ဆွေ (မန္တလေး)
သို့
ကောင်မလေးရေ ဆယ်တန်းပြီးပြီဆိုတော့ တစ်နှစ်လုံးပင်ပန်းခဲ့ပြီ ပင်ပန်းခဲ့တဲ့အတွက် အနားယူချိန်လည်း ကောင်းကောင်းရပါလိမ့်မယ်နော်။ ရတဲ့အချိန်လေးကို ကြိုက်တတ်တဲ့ ဇာတ်ကားတွေ series တွေကြည့်ပြီး အပြည့်အဝကြီးအနားယူနော်။ အခုကစပြီး စိတ်ပင်ပန်းစရာတွေ trauma ရစရာတွေနဲ့ ကိုယ့်အပေါ်ကောင်းတဲ့သူတွေရော မကောင်းတဲ့သူတွေရော အများကြီး ရှေ့ဆက်လျှောက်ရတော့မှာ... အဲ့အတွက် မှာစရာလေးတွေရှိပါတယ်။
စာ ၁။ ။ဘယ်သူ့ကိုမှ လွယ်လွယ်မယုံကြည်ပါနဲ့နော်
ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးတဲ့သူက ကိုယ်အချစ်ရဆုံး ဖြစ်နေတတ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူကို ကိုယ်အယုံကြည်ဆုံး ဟုတ်တယ်မလား။ အဲ့တာကောင်းတဲ့အချက်ပါပဲ။ ယုံပါ။ ဒါပေမဲ့ သတိနဲ့နေပါ။ ကိုယ့်စိတ်နဲ့နှိုင်းပြီး သူလည်း ကိုယ့်လိုဖြစ်မှာပဲလို့ တထစ်ချမယုံလိုက်ပါနဲ့နော်။ လူတိုင်းက ကိုယ်လိုမဟုတ်ပါဘူး။ ဒီဓားနဲ့ထိုးခံရပြီးတဲ့နောက် ကောင်မလေးရရှိမဲ့အရာက သူငယ်ချင်း၊ မောင်နှမတွေကို အရမ်းသံယောဇဉ်မတွယ်တတ်တော့မှာ မယုံတော့မှာ မစွဲလမ်းတော့မှာပဲ။ ဒီဖြစ်ရပ်ကြောင့် ရလာတဲ့သင်ခန်းစာတွေကလေ ကောင်မလေးကို ရှေ့လျှောက်ဘယ်သူ့ကိုမှ အယုံမလွယ်အောင်သင်ပေးသွားမှာ။ ဘယ်သူကယုံသင့်တယ်။ ဘယ်သူကမယုံသင့်ဘူးလဲဆိုတာကိုလည်း ရွေးချယ်တတ်သွားမှာ။ ကောင်မလေး နာကျင်မှာနော်။ သည်းခံနော်။
စာ ၂။ ။စပြီးရင် ဆုံးခန်းတိုင်အောင်လုပ်ပါ။
ကောင်မလေးရေ ဒီအချက်ကလေ အရမ်း အရေးကြီးတယ်။ ဒီအချက်ကိုသာ ကောင်မလေး နားထောင်လိုက်ရင် ကောင်မလေးဘဝရှေ့ရေး အရမ်းတည်ငြိမ်သွားမှာ။ ကောင်မလေးဖြစ်ချင်တဲ့ independent woman ဖြစ်ဖို့ 80%လောက်ကို နီးစပ်သွားမှာ။ ကောင်မလေး စပြီးဆုံးခန်းတိုင်အောင် မလုပ်ခဲ့မဲ့ အနာဂတ်တွေထဲမှာလေ
- ပညာကို ဆုံးခန်းတိုင်အောင် မသင်တာ
အရမ်းမှားတာပဲ။ ကောင်မလေး အိမ်မက်ဖြစ်တဲ့ နိုင်ငံခြားတက္ကသိုလ်တက်ခွင့်ရမဲ့အခွင့်ရေးကလေ ကောင်မလေးစီ ၂ကြိမ်ဆက်တိုက်လာလိမ့်မယ်။ အဲ့အကြိမ်တိုင်းကို လက်မလွှတ်လိုက်နဲ့နော်။ စာလုပ်ရတာခက်ခဲတာသိပေမယ့် စာလုပ်နော် ကောင်မလေး အဲ့တာမှ ကိုယ်နဲ့ရွယ်တူ သူငယ်ချင်းတွေ ဘွဲ့ရ အလုပ်ကိုယ်စီ ဝင်ငွေရှာနိုင်ချိန် ကောင်မလေးလည်း သူတို့ထပ်ပိုတောင် ကိုယ့်ဝင်ငွေနဲ့ ကိုယ်ဖြတ်သန်းနိုင်မှာ သိလား။ မျက်နှာမငယ်ရမှာ။ UFL diploma ကောင်မလေး စာမေးပွဲအောင်လိမ့်မယ်။ ပြီးဆုံးအောင် တက်နော်။ နောက်ပြီး Singapore က တက္ကသိုလ်တစ်ခုမှာလည်း English Level တွေအကုန် pass ဖြစ်ပြီးကို အောင်မှာ အဖေကတောင် မျက်လုံးပြူးရတဲ့ထိကို English Level မြင့်ခဲ့မှာသိလား။ ပြီးတော့ ဥပဒေကိုလည်း ကောင်မလေး အရွယ်နဲ့ဆို အရမ်းနားလည်ရခက်မဲ့စာတွေဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ အဲ့ဒိနားလည်ရခက်တဲ့ ဥပဒေကိုပဲ ကောင်မလေးက အရမ်းသဘောကျလာမှာ။ ကောင်မလေးလုပ်နိုင်ရဲ့သားနဲ့ စာသေချာမကျက် အပျင်းတစ်မဲ့ နှစ်တွေကလေ ကောင်မလေးရယ် တကယ်နှမြောဖို့ကောင်းတယ်။ အခုကောင်မလေး ၂၆နှစ်မှာ ဖြစ်ချင်မဲ့ အိမ်မက်ကလေ ကောင်မလေး အချိန်ဖြုန်းခဲ့လို့ ကောင်မလေးရဲ့ရှေ့လမ်းကို ပိတ်နေတဲ့အရာဖြစ်နေမယ်။ အဲ့တာကြောင့် ဘယ်ပညာရေးကိုမဆို ဆုံးခန်းတိုင်အောင် လုပ်ပေးဖို့ မှာချင်တယ်။
စာ ၃။ ။ ဘာသာစကားလေ့လာတာကို ဆက်တိုက်လုပ်ပေးပါ။ မရပ်ပါနဲ့နော်။
ကောင်မလေးရဲ့ ငယ်ငယ်ကတည်းက ကျက်စာတွေကို ကျက်ရမှာ ပျင်းလို့ အင်္ဂလိပ်စာ Meaning တွေချည်းကျက်ခဲ့တဲ့ အလေ့ကျင့်လေးကလေ ကောင်မလေးအတွက် အင်္ဂလိပ်စာဆို ငယ်နိုင်ဖြစ်နေခဲ့တာ ဟုတ်တယ်မလား။ အဲ့အားသာချက်လေးကို သေချာအသုံးချပြီး အင်္ဂလိပ်စာကို သေချာလေ့လာလိုက်စားပါ။ ကောင်မလေး လေ့လာလိုက် ပျင်းသွားရင် မလေ့လာလိုက်နဲ့ နေခဲ့တဲ့ အချိန်တွေကလေ တကယ်တမ်း စုလိုက်တဲ့အချိန် ဘာသာစကားတစ်ခုကျွမ်းကျင်ဖို့အတွက် ပိုတောင်နေတဲ့အခြေနေကို ကောင်မလေးသိလိမ့်မယ်။ နောက်ပြီး ကောင်မလေးက အင်္ဂလိပ်စာကိုတင် သဘောကျတတ်တာမဟုတ်ဘူး။ တရုတ်၊ ဂျပန်၊ ကိုးရီးယား အပြင် ပြင်သစ်ကိုလည်း ကောင်မလေးက လေ့လာချင်သေးတာ အရမ်းလောဘကြီးတဲ့ကောင်မလေး။ ဘာကိုပဲလေ့လာလေ့လာ ကောင်းတာပဲ ဖြစ်မှာ။ နံပါတ်မှာ မှာခဲ့တဲ့အချက်အတိုင်း ဆုံးခန်းတိုင်အောင် လုပ်ပါနော်။
စာ ၄။ ။လောဘမကြီးပါနဲ့ကောင်မလေး
ကောင်မလေးက လောဘသိပ်ကြီးတာ။ သူလောဘကြီးတာ တခြားကိုမဟုတ် သူ့ရည်မှန်းချက် သူလုပ်ချင်တာ သူဖြစ်ချင်တာ အရမ်းရည်မှန်းချက်အမြင့်ကိုထားတတ်တယ်။ ရည်မှန်းချက်မြင့်တာအရမ်းကောင်းတယ် ဒါပေမဲ့ ဗျာများပြီး ဘာမှသေချာမလုပ်နိုင်ဖြစ်တတ်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကအကောင်းဆုံးလုပ်ချင်တာပဲ ဟုတ်တာမလား။ အဲ့တာကောင်မလေးမှ မဟုတ်ဘူး။ လူတိုင်းပဲ။ အခုအကောင်းဆုံးနေရာ ရထားပါတယ်ဆိုတဲ့ လူတွေကို လိုက်မေးကြည့် သူတို့နေရာ သူတို့ကျေနပ်ပြီးလားလို့ မကျေနပ်ဘူးနော် ပိုပိုကောင်းတဲ့ရည်မှန်းချက်တွေရှိလာတယ်။ သူတို့စတင်ခဲ့တဲ့အရာကိုလည်းကြည့် ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ စတင်လာတာ မပြည့်စုံဘူး။ အဓိကက စဖို့နဲ့ ဆက်လုပ်ဖို့ပဲ။ ကိုယ်တကယ်ဖြစ်ချင်တာသာ မှန်ရင် အဆုံးဆိုတာမရှိတဲ့အတွက်ကြောင့် ဒီအချက်မှာ ဒီ ၂၆နှစ် အမက မှာချင်တာက စလုပ်ပါ ပြီးတော့ ဘာပဲဖြစ်ဖြစ်ဆက်လုပ်ပါ ဘာအကြောင်းကြောင့်နဲ့မှ ကိုယ်လုပ်နေတာကို မရပ်ဖို့ပါပဲ။
စာ ၅။ ။ အချိန်မကုန်ပါနဲ့။
လူတစ်ယောက်က အချိန် ၂၄ နာရီပဲရတယ်။ အချိန်ရယ် လူအင်အားရယ် ငွေအင်အားရယ် အဆက်သွယ်ရယ် စီးပွားတစ်ခုကို စဖို့ ဒါဟာအခြေခံပဲ။ အဲ့တော့ အချိန်ရှားပါးနေတဲ့ လူတွေအများကြီးရှိတယ်။ မင်း ဒီအချိန် အချိန်ဖြုန်းနေတဲ့အချိန် မင်းသူငယ်ချင်းတွေက ငွေဝင်ရင် ဝင်နေလိမ့်မယ်။ တစ်ချိန် သူတို့ အိပ်နေတဲ့အချိန်တောင် ငွေဝင်နေချိန်မှာ ကောင်မလေးက အချိန်ပိုတွေနဲ့ အလုပ်ချိန်မသတ်မှတ်ထားလောက်အောင် အလုပ်တွေနဲ့ ရုန်းကန်နေရလိမ့်မယ်။ အပြောဆိုခံနေရလိမ့်မယ်။ အဲ့တာကြောင့် အချိန်မကုန်နဲ့ ကောင်မလေး။ အချိန်မဖြုန်းနဲ့။
၃ နိုဝင်ဘာလ၊ ၂၀၂၄။
ဥမင်
Keep Reading