ဂျာနယ်ကျော် မမလေး
“ကျွန်တော် လာနိုင်ပါလား” ကျွန်မက ပြုံးလေသည်။သူ့ကိုမြင်လိုက်လျှင် ပြုံးချင်တိုင်း ပြုံးလိုက်ချင်သည်။ သို့ရာတွင် သူ့ရှေ့၌ပြုံးချင်တိုင်း ပြုံးလို့လည်းမဖြစ်၊ ပြုံးချင်တိုင်း ပြုံးလိုက်ချင်သော အပြုံးကို ပြင်ပ၌မပြုံးဘဲ ပြုံးရုံကလေးသာ ပြုံးကာ.. လှေကားတံခါး လင်းဖွင့်ပေးလိုက်သည်။သူသည် အညာဖြစ် ပင်နီဖျင်ကြမ်း အပေါ်အင်္ကျီနှင့် အဖြူခံပလေကတ်ချည်လုံချည် အကွက်ကို ဝတ်ထား၏။လူပုံ သနားကမားနှင့် သူ၏ ဆံရှည်ဆံတောက်မှာ အတော်အကြည့်ရဆိုး၏။ သူ့မျက်လုံးတွင် တဖိတ်ဖိတ် တောက်ပနေသော အရည်ကြည်များ ကိန်းအောင်းနေသည်။ သူ့အသံမှာ လွှမ်း၍ မြင့်၍နေလျက် ပျော့သည် သင်ရကာ ကာရန်ညီစွာ ညင်သာတေးဆန်လှ၏။ ပြုံး၍နေစဉ် ချိုသောမျက်နှာထားသည် အပြုံးကွယ်သည်နှင့် တင်းသွား၏။သူ့အသားမှာ တရုတ်ကပြားမကလေး အသားဖြူပုံ ဖြူနည်းမျိုး နုဖြူနေသည်။ကျွန်မ နောက်မှ လှေကားထစ်များကို တစ်ထစ်ပြီးမှ တစ်ထစ် ခပ်ဖြည်းဖြည်းဆိုင်းနင်းတက်လာစဉ်…“ဒီတစ်ခေါက် ရှင် ကျွန်မဆီ လာတွေ့နိုင်လိမ့်မယ်၊ လာလိမ့်မယ်လို့ မထင်ဘူး” ဟု ကောင်းကောင်းမွန်မွန်ပင် ပြောလိုက်သည်။
သူသည် လှေကားထစ်၌ လှမ်းတက်ရန် ပြင်လိုက်သော ခြေလှမ်းကို ဆိုင်းလျက် လှေကားအလယ်၌ ဘေးတိုက်ရပ်လိုက်ကာ ဆင်းသွားမည့်ဟန် တကဲကဲဖြင့်အိမ်ပေါ်မရောက်ခင် ဖောက်လာလေ၏။ “ဘယ်လိုလဲ… ကျွန်တော် လာရမှာလား၊ သွားရမှာလား”ကျွန်မမှာ သူ့အကြောင်းသိ၍ ရယ်ချင်ခြင်းကို အောင့်လျက် ဣန္ဒြေဆောင်နိုင်အောင် ဆောင်ကာ “တက်ပါရှင်၊ တက်ပါ”ဟု မျက်နှာထားခပ်မှန်မှန်၊ လေသံခပ်အေးအေးဖြင့် ပြန်ပြောမှပင် ပြန်လှည့်တက်လာလေသည်။ဧည့်ခန်းရှိ ကုလားထိုင်တွင် ထိုင်မိသည်နှင့် ဧည့်သည်ပီပီ ဧည့်သည်ဘာသာမနေနိုင်ဘဲ သူ့ရှေ့၌ထိုင်နေသော သူ့ထက်အလျင် စောရောက်နေသည့် လူနာဧည့်သည်မိန်းမတစ်ဦး၏မျက်နှာကို စေ့စေ့ကြည့်၍ စကားပြောလိုက်သည်။ “ကျွန်တော်လာတဲ့အတွက် ခင်ဗျားမှာ အနှောင့်အယှက်ဖြစ်သွားသလား၊ခင်ဗျားမှာ အနှောင့်အယှက် ဖြစ်တယ်ဆိုရင်လည်း ပြောပါဗျာ”ဧည့်သည်မိန်းမမှာ သူ့ကိုမြင်မြင်ချင်း စကားပြောနေသော သူတစိမ်းယောက်ျားဧည့်သည်အား ခပ်အမ်းအမ်း လှမ်းကြည့်နေသည်။ ဘယ်လိုလူကြီးများပါလိမ့်ဟု အကဲမခတ်တတ်ပုံဖြစ်လျက် မျက်စိမျက်နှာ မထားတတ်ဖြင့် အဖြေမပေးဘဲကြောင်နေသည်။သူသည် ဘယ်လိုလဲဗျဟု စောင့်ငံ့၍မေးနေသော မျက်လုံးအစုံဖြင့် ဧည့်သည်မိန်းမကို ကြည့်မြဲကြည့်နေလျက်…ကျွန်မက ဧည့်သည်မိန်းမကိုယ်စား ဝင်အဖြေပေးလိုက်ရသည်။
“ကိစ္စမရှိပါဘူး၊ သူ့မှာ အနှောင့်အယှက်ဖြစ်စရာ မရှိပါဘူး”ဧည့်သည်မိန်းမသည် သူမရောက်ခင် ငါးမိနစ်ခန့် စောရောက်လာသည်။သူ့ရောဂါကို ကျွန်မနှင့် ကုသနေ၍ ရောဂါအခြေအနေပြောရန် လာခဲ့ခြင်းဖြစ်သည်။သူ့နောက်မှ တက်လာသော ဧည့်သည်က သူ့ဟာသူ အေးအေးထိုင်နေလိုက်ခဲ့လျှင် ကျွန်မကို သူ့ဝေဒနာအခြေအနေ ပြောဆိုပြီးမှ ပြန်ဖို့ရာရှိသည်။ ဧည့်သည်ပီပီ ဘာသာအေးအေး ထိုင်မနေလိုက်ဘဲ အမေးအမြန်း ထူလိုက်၍ ဧည့်သည်မိန်းမသည် သူ့ဝေဒနာကို လုံးဝ မပြောမဆိုတော့ဘဲ နေရာမှထလျက် “ကျွန်မ ပြန်ပါဦးမယ်”ဟု ဆိုလေ၏။ကျွန်မမှာ ထိုမိန်းမ၏ ရှက်ကိုးရှက်ကန်း ကြောင်သွားသော အမူအရာကို ကြည့်လျက် အားနာသွားကာ ဝေဒနာအခြေအနေကို မတ်တတ်ပင် မေးရတော့သည်။“သက်သာပါတယ်၊ နောက်မှပဲ လာခဲ့ပါဦးမယ်” ဟု ပြောပြောဆိုဆို ဆင်းသွားလေသည်။ကျွန်မသည် သူ့ရှေ့ရှိ ကုလားထိုင်၌ ပြန်ထိုင်လိုက်ကာ “ရှင် အခု ဘယ်ကလာတာလဲ” ဟု မေးလိုက်သည်။“ဒီလာတာပဲဗျ၊ ရောက်စတုန်းကတော့ အလုပ်များနေတယ်၊ အခု ပြန်ရခါနီးလို့ ကိုချစ်မောင် မိန်းမဆီ လာနှုတ်ဆက်တယ်”သူသည် ပြောပြီး ကျေနပ်စွာ ရယ်မောလိုက်သည်။
“ပြန်ရခါနီးလို့ ခင်ဗျားဆီကို လာနှုတ်ဆက်တယ်” ဆိုလျှင် ပြီး၏။ “ကိုချစ်မောင် မိန်းမဆီ” ဟုစကားကို အထွန့်တက်ပြောလိုက်ရခြင်းဖြင့် ကျေနပ်စွာ ရယ်နေခြင်းဖြစ်သည်။သူစကားပြောလျှင် အနှောင့်မလွတ်၊ အသွားမလွတ် အစွန်းအစထွက်ကာကွန့်ပြောရမှ ကျေနပ်တတ်သော သူ့ဝါသနာ ဘာဂီကို အောချထားသော မျက်လုံးဖြင့် ပြုံး၍ပင် ကြည့်နေမိသည်။ကျွန်မသည် သူနှင့်သိကျွမ်းပြီးနောက် သူ့ကို လူထူးလူဆန်းဟု အောချထားလိုက်သည်။လူထူးလူဆန်းဟု အောချမထားမီ တွေ့စမြင်စ၊ အသိဖြစ်စကမူ လူရိုးလူဆန်းတစ်ယောက်ဟု အမှတ်ထားသည်။ တွေ့ပြီးမြင်ပြီး အသိဖြစ်ပြီးနောက် ကျွမ်းလာကြသည့်အခါတွင် လူတစ်မျိုးဟု တစ်ဆင့်တက်၍ အသိအမှတ်ပြုပြန်လျက် နောက်ဆုံး၌ကား လူထူးလူဆန်းဟူ၍ အောချလိုက်သည်။သူ့ကို စ၍တွေ့ဖူးသည်မှာ ၁၉၄၆ ခု အိပ်မက်ထဲ၌ဖြစ်၏။ကျွန်မ၏ သတင်းစာတိုက် အလုပ်တိုက်ထဲသို့ ချိုင်းထောက်နှစ်ဖက်နှင့် ထော့နင်း နင်းလျက် ဝင်လာသော သူ၏ပုံသဏ္ဌာန်ကို အိပ်မက်ထဲ၌ ခပ်ရေးရေးတွေ့လိုက်ရ၏။
ထိုနေ့နံနက် လက်ဖက်ရည်စားပွဲတွင် အိမ်သူအိမ်သားတို့အား ညက အထူးအဆန်းမက်သော အိပ်မက်ကို ပြောပြမိသည်။““ညက ကိုကို့မိတ်ဆွေတစ်ယောက် ဘိလပ်မှာနေတယ်ဆိုတဲ့ “ကိုအုန်း” ကိုသွားအိပ်မက်တယ်။ တစ်ခါမှလည်း မမြင်ဖူးဘဲနဲ့ ထူးထူးဆန်းဆန်း မြင်ရတယ်။ချိုင်းထောက်ကြီးနှစ်ဖက်နဲ့၊ အဲဒီလူ ခြေထောက်များ ကျိုးနေရောလား မသိဘူး။အိပ်မက်ထဲ တွေ့ရတဲ့ ရုပ်ကတော့ မှုန်မှုန်ဝါးဝါးပဲ၊ မထင်ရှားဘူး။ ချိုင်းထောက်ကြီးက သိပ်ထင်ရှားတာပဲ။ ကိုကို မသေခင်က အဲဒီလူ ခြေကျိုးနေတယ်လို့လည်း တစ်ခါမှ ပြောမသွားဖူးပါဘူး””“ဘယ် ကိုအုန်းလဲ၊ ကိုအုန်းပဲလို့ ဘယ်လိုသိရသလဲ”ဟု ကျွန်မဒေါ်လေးက စိတ်ဝင်စားစွာ အံ့အားသင့်ဟန်ဖြင့် ဖြတ်မေးလိုက်သည်။“ကိုကိုနဲ့ကျွန်မ လက်ထပ်ပြီး လန်ဒန်ကို စာတစ်စောင်ရေးထည့်လိုက်လို့ သူ့မိတ်ဆွေ ကိုအုန်းမှန်း သိရတာပဲ၊ မမြင်ဖူးပါဘူး။ အိပ်မက်ထဲမှာ အလုပ်ခန်းထဲချိုင်းထောက်ကြီးနဲ့ သူဝင်လာတာမြင်မြင်ချင်း ကျွန်မက “ကိုအုန်းထိုင်ပါ”လို့ အဲသလိုပဲနှုတ်ဆက်လိုက်တယ်။ ပြီးတော့ လန့်နိုးတာပဲ”ဒေါ်လေးသည် … မျက်မှောင်ကြုတ်ကာ တအောင့်မျှ တွေးဆနေလျက် “ခြေထောက်များ ကျိုးနေသလားမှ မသိဘဲဟာ”ဟု နိမိတ်ဖတ်ကြားနေလေသည်။
လက်ဖက်ရည်သောက်ပြီး၍ အိမ်ခန်းထဲဝင်ကာ အဝတ်အစားလဲရန် ဗီရိုဖွင့်လိုက်သည့်အခါ နေ့စဉ်မှတ်တမ်း ဒိုင်ယာရီစာအုပ်ကို မြင်၍ စာအုပ်ကို ထုတ်ယူခဲ့ပြီး ညက အိပ်မက်ကို ဒိုင်ယာရီထဲ၌ ရေးမှတ်ထားလိုက်သည်။၁၉၄၈ ခု၊ မတ်လ ၁၅ ရက်နေ့၌ သတင်းစာတိုက်ကို ဖျက်ဆီးပစ်ကြ၍ သတင်းစာထွက်ရန် အခြားတိုက်များ၌ အငှားရိုက်နေစဉ် အအိပ်ပျက်၊ အစားပျက်နှင့်လှေကားအဆင်း မူးမိုက်လျက် တလိမ့်ခေါက်ကွေးကျကာ နှစ်ရက်ခန့် မေ့နေပြီးနောက်သတိရသောအခါ သတင်းစာလုပ်ငန်းကို ရပ်ကာ အယ်ဒီတာ ကိုစောဦးအား ဂျာနယ်ဆက်ထုတ်ဖို့ အလုပ်လွှဲအပ်ပြီး အနားယူရန် လေးလခန့် ခရီးဝေးထွက်သွားသည်။အလုပ်တိုက်သို့ ကျွန်မ ပြန်ရောက်သည့်နေ့၊ ကိုစောဦးနှင့် စကားပြောကြရင်း“ဒါနဲ့ ဘိလပ်က ကိုအုန်း လာတယ်၊ ဆရာကတော့်ကို လာမေးတယ်။ ကျွန်တော်ကမကြာတော့ဘူး၊ ပြန်လာလိမ့်မယ်လို့ ပြောလိုက်တယ်။ သူလာရင် ကျွန်တော် ကံဘဲ့ကို ညွှန်လိုက်မယ်” ဟု ပြောလေသည်။သတင်းစာတိုက် ပျက်သွားပြီး ခေတ္တခဏနေထိုင်သော ကံဘဲ့ ကျွန်မ၏အဒေါ်အိမ်သို့ သူလာတွေ့သည့် တစ်နေ့သောအချိန်မှာ နံနက်ဘက် ၁ဝ နာရီခန့်ရှိမည်။ကျွန်မမှာ ရေချိုးပြီး အခန်းထဲတွင် အဝတ်အစားများ လဲနေ၏။ဒေါ်ဒေါ့်အိမ်မှာ ဘိုကပြားများထံမှ ဝယ်ယူလိုက်သော ဝင်းခြံနှင့် တစ်ထပ်လွှာချင်းအိမ်ဖြစ်သည်။ အိမ်ကလေးကို အခန်းအဆောင်ဖွဲ့ကာ သပ်ရပ်စွာ ဆောက်ထားသည်။
ဝင်းခြံထဲ၌ ကြီးကြီးခင်ကိုယ်တိုင် အခင်းလိုက်၊ အတန်းလိုက် စိုက်ပျိုးထားသည့် နှင်းဆီ၊ စံပယ်ပန်းတို့မှ မွှေးရနံ့သည် အိမ်ထဲသို့ သင်းပျံ့ဝင်နေလေသည်။ပိန္နဲပင်ကြီးပေါ်က ကွက်ပြောက်ထိုးနေသော နေရောင်ခြည်မှာ ကျွန်မအခန်းထဲရှိ မှန်ခုံပေါ်သို့ ဖြာကျနေပေသည်။ နံနက်ခင်း အိမ်၌ တိတ်ဆိတ်ငြိမ်သက်နေလျက် ဝေအုပ်နေသော သစ်ပင်များ အရိပ်ဖြင့် သာယာအေးမြနေသည်။“ဦးအုန်းက သူ လာနိုင်ပါသတဲ့လား ခင်ဗျာ”ကျွန်မသည် အခန်းထဲ၌ အဝတ်အစားလဲနေရင်း ထိုအသံကို ကြားလိုက်ရသည်။ ဧည့်ခန်းထဲတွင်ရှိနေသော ဒေါ်ဒေါ်သိန်းက “ဪ… ဦးအုန်း လာသလား၊ပြောလိုက်ပါ၊ လာနိုင်ပါတယ်လို့ ပြောလိုက်ပါ”ဟု လောကွတ်ပျူငှာ ရွှင်လန်းအားရပြန်ကြားလိုက်သော အသံကိုလည်း ကြားရ၏။“လှိုင်ရေ… ဦးအုန်း လာတယ်၊ မြန်မြန်လုပ်”ဟု အခန်းထဲသို့ လှမ်းပြောလိုက်သည်။ကျွန်မမှာ ဗီရိုရှေ့၌ ရပ်မြဲရပ်နေလျက် လှေကားမှ တက်လာမည့် သူ့အသံကိုစောင့်ဆိုင်း နားစွင့်နေသည်။ဒေါ်ဒေါ်မှာ အိမ်သို့ ဘယ်ဧည့်သည်လာလာ အိမ်ဝလှေကားထိပ်၌ ထွက်ရပ်ကာ သူ့အသံလေးသာသာဖြင့် ပျာပျာသလဲ ဆီးကြို ဖိတ်ခေါ်တတ်စမြဲတည်း။ အိမ်ရှေ့က ဧည့်ခေါ်သံကြားလျှင် နောက်ဖေးက ကြီးကြီးခင်၏ ရင်ထဲ၌ ဝမ်းသာလုံးကြီးကြွတက်လာကာ အလျင်အမြန်ပြေး၍ ကော်ဖီနှပ်နေကျ။“ကျွန်တော်လာရမလား” အိမ်အောက် လှေကားရင်းဆီက အသံ၊ ထိုအသံမှာ တစ်ကြိမ်တစ်ခါ ကြားရုံဖြင့် နားထဲတွင် ကျက်မိသွားနိုင်လောက်သော အသံမျိုးသာ မြည်လျက် လွှမ်းသွားသည်။
အိမ်ပေါက်ဝက ထွက်ရပ်စောင့်ကြိုနေသော ဒေါ်ဒေါ်က မေတ္တာဂယက်ရိုက်သံလေးဖြင့် လှိုက်ခုန်စွာ...“လာပါ ဦးအုန်း၊ တက်ပါ၊ တွေ့ရတာ ဝမ်းသာလိုက်တာ”ကျွန်မမှာ အခန်းထဲ၌ မျက်မှောင်ကုတ်၍ စဉ်းစားနေသည်။“ဦးအုန်းက သူ လာနိုင်ပါသတဲ့လား ခင်ဗျာ” ဟူ၍ ရှေ့တော်ပြေးနှင့် အမေးလွှတ်လိုက်ခြင်းတစ်ခေါက်၊ထို့နောက် ကားပေါ်မှဆင်းလာပြီး အိမ်ဝကနေ၍“ကျွန်တော် လာရမလား”ဟု ထပ်မေးရပြန်ချည်သေးသည့် နောက်တစ်ကြိမ်။မြန်မာပြည်တွင် ဧည့်သည်တို့ လုပ်ရိုးအစဉ်အလာ၌ ခွင့်ပန်ကြားပြီးမှ အိမ်ပေါ်သို့ တက်ရခြင်းမျိုး ထုံးစံတစ်ခု မထားကြ၍ နားထဲ ထောင့်နေလေသည်။ဘိလပ်မြေနင်းလျက်၊ ဘိလပ်လေ ရှူကာ၊ ဘိလပ်တွင် နေထိုင်သူ ဦးအုန်း၏စံနမူနာ ထုံးစံဟူ၍ လူချင်းမတွေ့ဖူးမီ ရှေးဦးပထမ အမှတ်အသားတစ်ခု ရသွားလေသည်။ကျွန်မသည် ရပ်၍ စဉ်းစားဆင်ခြင်နေပြီးမှ ဘိလပ်ဧည့်သည်ကို ထွက်ဧည့်ခံရန် ဗီရိုထဲမှ အဝတ်အစားများကို ကပျာကယာ ထုတ်၍ ဝတ်ရ၏။“လှိုင် လာပါလိမ့်မယ်၊ ခဏစောင့်ပါဦး။
အခုပဲ ရေချိုးပြီး အဝတ်လဲနေပါတယ်” ဒေါ်ဒေါ်က ကျွန်မ မြန်မြန်ထွက်လာအောင် ခပ်ကျယ်ကျယ်ပြောနေလေသည်။အခန်းဝကအထွက် ခန်းဆီးကို ဆွဲဖယ်လိုက်ရာ ကျွန်မ ရှေ့တူရှု၌ ထိုင်နေသော ဦးအုန်း၏မျက်နှာကို မြင်မြင်ချင်း အိပ်မက်ထဲက ချိုင်းထောက်ကြီးကို မြင်ယောင်မိသည်။ကျွန်မ၏ပုံပန်းကို ရှုကြည့်အကဲခတ်ရင်း မတ်တတ်ထရပ်ကာ “ကျွန်တော် မောင်အုန်းပါ” ဟု ပြုံးပြောနေသော သူ့မျက်နှာကို တွေ့ဖူးမြင်ဖူးစ ခပ်စိမ်းစိမ်းကြည့်၍ ပြန်ပြုံးလိုက်သည်။သူသည် ဖျင်ပင်နီကြမ်း အပေါ်အင်္ကျီနှင့် ပလေကတ်အကွက် ချည်လုံချည်ဝတ်ထားသည်။ ကုလားထိုင်ပေါ်ထိုင်လိုက်သော သူ့ကိုယ်ခန္ဓာမှာ ဆန့်ဆန့်မြင့်မားနေသည်။ ယောက်ျားကိုင် လက်ကိုင်သားရေအိတ်ကြီးကို ပေါင်ပေါ်တွင် ထောင်တင်ကိုင်ထားသည်။ ဆံရှည်ဆံပင်မှာ နောက်တွင် ဖားဖားကျလျက်၊ မျက်နှာနှင့်တကွလက်၊ ခြေတို့မှာ ဖြူဆွတ်နေသည်။ကျွန်မမှာ သူ့ကို မြင်မြင်ချင်း သာသနာပြု ခရစ်ယာန် တရားဟောဆရာနှင့် တူလိုက်တာဟု အောက်မေ့မိသည်။“ကိုစောဦး ပြောလို့ ကျွန်မဆီ လာနှုတ်ဆက်တာ သိရပါတယ်၊ ဘယ်တုန်းက ရောက်နေပါသလဲ” စသည်ဖြင့် ကျွန်မကပင် စတင်၍ အာလာပသလ္လာပ စကားပြောကြားရလေသည်။
စကားပြောကြစဉ် လှုပ်ရှားပြီး ပြောတတ်သော သူ့မျက်လုံးနှင့် သူ့ခေါင်းကို သတိထားမိသည်။ဦးချစ်မောင်အကြောင်း၊ စာပေအကြောင်း၊ ကလေးများအကြောင်း၊ ဟိုရောက်သည်ရောက် စကားကောင်းနေကြခိုက်၊ နောက်ဖေးမှ ကြီးကြီးခင် ဖျော်ထုတ်လိုက်သော ကော်ဖီပွဲကို ဒေါ်ဒေါ်က သူ့ရှေ့၌ ချပေးလိုက်သည်။“သတင်းစာတော့ ရပ်လိုက်ရပါပြီ၊ လမ်းပန်းအဆက်အသွယ်တွေကလည်းမကောင်းဘူး။ အခုတော့ ဂျာနယ်ပဲ ဆက်ထုတ်နေပါတယ်”ကျွန်မက အလုပ်အကိုင်အကြောင်းကို ပြောနေရာ စိုက်နားထောင်နေလျက် ပြီးမှ ကော်ဖီယူသောက်လေသည်။ ဒေါ်ဒေါ်က ဘောက်ထော်တွင် အိမ်ဝယ်ထား၍ မကြာမီ ပြောင်းရွှေ့မည့်အကြောင်း ပြောပြနေသည်။ထိုနေ့က ထိုင်၍စကားပြောကြသည့်အချိန်မှာ သိပ်မကြာလှ။
သူ ပြန်ရန်ထလျှင် ကျွေးချင်မွေးချင် ရှိလှသော ဒေါ်ဒေါ်က ထမင်းစားဖိတ်လိုက်သည်။“နေပါစေ ဒေါ်ဒေါ်၊ နောက်များမှ စားပါ့မယ်။ ကျွန်တော်က နေ့လယ်တစ်ထပ်ပဲ သက်သတ်လွတ် စားပါတယ်။ ဘောက်ထော်အိမ် ပြောင်းရင် ကလေးတွေနဲ့ တွေ့ရအောင် ကျွန်တော် လာခဲ့ပါဦးမယ်”ဣန္ဒြေကြီး ဆင်ယင်လျက် ဖော်ဖော်ရွေရွေ ရပ်ပြီးပြောနေရာမှ “ကဲ... အားလုံးပဲ ပြန်ပါဦးမယ်ခင်ဗျာ” ဟု နှုတ်ဆက်ကာ လှေကားဆီသို့ ထသွားလေ၏။သူ၏ ခြေတစ်ဖက်ကို တန်း၍ လှမ်းလိုက်ကာ နောက်ခြေတစ်ဖက်က လာစုံရပ်မိတော့မှ တစ်ဖန် အားယူ၍ တစ်ဖက်ခြေကိုကြွကာ တန်းလျက် လှမ်းပြီးလျှောက်သွားဟန်ကို မြင်မြင်ချင်း ကြက်သေ သေသွားလေသည်။ “ခြေထောက်က တယ်မသန်ရှာဘူးနဲ့ တူတယ်၊ တက်လာတုန်းက ဆိုင်းပြီးမှ လှမ်းတက်ရတယ်” ဟု ဒေါ်ဒေါ်က ကရုဏာအတိုင်း ပြောနေ၏။လှေကားမှဆင်းလျက် ကားဆီသို့ ထော့နင်း နင်းလျှောက်သွားသော သဏ္ဌာန်ကို နောက်မှ ပါးစပ်ဟောင်းလောင်းကလေးဖြင့် ငေးကြည့်နေရင်း “အိပ်မက်နှယ်...စင်းလိုက်တာ ဒေါ်ဒေါ်ရယ်” နှုတ်မှ မြည်ထွက်သွားလေသည်။သူနှင့်တွေ့ပြီး မကြာမီ ဘောက်ထော်အိမ်သို့ ပြောင်းရွှေ့လာခဲ့သည်။
Keep Reading