May Me- Author

ကျမတို့ လုပ်နေကျ အကျင့်တစ်ခုဟာ တနည်းပြောရရင် ဗီဇတစ်ခုပါပဲ...
ကျမ ငယ်ငယ်လေးထဲက အပေါင်းသင်းဆို သိပ်အများကြီးမထားတတ်ဘူး အဲ့လိုပြောလို့ တစ်ယောက်ထဲနေတဲ့သူလားဆိုလဲ မဟုတ်ပြန်ဘူးရယ်.... သာမန်ပေါင်းသင်းဆက်ဆံရေးကတော့ ရှိပါတယ် ဟိုအကြောင်းဒီအကြောင်းကို အပိုတွေသိပ်မပြောဖြစ်တာပါ။
သူငယ်ချင်းတွေရှိပေမယ့် အချင်းချင်းတွေကြား တချို့စိတ်ထားမဖြူကြလို့ မေတ္တာရှိရသူလဲနဲပါတယ် အထူးသဖြင့် သူများအကြောင်း ကောင်းခြင်းဆိုးခြင်းကို တွတ်တွတ်ထိုးသူတွေဆို စိတ်ပေါင်းကိုယ်ခွါနေပါတယ် အဲ့ဒီအပိုင်းကို ကျမကိုယ်၌ကဝါသနာမပါလို့လဲဖြစ်ပါလိမ့်မယ်။
ကျမအကျင့် သိသိမသိသိ လူတိုင်းအပေါ် အမြဲ စိတ်ကောင်းစေတနာထားတတ်တယ် တခုခုဆို ကိုယ်က ဆရာလုပ်တာမဟုတ်ပဲ လမ်းပြပေးတတ်တာ ပြောပြပေးတတ်တာက ရိုးရှင်းတဲ့စိတ်ထားလေးတစ်ခု။ ဒီအကျင့်တွေနဲ့ ရှင်သန်ရင်း မေတ္တာတွေပိုလာတဲ့သူတွေဆို သူတို့ကိုဦးစားပေးလို့ ကိုယ်ကပဲအမြဲ နောက်နားမှာနေပြီး စောင့်ရှောက်ပေးတတ်တာ ဂရုစိုက်ပေးတတ်တာကလဲ ကျမရဲ့ပင်ကိုယ်စိတ်အခံက လုပ်ပေးနေကျထုံးစံတစ်ခု။
ကိုယ့်ရင်ဘတ်ထဲရောက်သွားပြီဆို တဖက်လူက အမြင်ကတ်လောက်အောင်ဂရုစိုက်စိတ်ပူပေးတတ်လို့ ကိုယ့်မေတ္တာ စေတနာတွေကို အလေးထားမခံရတာတွေလဲကြုံဖူးသေးတာကလဲ ဒီအကျင့်ကြောင့်ပါပဲ။
ဒါကတော့ ကိုယ့်အကျင့်အကြောင်း အနဲငယ်ပေါ့နော်။ ဟော့ ခုမှစမှာ မကောင်းတဲ့အကျင့်ကလေးက ခုချိန်ထိလဲ မပြောင်းလဲပဲစွဲနေတာမို့ ဒါဟာ ဗီဇ တစ်ခုလို့ ပြောရတာပါပဲ။
ကိုယ်က ဘယ်သူ့ဖြစ်ဖြစ်ကောင်းပေးတယ်၊ ကူညီပေးတယ်၊အကြံဉာဏ်ပေးတယ်၊စောင့်ရှောက်ပေးတယ်၊လမ်းပြပေးတယ်၊ ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ ချမ်းသာသူ ဆင်းရဲသူရယ်လို့ စိတ်မ၀င်စားတတ်သလို သူတပါးရဲ့ စီးပွါးဥစ္စာကို အားကျတဲ့စိတ်မဖြစ်ခဲ့ဘူးတဲ့အတွက် လိုချင်တပ်မက်မှုကြောင့် သိမ်ငယ်တဲ့စိတ်ကိုလဲ မခံစားခဲ့ရပါဘူး။ အဲ့ဒီတော့ အလိုလောဘကြောင့် စိတ်ဆင်းရဲခြင်းကအထူးတလည် မဖြစ်ရဘူးပေါ့နော်။
တခုတော့ရှိတယ် သူငယ်ချင်း မိတ်ဆွေအပေါင်းသင်းရယ်လို့ ခင်မင်ရင်းနှိးသွားတဲ့နောက် မေတ္တာတရားတို့ သံယောဇဉ်တို့ကိုတော့ မက်မက်မောမောတန်ဖိုးထားပါတယ်။ ကိုယ်ကတန်ဖိုးထားရတဲ့သူတချို့ ကိုယ့်ကို တန်ဖိုးမဲ့သလိုဆက်ဆံတဲ့အခါ ကျမစိတ်ကုန်သွားတတ်ပါတယ်။
စိတ်ကုန်သွားပြီဆိုရင် သူတို့အပေါ်ထားတဲ့ ကိုယ့်မေတ္တာ ကိုယ့်စေတနာ ကိုယ့်ခင်မင်မှု့တွေဟာ ကိုယ့်အသိစိတ်ထဲကနေ သူ့ဟာသူ ရုတ်ချည်းပျောက်ကွယ်သွားတတ်ကြပြန်တယ်။ အဲ့ဒီအခါ ကျမပင်ကိုယ်ကိုက မသိလိုက်မသိဖါသာပဲနေမိသွားတတ်လို့ သိပ်မာနကြီးတဲ့ မိန်းမလို့ ကောက်ချက်ချခံရတဲ့သူပါ။
တကယ်ဆို ကျမက မာနမကြီးတတ်ပါဘူး ခင်တွယ်ပြီဆိုရင် ခခယယကို ပါတ်သက်တတ်တာပါ။မျက်နှာလိုအားရ မလုပ်တတ်သလို အခွင့်ရေးယူတတ်သူမဟုတ်လို့ ကျမနဲ့ ခင်မင်ရလို့ နစ်နာစရာမရှိပါဘူး။ တစ်ခုလေးပဲသတိထားခင်ပါ။ မညှာပါနဲ့ မကဲ့ရဲ့ပါနဲ့ အတင်းမတုတ်ပါနဲ့။ ဒါက ကျမအမုန်းဆုံးအရာမို့ပါ။
ကျမ မိန်းကလေးမှန်ပါတယ် မိသားစုပဲဖြစ်ဖြစ် သူငယ်ချင်းပဲဖြစ်ဖြစ် မိတ်ဆွေပဲဖြစ်ဖြစ် သံယောဇဉ်တွေက သူ့အလိုလို ကုန်ခမ်းသွားရင်ဖြင့် လှည့်မကြည့်ပဲ ကျောခိုင်းတတ်တဲ့အကျင့်က အတော်ဆိုးတာမို့ပါ။ နားလည်ပေးလို့ရတာပဲလို့တွေးချင်တွေးပါလိမ့်မယ် သို့ပေသည့် မိန်းမလို မိန်းမရ လုပ်တတ်တဲ့အကျင့် ကျမမှာမရှိလို့ နားလည်မပေးတတ်ပါဘူး။
ကျမပိုင်ဆိုင်ထားတာက အဲ့ဒီလို အတော်လေးကိုဆိုးလိုက်တဲ့ အကျင့်ကလေးတစ်ခုဟာ ဗီဇတစ်ခုဖြစ်လာခဲ့တာပါ။
#May Me
05-11-2024
Keep Reading