမကိုယ်တိုင်က စိတ်ထဲ ဂရုမစိုက်ဘဲနဲ့ တုမိုက်ပြိုင်ဖက်ဖို့လည်း အကြောင်းမမြင်ပါဘူး..။ ရှင့်ရဲ့ မလျှော့စတမ်း ဇွဲ ကို တွေ့လိုက်ရလို့ ချီးကျူးမိပါရဲ့..၊ ဒါကို ဂုဏ်ပြုတဲ့အနေနဲ့..ရှင့်သဘောကျ သူများထက်ထူးအောင် ကျွန်မက ရီပလိုင်း ပြန်ပြီး အဖြေတခုတော့ ပေးမယ်လို့ စိတ်ကူးထားလိုက်မိတယ် "

မိန်းမပျိုလေးက သူမ ဆင်ယင်မည့် ခွင်ထဲသို့ ကျော်ကြီးကို တမင် တိုးဝင်လာအောင် သွက်သွက်ကြီး..အကွက်ရွှေ့ မျှားခေါ်လိုက်သည်။ ကျော်ကြီးလည်း သူ့ကို အစက ဖုတ်လေသည့် ဓညင်းသီး တူးနံ့နံတယ်လို့တောင် မထင်ထားခဲ့သည့်သူက ရုတ်ချည်းကြီး အပြောရွှန်းပြီး အဖြေပြန်ပေးမည်ဟု ဆိုလာခြင်းကြောင့် ရင်ထဲ လှိုက်ခနဲ မြူးသွားသည်။ လက်ပြန်ကြိုးတုတ်ပြီး ရှေ့မှာ ဒူးရင်းသီးချပေးထားခံရသူလို မစားရဝခမန်း အနံ့နဲ့သာ အသတ်ခံနေရသည့် အနေအထားကနေ ဘိုးအောင်ချစ်၏ ညွှန်ကြားချက်သည် အစွမ်းထက် အကောင်အထည်ပေါ်လာပြီဟုလည်း အပျော်လွန်လျက် စဉ်းစားလိုက်မိ၏။

ရှေ့အနာဂတ်အကျိုးဆက်အနေနှင့်ကမူ အဆိုးအကောင်း မည်သို့ဖြစ်လာမည်ကို ကြိုတင်မတွေးဝံ့စရာ.. စိတ်ကူးယဉ်၍သာ ကြည့်ရပေရော့မည်။

"ဒါပေမယ့်..ရှင့်လိုဘဲ ကျွန်မလည်း သူများနဲ့မတူ တမူထူးခြားအောင်တော့ စီစဉ်ရဦးမယ်..။ တခါမှ ကျွန်မက ရည်းစားဆို ယင်ဖိုတောင်သမ်းဖူးတာ
မဟုတ်သေးဘူးရှင့်..၊ ဒါကြောင့်.. ရှင့်အတွက်တော့ တခါတည်း အဖြေကို ချက်ချင်းမပေးနိုင်ဘူး၊ ကျွန်မ..အဆင်သင့်ချိန် Date တဲ့နေ့ကျမှ ရှင်သိပ်လိုချင်တဲ့ အဖြေကို ရှင်ရ,ရစေ့မယ်လို့.. ကျွန်မ..ကတိပေးတယ်.. ''

''မင်း..ကတိတည်စေနော်''

"အဟား.. ရှင့်အတွက်..တည်ပ.. သိပ်တည်ပ''

"အို...ဟက်ပီး.. ပျော်ပြီလေ၊ ဒါဆို ဖုန်းနံပါတ်လေးတော့ ပေးခဲ့ဦး၊ အချိန်းအချက်လေးကြိုလုပ်လို့ရအောင်ပေါ့"

"အို...အခုမှသိတဲ့သူကို မပေးနိုင်သေးပါဘူး၊ ပြီးတော့ အဖြေကို လိုချင်ရင် အခုတော့..ရှင်လှည့်ပြန်သွားဖို့ သဘောတူရမယ်။ ဒါ.. ကျွန်မဘက်က လိုက်လျောနိုင်တာ ဒါအကုန်ပဲ..။ ဒီလို အပေးအယူကိုမှငြင်းပယ်ပြီး ထပ်တွန့်တက်မယ်ဆိုရင်တော့ ရှင့်ကို မော်ကွန်းထိန်းနဲ့ပေးတွေ့ရလိမ့်မယ်..။ ကျွန်မ လူတွေကြားထဲ အချိန်အကုန်မခံချင်လို့ ဒီအကန့်အထိ ရှင်းပြနေရတာ၊ ရှင့်ကိုလည်း ပြဿနာ ထပ်အတက်မခံစေချင်ဘူးလေ"

မိန်းမပျိုလေးက အပြတ်ပြောချလိုက်သည်။ ကျော်ကြီးအဖို့ နောက်မဆုတ်ချင်ပေမယ့် ရှေ့တိုးဖို့ကလည်း ဆက်ရန်အနေအထားမရှိတော့...။ သို့ကြောင့်မို့... ယခု သူရောက်ရှိသော အနေအထားအဆင့်အထိ လှုပ်ရှားမှုအကျိုးသက်ရောက်လျှင်ဘဲ မဆိုးလှပါဘူးလေ ဟု တွေးကာ

"အွန်း...ဂလိုလား..ဒါဆို လက်ခံပါရဲ့ဗျာ"

"အိုး..ဒါမှပေါ့..၊ ဒိီလို လိမ္မာစမ်းပါ။ ကဲကဲ..လက်ခံတယ်ဆိုရင် လက်ဝါးဖြန့် ပေး"

မိန်းမပျိုလေး၏ တိုက်တွန်းမှုကြောင့် ကျော်ကြီးလည်း တောင်းဆိုချက်အတိုင်း လက်ဝါးဖြန့်ပေးမိလိုက်၏။ မိန်းမပျိုလေးက သူ့နှာခေါင်းစက်ရုံအတွင်းမှ ထုတ်ကုန်တချို့ကို အလျင်အမြန် ကော်ထုတ်နှိုက်ယူလိုက်ပြီး လက်ညှိုးနှင့်လက်မကြား အသာယာဖိပွတ်လုံးကာ ကျော်ကြီး လက်ဝါးထဲသို့ ထည့်ပေးလိုက်၏။

"ရော့..ဒါလေးအရင် ကြိုယူထားလိုက်၊ ဒါက.. ဓာတ်လုံးမဟုတ်တဲ့ နှပ်လုံးလေး..၊ ရေစိမ်သောက်ရင် ငံကျိကျိအရသာရှိမယ်၊ ရှူရှူးပေါက်မယ်...အဲလေ..အမောပြေမယ်..၊ ရှင့်အတွက် အဖြေကတော့ ဖိန်းနွှဲခါကြရင် သဒ်ဓါဖွူ ကန်တင်းမှာ လာယူလှည့်၊ ကိုင်း..ခု ကျွန်မတော့ ဒိုးပြီ"

မိန်းမပျိုလေးက ဟောဟောဒိုင်းဒိုင်းပြောချကာ သုတ်ခြေတင် လှည့်ထွက်သွားတော့၏။ ကျော်ကြီးခမျာ လက်ဝါးထဲမှသူမ၏ နှပ်ချေးလုံးလေးကိုကြည့်ရင်း ချစ်သက်လက်ဆောင်အဖြစ် လိုတရတန်ဖိုးထားပြီး အမြတ်တနိုးဘဲ သိမ်းဆည်းထားရလေမလား၊ ရေစိမ်ပြီးဘဲ သောက်ရလေမလား တွေးနေမိရင်း မချိတင်ကဲ ရှက်ပြုံးလေးနှင့် တသက်မမုန်းကြေးလိုလို ဘာလိုလို ကျန်ရစ်၏။

..............................................

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်ကျောက်စာတိုင် ပမာFever Dreamယောက်ခမရတဲ့နေ့လွင့်မျောနှင်းစက်များကောင်းမြတ် (ခရာတော)အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာစာအုပ်ထုတ်ဝေခြင်း အနုပညာ ?❝ဈေးရောင်းခြင်း အနုပညာ❞