ရာသက်ပန်(တောင်ငူဆောင်)
ထားဝယ်တက္ကသိုလ်ဟုဆိုကြသော်လည်း တည်ထားသော တကယ်နေရာကမူတနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာမှာ ဖြစ်ပါ၏။ စာထဲမှာတော့ မဲဇာတောင်ခြေဟုသာ ကြားဖူးသည်။ ကျွန်မတို့ကျောင်းကတော့ “တောမိုးတောင်ခြေ” တွင် ရှိပါ၏။ တောမိုးတောင်ဟူသည် ထားဝယ်အသံထွက်နှင့် ခေါ်ခြင်းဖြစ်ပါ၏။ အဓိပ္ပာယ်က တောင်မိုးတောင် ဖြစ်ပါသည်။တောင်တွေအားလုံးထက်မြင့်သော တောင်ကြီးတစ်တောင် ဖြစ်သည်။ မြေသား နီနီကမ်းခုံမြင့်တွေ၊ တောင်တက်တောင်ဆင်း အနိမ့်အမြင့်နှင့် လမ်းတွေ၊ရော်ဘာတောတွေ၊ ငှက်ကလေးတွေနှင့် သာယာလှပါသည်။နေ့ရောညပါ နိုင်ငံခြားလေယာဉ်ပျံဖြတ်သန်းသံတွေကြားနေရပြီး ရထားဥသြသံ မကြားနိုင်သော်လည်း ရန်ကုန်က “အဖေ့အိမ်” ကိုတော့ လွမ်းမိပါသည်။
ထားဝယ်တက္ကသိုလ် အဟောင်းကတော့ တကယ်ပဲထားဝယ်မြို့ထဲမှာ ရှိခဲ့ဖူးပါသည်။ အဆောင်အချို့ တော်တော်များများကို ပညာရေးကောလိပ်သို့ ပေးလိုက်ရပြီဖြစ်သော်လည်း ဆရာမအချို့နေသည့် “ပိ
တောက်ဆောင်နှင့်ပါမောက္ခများ၊အိမ်ထောင်သည်ဝန်ထမ်းများနေသည့် တန်းလျားများ၊ ကားဂိုထောင်များကိုတော့မလွဲအပ်ရသေးပေ။ ဆရာ၊ ဆရာမ အများစုမှာ ကျောင်း နှင့် တစ်ဝင်းတည်းဖြစ်သည့် အောက်ဆောင်ဟု အများနှုတ်ကျိုးနေကြသော အဆောင်များတွင်နေကြပါသည်။ ထိုအောက်ဆောင်ထဲတွင် ဆရာ ၂ဆောင်၊ ဆရာမ ၂ ဆောင်ပါဝင်ပါသည်။ သဇင်၊ ကံ့ကော်ဟု အမည်ရသော ဆရာမဆောင်များတွင် ဆရာမများ ပြည့်သွားသဖြင့် ဆရာဆောင်ဖြစ်သည့် “သာဂရ” ကို ဆရာမများထားရခြင်း ဖြစ်ပါသည်။ဆရာများကလည်း ဆရာမများထက်စာလျှင် နည်းတာမို့ “ဒူရက” ဆောင်တစ်ဆောင်တည်းနှင့် လုံလောက်နေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ “သာဂရဆောင်”မှာ ကျွန်မတို့ မရောက်ခင်နှစ်များက ပါမောက္ခ၊ တွဲဖက်ပါမောက္ခများသာနေကြသည်ဟု လက်ရှိနေနေကြသော ပါမောက္ခတစ်ဦးတလေက ဆိုပါသည်။ အငယ်ဆရာမများကိုပို့သော်လည်း မနေနိုင်ကြဘဲ ပြောင်းပြောင်းပြေးကြသည်ဟု ကြားသိရပါသည်။ ကျွန်မတို့ ရောက်သွားသည့် နှစ်မှာတော့ ပြောင်းရွှေ့လာသည့် ဆရာမဦးရေများလွန်းသဖြင့် သာဂရဆောင်တွင်မနေလိုသော်လည်း တာဝန်ခံပါမောက္ခချုပ်ထား သောကြောင့်နေကြရပါသည်။ ထိုအခါ “သာဂရ”ဆောင်သည် ထားဝယ်တက္ကသိုလ် ဆရာမများဆောင်အဖြစ်သာ ရာထူးလျှောကျ သွားရပါတော့သည်။ စိတ်မကောင်းပါ။ ကျွန်မတို့လည်း ပျော်လွန်း၍ ပြောင်းလာကြပြီး နေချင်လွန်း၍ နေနေကြသည်မဟုတ်ပါ။ ဒါကို ကျေးဇူးပြု၍ နားလည်ပေးစေချင်ပါသည်။အဲဒီ သာဂရဆောင်၏ အောက်ထပ် အခန်း ၁ တွင် ကျွန်မနေရပါသည်။ အရိုးသားဆုံးနှင့် အရှင်းဆုံးပြောရလျှင် ကျွန်မလုံးဝမပျော်ပါ။ အဆောင်က သန့်ပြန့်ပြီးကောင်းသော်လည်း လူအချို့၏စရိုက်များမသန့်သောကြောင့် ဖြစ်ပါသည်။ ကျွန်မ အမှန်းဆုံးဖြစ်သည့် လက်သပ်မွေးထားသူအနည်းစုရှိနေပါသည်။ အတိအကျပြောရလျှင် ၂ ယောက်လောက်ပဲ ဖြစ်ပါသည်။ အများစုမှာ နေတတ်အောင်နေကြပါသည်။ အဆောင်မှူး ဆရာမကြီးကတော့ အဆင့်အတန်းမြင့်မြင့် နေတတ်သူဖြစ်ပါသည်။ နေရာတကာ အသေးအဖွဲကအစဆီလို အပေါက်ရှာပြီးမပြော တတ်ပေ။ ၃နာရီလောက်သာရသော လျှပ်စစ်မီးလာသည့်အချိန်တွင် တစ်နာရီသာသာလောက်သာဖွင့်သည့် ကျွန်မ၏ ကက်ဆက်သံကိုလည်း ရာဇဝတ်မှုတစ်ခုလို လိုက်မပြောပါပေ။ခင်မောင်တိုး၊ခင်ဝမ်း၊ စိုင်းထီးဆိုင်နှင့် တီနာတာနာ၊ အယ်လ်တန်ဂျွန်၊ George Strait John Fogerty၊ Shania Twain၊ Mark Knopfleri၊ Alan Jackson Martina McBride တို့၏ Best Country Songs များ၊ Classical Music များကို
သာ ဖွင့်လေ့ရှိသောကျွန်မ၏သီချင်းသံများက တောကြီးဆိတ်ညံထဲက တရားစခန်းလေးကိုတော့ အနည်းငယ်စိုပြည်နိုင်ကောင်းရဲ့လို့ထင်ခဲ့ပေမယ့် ကျွန်မ မှားသွားခဲ့ပါသည်။စာအုပ်မကြိုက်သော၊ တေးသီချင်းမကြိုက်သော သူများလည်းလောကတွင်ရှိသားပါကလားဟူသောအတွေးကို သာဂရဆောင်ကြီးကပေးခဲ့ပါသည်။ တကယ်တော့ ပါမောက္ခ၊ တွဲဖက်ပါမောက္ခမဟုတ်သည့်ဆရာမများမှာလည်းသူ့အဆင့်နှင့်သူနေတတ်ကြသူချည်းပါ။အလွန်အမင်းစည်းကမ်းပျက်နေကြသူများ မပါပါ။ ကျွန်မကတော့ ဒီလိုပဲထင်ပါသည်။ ထို့ကြောင့်ပင် ကျွန်မသည် မလိုအပ်ပါက အခန်းအပြင်ဘက်သို့ သိပ်မထွက်တော့ဘဲအခန်းအောင်းကာစာဖတ်နေလေ့ရှိပါသည်။စာများများဖတ်ဖြစ်သည့်အတွက်ဆီလို အပေါက်ရှာသူများကို ကျေးဇူးတင်ရပါမည်။ထားဝယ်တက္ကသိုလ်စာကြည့်တိုက်မှစာအုပ်များနှင့်အားမရနိုင်သေးဘဲထားဝယ်မြို့ထဲတွင်ရှိသော“အောင်စာပေ” ၌ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီး စာအုပ်များသွားငှားပါသည်။သွားရေးလာရေးဝေးကွာခက်ခဲလွန်းသည့်အတွက်ကြောင့် တစ်ပတ်တစ်ခါလောက်သာပြန်အပ်နိုင်မည့်အကြောင်းကြိုတင်ပြောပြထားပါသည်။ထိုအခါလူသိပ်မငှားတော့သောစာအုပ်လေးများ(ကိုယ်မဖတ်ရသေးလျှင်တော့..ကိုယ့်အတွက်အသစ်ပေါ့)ကိုနှစ်ရက်ဖတ်ခပဲယူပြီးငှားပေးပါမည့်အကြောင်း ဆိုင်ရှင်ဦးထွန်းမင်းအောင်က ပြောပါသည်။ ကျွန်မ အလွန်ပင်ကျေးဇူးတင်၍ သူ့စေတ
နာကို မှတ်တမ်းတင်ပါသည်။ “အောင်စာပေ”ဟူသောဆိုင်းဘုတ်အောက်တွင်
“စာပေသည်သာ ဉာဏ်ပညာ”ဟူသော ဆောင်ပုဒ်ကိုရေးထားသဖြင့် စာပေကို ချစ်မြတ်နိုးသူများဖြစ်ကြောင်း သိသာပါသည်။
ဒီလိုပဲ စာဖတ်လိုက်၊ အခန်းရှင်းလိုက်၊ ဘုရားရှိခိုးပြီး ဆုတောင်းမေတ္တာပို့လိုက်၊ လျှပ်စစ်မီးလာသည့် ည ၆း၃၀ နောက်ပိုင်းမှာ သီချင်းနားထောင်လိုက်နှင့် ကျွန်မဘဝ ငြိမ်းအေးခဲ့ပါသည်။ပိစပ်ပင်များ၊ကျောက်သပြေပင်များ၊ အောင်သပြေပင်များ၊ တညင်းပင်များ အညွန့်နီနီလေးများနှင့်လှပသော သစ်ရာပင်များ၊ မှိုထွက်သော၊ ဖွတ်ထွက်သော တောင်ပို့များက အဆောင်ပတ်ဝန်းကျင်တွင်ရှိနေသဖြင့် သာယာပြီး လေကောင်းလေသန့်တော့ရပါသည်။ စိမ်းစိုသော တောအုပ်ကြီးထဲတွင် ငှက်များ၊ ခွေးများသာ အဖော်အဖြစ်ရှိသည်။ “ဘူတုတ် .. ဘူတုတ်” ဟုအော်သော ငှက်ကလေး၏အသံနှင့်ဥဩငှက်သံကို တစ်ခါတစ်ရံ ကြားရတတ်သည်။အမည်မသိပန်းကလေးများနှင့် သစ်ပင်လေးများလည်းရှိပါသည်။ လူသားများအတွက်အသုံးမဝင်သော သစ်ပင်လေးများမို့ သူတို့ခမျာ အမည်သညာပင်.ရာဇဝင်မတွင်လေသလားဟု တွေးမိသည်။ သစ်ပင်များမှာ လူသားများအတွက် ကြီးကြီးမားမား အကျိုးမဖြစ်သည့်တိုင် ထင်း နှင့် အောက်စီဂျင်ကိုတော့ ထုတ်ပေးကြပါသေးသည်။ ထို့ကြောင့် သူတို့သည် အချို့သော ဆန်ကုန်မြေလေးများထက်တော့ လောကအကျိုးသယ်ပိုးသည်ဟုဆိုရပါမည်။ ထိုဆန်ကုန်မြေလေးများက နာမည်ရှိပြီး ထိုသစ်ပင်လေးများက ဘာကြောင့်နာမည်မရှိရတာလဲ စဉ်းစားစရာဖြစ်ပါသည်။ နာမည်ရှိသော်လည်း အပုပ်နံ့ကဲ့သို့ပင် လူတို့ကိုအော်ဂလီဆန်စေလျှင်လည်း နာမည်သိက္ခာကျရဦးမည်။
တစ်ခါတလေတော့လည်း လက်ဆေးကန်မရှိသော အနောက်ဘက်ထမင်းချက်ခန်း ( ဆရာမအငယ်အများစုချက်သော ထမင်းချက်ခန်း)ထဲတွင် ဘဝတူများစု၍ မကျေနပ်ချက်များကို ရင်ဖွင့်ဖြစ်ကြသည်။ နည်းပြတစ်ယောက်တလေကတော့ လက်ဆေးကန်ရှိသော မျက်နှာစာဘက် ထမင်းချက်ခန်းတွင်ချက်ကြပါသည်။ ထိုအခန်းတွင်ချက်သော ပါမောက္ခ၊တွဲဖက်ပါမောက္ခများနှင့် ထမင်းအတူစားသောကြောင့်ဖြစ်ပါသည်။ အချို့သော ပါမောက္ခ၊တွဲဖက်ပါမောက္ခအချို့မှာလည်း ရံဖန်ရံခါတွင် ကျွန်မတို့ထမင်းချက်ခန်းသို့လာချက်ကြပါသည်။ထို့ကြောင့်ရာထူးအနိမ့်အမြင့်အရ ခွဲထားသော ထမင်းချက်ခန်းများမဟုတ်ဟု ယူဆရပါသည်။ ကျွန်မတို့ဘက်ခြမ်းတွင် ထမင်းချက်ကြသော ဆရာမများမှာ နောက်ဖေး အင်္ဂတေလှေကားထစ်များတွင် ရေပုံးလေးများနှင့်ရေခပ်၍သုံးကြရပါသည်။လက်ဆေးကန်အားနေလျှင်ပင် သွားဆေးဖို့မေ့နေကြသူများပါ။ လှေကားထစ်နှင့်ရေပုပ်မြောင်းဘေးတွင် ဆေးနေရသည်မှာ တော်တော်လေးပင် အသားကျနေကြပါပြီ။ ကျွန်မတို့နေတတ်သွားပါပြီ။ဘယ်လိုပင်အခက်အခဲရှိပါစေလည်းစိတ်မဆင်းရဲလျှင်ကျေနပ်ပါသည်။နှစ်ယောက်တစ်ခန်းနေကြရသည့်နည်းပြဆရာမလေးများအဝတ်လှန်းစရာနေရာမရှိ၍အုတ်နံရံတွင်သံနှစ်ချောင်းရိုက်မိသားသောကြောင့်ပွက်လောညံအောင်ပြောခံရတာမျိုး၊ သူတို့တောင်းထားသည့်ခုံများဖြစ်တာကြောင့် ဧည့်ခန်းထဲကဆက်တီခုံမှာထိုင်တာမကြိုက်တာမျိုး၊ ညနေပိုင်းတွင် ကြက်ဥနှစ်လုံးကြော်စားမိ၍ ညှော်သည်ဟုအပြောခံရပြီးသူတို့ကိုယ်တိုင်က တစ်ဆောင်လုံးမိုးမွှန်အောင်ငါးခြောက်ဖုတ်တာမျိုး၊မီးဖိုထဲဆီအိုးဖိတ်ကျတာမျိုးစသည့်“ငါပြောသလိုလုပ်၊ငါလုပ်သလိုမလုပ်နဲ့”ဝါဒမျိုးကိုတော့အနံ့မခံနိုင်၍အသက်အောင့်ထားရသည်မှာ အသက်ရှူကျပ်လှပါပြီ။
ထို့ကြောင့် စာအုပ်များနှင့်သာ အဖော်ပြုနေရခြင်းသည်သာဂရဆောင်တွင်အကောင်းဆုံးဟုကျွန်မကအသေအချာအဖြေထုတ်ထားသည်။ စိတ်ဆင်းရဲသော်လည်း တူရာတူရာစုပြီး နေတတ်အောင်ကြိုးစားရပါသည်။ခင်မာလာကြာဖြူကတော့ထိုအရာတွေကိုလွတ်ချလိုက်ဖို့နေထိုင်မှုအနုပညာစာအုပ်မှာပြောပါသည်။ဟုတ်ကဲ့လွှတ်ချလိုက်တော့လည်းတကယ်ပဲပေါ့သွားတာပါလား။
အဆောင်မှာအခန်းအောင်းနေဖြစ်တော့ကျွန်မအခန်းမျက်နှာကြက်ပေါ်တွင်ပုံစံအမျိုးမျိုးနှင့်အိမ်ဆောက်ပြီးနေကြသောခြေတံရှည်ပင့်ကူလေးများကိုသတိပြုမိသွားတာမဆန်းပါ။ခြေတံဟုရော၍သုံးရသော်လည်းရှေ့ဆုံးကအရှည်ဆုံးနှစ်ချောင်းမှာလက်တံဖြစ်နိုင်ပါသည်။ကျွန်မသည် သန့်ရှင်းမှုကိုကြိုက်သော်လည်း သူတို့ကို မသတ်ရက်ဘဲ နယ်မြေအပိုင်စားပေးထားသည်။ မျက်နှာကြက်တွင် နေထိုင်ခွင့်ပြုထားသော်လည်းအကန့်အသတ်တော့ရှိသည်။ကျွန်မခြင်ထောင်
ထောင်ရာအပေါ်မျက်နှာကြက်တည့်တည့်မှာတော့သူတို့ကိုနေခွင့်မပြုနိုင်ပေ။ကျွန်မ ခြင်ထောင်ခေါင်မိုးဖြူဖြူလေးများပေါ်သို့မစင်စွန့်ချမှာကိုကြောက်သောကြောင့် ဖြစ်သည်။ ကျွန်မက အရောင်ပါသော ခြင်ထောင်များထက် ဖြူဆွတ်သော ခြင်ထောင်များကို နှစ်သက်စွာထောင်တတ်သောကြောင့်လည်း ဖြစ်သည်။ကျွန်မခေါင်းရင်းရှိစာအုပ်များတင်ထားသောစားပွဲအပေါ်အုတ်နံရံထောင့်ကွေးသို့လည်း မလာရ။ တစ်ခါတစ်ရံ သူတို့က ကျူးကျော်နယ်ချဲ့တတ်သေးသည်။ ခေါင်းရင်းတွင်သံဆန်ခါတပ်ထားသောပြတင်းပေါက်သုံးပေါက်ရှိပြီးထိုပြတင်းပေါက်များအပေါ်တွင် တစ်ပေခွဲခန့်ရှိသော ကဲလားပုံစံ မှန်တံခါးချပ်လေးများရှိသည်။
ထိုကဲလားလေးများကို လုံးဝမဖွင့်ဘဲအသေလိုပိတ်ထားသဖြင့်ထိုကဲလားနှင့်သံဆန်ခါကြားတွင်ပင့်ကူတို့နေကြပါသည်။ ဤနေရာမှာပင့်ကူတို့၏ဂေဟာဖြစ်ပါသည်။ဖုန်နှင့်ပင့်ကူအိမ်များမြင်မကောင်းရှုမကောင်းဖြစ်လာလျှင်တော့ အကောင်တွေကို မသတ်ဘဲ ညစ်ပတ်နေသောပင့်ကူအိမ်များကိုရှင်းပစ်တတ်ပါသည်။ထိုအခါ သူတို့က သူတို့လုပ်အားနှင့် သူတို့အိမ်ပြန်ဆောက်နေကြပါသည်။အခန်းထဲတွင်သူတို့နှင့်ကျွန်မ အဲသလိုပဲ သံသရာလည်နေသည်။
စာဖတ်၍မျက်စိညောင်းလာသည့်အခါ၊အိမ်ကိုလွမ်းသည့်အခါကျွန်မသည်အိပ်ရာပေါ်ပက်လက်လှန်ရင်းမျက်နှာကြက်ပေါ်မှ သူတို့ကို မော်ကြည့်နေမိတတ်သည်။ထို့ကြောင့်သူတို့နှင့်ရင်းနှီးကျွမ်းဝင်နေပေပြီ။ခြေထောက်တိုတိုတုတ်တုတ်နှင့်ပင့်ကူအပြင်ကိုယ်လုံးပေါ်မှာ အစက်အပြောက်တွေပါပြီး အမွေးအမျှင် ထူသည့် ပင့်ကူမျိုးလည်း ရှိသေးသည်။ ကုက္ကိုပင်ကြီးတွေရဲ့ အကိုင်းတွေမှာအိမ်ဆောက်ပြီးနေတတ်သည့်ပင့်ကူကြီးတွေကိုလည်းမြင်ဖူးသေးသည်။ပင့်ကူတွေကိုမြင်တော့ပင့်ကူကြောက်သည်ဟုပြောဖူးသောကာတွန်းဇော်မောင်ကိုသတိရမိသည်။ကျွန်မကတော့တီကောင်ကြောက်သူပါ။ဒီ ခြေတံရှည်ပင့်ကူလေးကတော့ အန္တရာယ်မပေးတတ်တာမို့ သူကြောက်မှာ မဟုတ်ပါ။
တစ်နေ့မှာတော့ဆရာမြသန်းတင့်ဘာသာပြန်ထားသည့်လက်ဖက်ရည်ဆိုင်ဆိုသည့်တရုတ်ခေတ်သစ်ပြဇာတ်ကိုဖတ်နေစဉ်မှာ ယင်ပျားတစ်ကောင်ဝင်လာသံကြားရသည်။စာဖတ်နေရင်းတဝီဝီအော်သံတွေကြားနေရသည်။ခဏကြာတော့သာမန်အော်ရိုးအော်စဉ်ထက်ပိုကျယ်ပြီးအသက်အန္တရာယ်မှလွတ်ရာလွတ်ကြောင်းကယ်တင်ဖို့အော်ခေါ်သံလိုမျိုးဖြစ်ကြောင်းသတိပြုမိသည်။ပြဇာတ်ထဲကခေတ်အခြေအနေကလည်းကိုယ့်အခြေအနေနှင့်ကွက်တိတူနေတာမို့ရင်သပ်ရှုမောအံ့ဩစွာဆက်ဖတ်နေမိသည်။တဝီဝီနှင့်အော်သံတွေကြားရပြန်သည်။အစွမ်းရှိသမျှအသံကုန်ညှစ်ထုတ်အော်နေခြင်းဖြစ်သည်။ကျွန်မစာဆက်မဖတ်နိုင်တော့။စာထဲမှာ အာရုံစူးစိုက်ထားသော ကျွန်မ၏ စိတ်အစဉ်ကို ထိခိုက်လာလေပြီ။ စာအုပ်ကိုချပြီး အသံလာရာဆီ ကြည့်မိသည်။ ကဲလားတံခါးကြားရှိ ပင့်ကူတို့ဂေဟာမှာ ယင်ပျားတစ်ကောင် နှောင်ကြိုးမိနေရှာတာပါလား။ လူက ဝုန်းခနဲ ခုတင်ပေါ်ကဆင်း၊ ကုလားထိုင်ပေါ်တက် ပင့်ကူအိမ်ကြားထဲ လက်နှိုက်ကာ ဖွဖွလေးဖမ်းပြီး အပြင်သို့ လွှတ်ပေးလိုက်သည်။ လုပ်ဆောင်ချက်က အလွန်ပင် မြန်ဆန်လွန်းသည်။
“နင့်အသက်တစ်ခါလွှတ်၊ငါ့အသက်တွေ့တိုင်းတွေ့တိုင်းလွှတ်” လို့ကလေးတုန်းကလိုပြောလိုက်သေးသည်။ပြောပြီးမှလူတွေဟာတိရစ္ဆာန်တွေနှင့်ယှဉ်လျှင်ပင်အမြတ်လိုချင်ကြတာပါလားလို့ တွေးမိပြီးရှက်သွားသည်။အဲဒီကိုရွှေပျားကလည်းအမှတ်သညာမရှိပေ။ပင့်ကူနှောင်ကြိုးတွင်ခဏခဏမိ၍အမြဲပင်ကယ်ခဲ့ရသည်။“ငါ့အသက်တွေ့တိုင်းတွေ့တိုင်းလွှတ်”ဖို့ကိုတော့မပြောဖြစ်တော့ပေ။
တစ်နေ့မှာကျွန်မခေါင်းရင်းကတံခါးတွေကိုဖွင့်ဖြစ်တော့ပိုးကောင်ငယ်လေးတွေရဲ့အတောင်ပံနှင့်ကိုယ်လုံးဖြစ်နေဟန်တူသည့်အစအနများကိုပြတင်းပေါက်ပေါ်တွင်တွေ့ရသဖြင့်ကဲလားတံခါးကြားကပင့်ကူအိမ်နန်းဆီအကြည့်ရောက်သည်။ခြေတံရှည်ပင့်ကူတစ်ကောင်၏ အရှည်ဆုံးလက်နှစ်ချောင်းက ပိုးကောင်လေးကို ဘယ်ပြန်ညာပြန်နှယ်နေသည်။ ပိုးကောင်လေးမှာ နာလန်မထူနိုင်တော့။ အလားတူ ပိုးကောင်ငယ်လေးများစွာမှာ ပင့်ကူတို့၏အစာဖြစ်ပြီး အသံတိတ်သေဆုံးနေခဲ့ကြရသည်ကို တအံ့တသြတွေ့လိုက်ရသည်။နေ့စဉ်နှင့်အမျှသေဆုံးနေကြတာ ဖြစ်သည်။အကောင်သေးလွန်းတာမို့ယင်ပျားလိုအသံမကျယ်ကြဘူးလား။ သေးကွေးလွန်းသော သူတို့ခန္ဓာကိုယ်နှင့် အစွမ်းရှိသလောက်အော်နေတာကိုကျွန်မကပဲမကြားတာလား။ အရှင်လတ်လတ်ကို သေအောင်ပင့်ကူလက်များနှင့်နှယ်ခြင်းခံနေရသည့် သူတို့ခမျာ ဘယ်လောက်များနာကျင်ရှာလေမလဲ။ ကယ်ပါယူပါ တစာစာ မအော်ဘဲ အံကြိတ်ခံနေတာလည်းဖြစ်နိုင်တာပဲ။ အို... လူကြားအောင် မအော်နိုင်ရှာတာပဲဖြစ်မှာပါ။
ကျွန်မ၏အတွေးတသီတတန်းကြီးထဲတွင်လက်ရှိအနှယ်ခံနေရသောပိုးကောင်လေးကိုကယ်ဖို့ဘာကြောင့်မေ့သွားပါလိမ့်။သတိရချိန်မှာပိုးကောင်လေးကအစအနပင်မရှိတော့။ ကျွန်မကိုယ့်ကိုယ်ကိုယ် ဒေါသထွက်၍မဆုံးတော့ပေ။ “နင်ကိုယ်တိုင်လည်း အဲဒီလိုအသံတိတ်ငြိမ်နေခဲ့လို့ နင့်ချစ်သူကထားပစ်ခဲ့တာ” လို့မသိစိတ်ကပြောတာခံနေရသည်။ဟုတ်ပါသည်။ကျွန်မယင်ပျားလိုမအော်တတ်ခဲ့ပါ။“ကျွန်မဘဝမှာရှင်မရှိလို့မဖြစ်ဘူး” လို့တစာစာမအော်ခဲ့ပါ။ ကျွန်မ၏အချစ်များသည်ပိုးကောင်ငယ်လေးလိုပင် စောစီးစွာ သေဆုံးသွားခဲ့ပါသည်။
ထိုအချိန်မှစ၍ကျွန်မသည်ပိုးကောင်ငယ်လေးတွေကိုကယ်နိုင်ဖို့မကြာခဏဆိုသလို ပင့်ကူအိမ်များဆီ အကြည့်ရောက်ခဲ့သော်လည်း ဒီကနေ့အထိတော့ ပိုးကောင်ငယ်လေးတစ်ကောင်တလေကိုမျှ မကယ်တင်နိုင်သေးပေ။
ရာသက်ပန်(တောင်ငူဆောင်)
Keep Reading