NT

လူသားအထူးပြုပတ်ဝန်းကျင်မှာ
မောင့် လူကုံထံအသိုင်းအဝိုင်းမှာ
မောင်ဟာ ဗလာ။
အထက်တန်းစားတွေကို
လူတန်းစားရေးတရားဟောတဲ့အခါ
စာအုပ်ကြောင် ကြောင်နေတဲ့မောင်ဟာဗလာ။
မခင်နန်းဆန်လို ပြည့်စုံသူကိုငြင်းတော့
နှလုံးသားမရှိတဲ့မောင်ဟာ ဗလာ။
မောင်ချစ်ခဲ့ပါတယ်ဆိုတဲ့
အဲဒီ့အမျိုးသမီးအပေါ်တောင်
အေးစက်ခဲ့တဲ့ မောင်ဟာဗလာ။
"လူ့အသိုင်းအဝိုင်းကအဆိပ်အတောက်အပြည့်ပဲ"
မောင်က ကျွန်မဆံပင်ကိုသပ်လို့ တိုးတိုးပြောတယ်
မောင်ကလူမဟုတ်ဘူးလားဆိုတော့
မောင်ဟာအသိုင်းဝိုင်းအပြင်က ပွဲကြည့်ပရိတ်သတ်ပေါ့တဲ့။
ချစ်သူကတော့ မောင့်နောက်က မောင့်ပရိတ်သတ်လေတဲ့။
တော်တော်လည်းတတ်နိုင်တဲ့မောင်။
မလေးစားတဲ့မိန်းမကို ချစ်သူမတော်ချင်လို့တဲ့
ကျွန်မကို ရိုသေတဲ့မောင်။
ချစ်သူကို ဖာသည်လိုဆက်ဆံတဲ့ခေတ်မှာ
ကျွန်မရဲ့မောင်က ခေတ်ထဲကဗလာ
စစ်ကြီးရဲ့အကြွင်းအကျန်နှလုံးသား
ကဲ...ရှင်တို့ဘာတတ်နိုင်သေးလဲ။
ဗလာမှာဟာကွက်မရှိဘူးလို့ကျွန်မကပြောတော့
ခပ်ချွဲချွဲနဲ့ကျွန်မပုခုံးပေါ်လာမှီပြီး
မောင့်ဟာကွက်ကိုအချစ်ကဖြည့်ပေးတာလို့ဝန်ခံတယ်။
မောင်ဟာ မောင့်နည်းမောင့်ဟန်နဲ့
ချစ်သူကိုဂရုစိုက်ဖို့ကြိုးစားနေတယ်တဲ့။
ကျွန်မဟာလည်း မောင့်နည်းတူပါပဲ။
ကျွန်မမှာသာစွမ်းအင်ရှိရင်
ဖိနှိပ်မှုမရှိတဲ့ကမ္ဘာကိုတည်ဆောက်မယ်။
လူ့အခွင့်အရေးကိုနေရာတိုင်းအတွက်ဖန်ဆင်းမယ်။
ကျွန်မသာလူချမ်းသာတစ်ယောက်ဖြစ်ခဲ့ရင်
ကွန်ဒုံးတွေကိုနေရာအနှံ့ဝေပေးမယ်
အခမဲ့ပညာရေးအစစ်ကိုဖော်ဆောင်မယ်။
ဒါတွေဟာ မောင့်အတွက်မပါပေမယ့်
မောင့်အပေါ်ထားတဲ့ကျွန်မရဲ့ဂရုစိုက်မှုပါပဲ။
ဒီတော့ မောင်ကပြုံးတယ်
နွေးနွေးထွေးထွေး မောင့်အချစ်ကလေးတဲ့
ဒါပေါ့လေ
ဘာမှမရှိတဲ့ကျွန်မနှလုံးသားဟာ
မောင်ရဲ့ ဗလာကိုမြတ်မြတ်နိုးနိုးသိမ်းထားတာကိုး။
NT
Keep Reading