ကျော်ဇောအောင်
တန်ဆောင်မုန်းလဟူသည် မြန်မာတို့၏ ဆယ့်နှစ်လတွင် (၈) ခုမြောက်လဖြစ်ပြီး အင်္ဂလိပ် နိုဝင်ဘာလနှင့် တိုက်ဆိုင်၍ နက္ခတ်ကား ကြတ္တိကာနက္ခတ်ဖြစ်ပါသည်။
ရာသီခွင်သည် ဗြိစ္ဆာရာသီဖြစ်ပြီး ရာသီရုပ်သည် ကင်းလက်မရုပ်ဖြစ်၍ ရာသီပန်းသည်ကား ခဝဲပန်း ဖြစ်ပါသည်။ (ထို့အပြင် တန်ဆောင်မုန်းလ၌ တန်ဆောင်တိုင် မီးထွန်းပွဲအပြင် ကထိန်ပွဲလည်း ကျင်းပကြပါသည်။)
ဤနေရာ၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဆိုသည်မှာ တာဝတိံသာ နတ်ပြည်တွင် တည်ရှိသော ဘုရားလောင်း၏ ဆံတော်များကို ဌာပနာပြီး သိကြားမင်း တည်ထားသည့် စူဠာမဏိစေတီတော်အား ပူဇော်သောအားဖြင့် မီးပုံးပျံလွှတ်ခြင်းနှင့် မီးထွန်းခြင်း ပြုလုပ်ကြခြင်း ဖြစ်၏။
ဤသည်ကို အကြောင်းပြု၍ နှစ်စဥ် တောင်ကြီးမြို့၌ တန်ဆောင်တိုင် မီးပုံးပျံ လွှတ်ပွဲ ကျင်းပကြခြင်း ဖြစ်ပါသည်။
ဆက်လက်ပြီး ကထိန်ခင်းပွဲ အကြောင်း ပြောပြပါဦးမည်။
တန်ဆောင်မုန်းလတွင် ကျင်းပသော ကထိန်ခင်းပွဲဟူသည် ဘုရားရှင်လက်ထက် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်သည် ဘုရားရှင်အား ဖူးမျှော်ရန်အတွက် ပါဝေယျမြို့မှဘုရားရှင်ရှိရာ သာဝတ္ထိသို့ ဦးတည်လာကြရာ လမ်းခရီး သာကေတမြို့၌ ဝါကပ်တော်မူကြပြီး ဝါလကင်းလွတ် သီတင်းကျွတ် လပြည့်နေ့ ရောက်သည့်အခါ " ပဝါရဏာ " ပြု၍ ခရီး ဆက် ထွက်ခဲ့ကြပါသည်။
ထိုသို့ ဘုရားရှင် သီတင်းသုံးသည့် သာဝတ္ထိပြည်သို့ ဆက်လက် ခရီးထွက်လာခဲ့ရာ လမ်းခရီးအကြား၌ သဲသဲမဲမဲ ရွာသော မိုးနှင့် ကြုံတွေ့ကြရပါ၏။
ထိုအခါတွင် ရဟန်းတော်များသည် မိုးရေများ ရွှဲရွှဲစိုပြီး ရွှံ့ဗွက်များ ပေကျံ၍ ဘုရားရှင် ရှေ့သို့ ရောက်ရှိသွားကြပါသည်။
ဤသည်ကို မြင်သည့် ဘုရားရှင်သည် ရဟန်းတော်များ ဆင်းရဲခြင်း ပပျောက်စေရန် အတွက် မဟာကရုဏာထားတော်မူလျှက် သံဃာတော်များအား သီတင်းကျွတ် လပြည့်ကျော်မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်သင်္ကန်း လှူဒါန်းရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်၏။ (ထိုမှတစ်ဆင့် နှစ်ပေါင်းများစွာ ကထိန်ခင်းခဲ့ကြရာ ယနေ့ခေတ်သို့ ရောက်လာသောအခါ စုပေါင်းလှူဒါန်းသည့် ဘုံကထိန်ပွဲလှည့်ခြင်း ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်သည်။)
ထိုကထိန်သင်္ကန်း ကပ်လှူသည့်နေရာ၌ တန်ဆောင်မုန်း လဆန်း (၁၄) ရက်နေ့ညမှ တန်ဆောင်မုန်း လပြည်နေ့ မနက် အာရုံမတက်မီ အပြီး ရက်လုပ်ကြရသော မြတ်စွာဘုရားရှင်အား လှူဒါန်းရမည့် မသိုး သင်္ကန်း အလှူတော် ဟူသည်လည်း ရှိ၍နေသေးသည် ဖြစ်ပါသည်။
ထို့အပြင် ရွှေတိဂုံ စေတီ၏ ရင်ပြင်တော်ပေါ်၌ နှစ်စဥ်ကျင်းပသည့် မသိုးသင်္ကန်းရက်ပြိုင်ပွဲသည်ကား အထင်အရှားဆုံးနှင့် အစည်အကားဆုံး ဖြစ်ပါသည်။
တန်ဆောင်မုန်း လပြည့်နေ့ညသည် အဇာတသတ်မင်းအား ဘုရားရှင်မှ သာမညဖလသုတ္တံ ဟောတော်မူသော နေ့ထူး နေ့မြတ်ကြီး တစ်ခုလည်း ဖြစ်၍ နေပါသေး၏။
တန်ဆောင်မုန်း လပြည့်ညအား ဆေးပေါင်းခသည့် ညဟူ၍ သတ်မှတ်ထားခြင်းကြောင့် ထိုညတွင် မယ်ဇလီဖူးသုတ်အား ရောဂါကင်းရှင်းစေရန် အလို့ငှာ သုံးဆောင်ကြပါသည်။
လူငယ်ကာလသားများ၌လည်း လပြည့်ကျော်တစ်ရက်တွင် ကျီးမနိုးပွဲအား ကျင်းပကြပြီး အပျော်သဘောဖြင့် တစ်ပါးသူတို့၏ ခြံဝင်း၊ ခြံပြင်မှ ပစ္စည်းတို့အား ဟိုရွှေ့ဒီပြောင်း ပြုလုပ်၍ ကျီစယ်တတ်ကြပါသေးသည်။
ဟုတ်ကဲ့ ယခု ပြောပြခဲ့သည့် အကြောင်းအရာများသည် တန်ဆောင်မုန်း လပြည့်နေ့ညကို ရောက်လာသည့် အခါ၌ ပြုလုပ်လေ့ရှိသော မြန်မာတို့၏ ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာ အလေ့အထများပင် ဖြစ်ပါသည် ခင်ဗျာ။
ထိုညသို့ ရောက်သည့်အခါ မြန်မာနိုင်ငံ၌ ရှိသော မြန်မာလူမျိုးများ တာဝတိံသာ နတ်ပြည်တွင် တည်ထားသည့် စူဠာမဏိစေတီအား ရည်မှန်းပြီး ဆီမီးများ ထွန်းညှိ၍ မီးပုံးပျံများ လွှတ်တင် ပူဇော်ကြဖို့ရာ တိုက်တွန်းလျှက် ဤဆောင်းပါးအား နိဂုံးချုပ်လိုက်ရပါသည်။
ဖတ်ရှုပေးသူများအား အထူး ကျေးဇူးတင်ရှိပါသည်။
#ကျော်ဇောအောင်။
Photo edit with GoArt.
2024/10/25, သောကြာ။
ကိုးကား - မြန်မာ့ရိုးရာ (၁၂)လရာသီ ပွဲတော်များ။
Keep Reading