Honey cho
အပင်စိုက်ရင် ရနိုင်မယ့် အကျိုးကျေးဇူးများ
✅ဒီဆယ်စုနှစ်ပိုင်းတွေမှာ လူနေမှုသိပ်သည်းပြီး မြေနေရာ ရှားပါးလာတာကြောင့် အပင်စိုက်ရတာ အရင်ကထက် ပိုခက်ခဲလာပါပြီ။ နွေရာသီတုန်းကဆိုရင် ပြင်းထန်လာတဲ့ အပူချိန်ကို အံတုနိုင်အောင် အပင်စိုက်ဖို့ ဆော်သြကြတာကို မြင်လိုက်ကြမှာပါ။
✅အပင်စိုက်တာက အဖက်ဖက်ကနေ ကောင်းကျိုးပြုတာကြောင့် အိမ်တိုင်း အိမ်တိုင်းမှာ စိုက်ထားသင့်ပါတယ်။ မြေနေရာ ကျယ်ကျယ် မရှိဘူးဆိုရင်တောင် အိုးလေးတွေနဲ့ ဖြစ်ဖြစ် စိုက်နိုင်ပါတယ်။ မြေနေရာပေါ် မူတည်ပြီး အပင်ကြီးစိုက်နိုင်ရင် အပင်ကြီး ဒါမှမဟုတ် သီးပင်စားပင်၊ ပန်းပင် နောက်ဆုံး အိမ်တွင်းအပင်လို့ခေါ်တဲ့ indoor plantsတွေတောင် စိုက်ထားလို့ ရပါတယ်။
✅အပင်စိုက်တာက သဘာဝပတ်ဝန်းကျင်အတွက်တင်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကိုပါ အကျိုးပြုနေတယ်ဆိုတာကို သိပါရဲ့လား။
✅အပင်စိုက်တဲ့အခါ ကိုယ်ကျန်းမာရေးအနေနဲ့ မြေကြီးတွေကို တူးဆွ၊ ရေလောင်း၊ ပေါင်းသင်၊ အိုးတွေကို ရွေ့ရတာကြောင့် လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် အကျိုးကျေးဇူးအနေနဲ့
?သွေးဖိအားကို ကျစေပါတယ်။
?နှလုံးရောဂါ၊ လေဖြတ်တာ၊ အဝလွန်တာနဲ့ အရိုးပွရောဂါ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။
?အိပ်ပျော်စေပါတယ်။
?လူကြီးတွေမှာ ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ် ဟန်ချက်ညီစေပါတယ်။
?မနက်ပိုင်းမှာ အပင်တွေကို ပြုစုပေးမယ်ဆိုရင် ဗီတာမင်ဒီတောင် ရနိုင်ပါသေးတယ်။
စိတ်ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင်လည်း
?စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
?ဒိုပါမင်းနဲ့ ဆီရိုတိုနင်တွေ ထွက်စေတာကြောင့် စိတ်ခံစားချက်ကို ကောင်းစေပြီး ပျော်ရွှင်စေပါတယ်။
?အာရုံစိုက်ပြီး လုပ်ရတဲ့အတွက် သတိမေ့တာကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။ အယ်ဇိုင်းမားရောဂါအတွက်လည်း အကျိုးရှိပါတယ်။
?စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။
?ပျင်းရိတာ၊ အထီးကျန်တာကို သက်သာစေပါတယ်။
?အပင်တွေ ကြီးထွားရှင်သန်မယ့် နည်းတွေကို လေ့လာနေရတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး စိတ်တက်ကြွစေပါတယ်။
လူနေမှုဘဝအတွက် ကြည့်မယ်ဆိုရင်လည်း
?ကိုယ်စိုက်တဲ့အပင်က ဖြစ်လာတဲ့ ဟင်းသီးဟင်းရွက်လေးတွေဆို ပိုစားဖြစ်ကြလို့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
?ပိုလျှံတယ်ဆိုရင် ပတ်ဝန်းကျင်ကို မျှဝေလို့ ရသလို ရောင်းမယ်ဆိုရင်လည်း အပိုဝင်ငွေ အနည်းအပါး ရနိုင်ပါတယ်။
?အိမ်ထဲမှာ လေသန့်ပင်လေးတွေ စိုက်ထားတယ်ဆိုရင်လည်း အိမ်တွင်းလေထုကို သန့်စင်စေပြီး နေရထိုင်ရ ကောင်းစေပါတယ်။
?ပန်းလေးတွေ ပွင့်နေတာ၊ အစိမ်းရောင်အပင်လေးတွေကို မြင်နေရတာလည်း မျက်စိအေးစေပါတယ်။
အပင်ကြီးတွေ ရှိတယ်ဆိုရင် အရိပ်ရတဲ့အတွက် အိမ်ပတ်ဝန်းကျင်က အေးမြနေမှာပါ။
သဘာဝပတ်ဝန်းကျင်ဘက်က ကြည့်ရင်လည်း
?မြေထုနဲ့ လေထုကို သန့်စင်စေပါတယ်။
?ကာဗွန်ထုတ်လုပ်မှုကို လျှော့ကျစေပါတယ်။
?အပင်အမြစ်တွေက ရေထုကို သန့်စင်အောင် စစ်ထုတ်ပေးနိုင်ပါတယ်။
?ပတ်ဝန်းကျင်ကို မျက်စိပသာဒရှိစေပါတယ်။
အပင်လေးတွေကို မှီခိုနေတဲ့ ပျား၊ ပိတုန်း၊ လိပ်ပြာ၊ ငှက်လေးတွေအတွက်လည်း အစာကို ရစေပါတယ်။ ဝတ်မှုန်ကူးစေပြီး အပင်တွေကိုလည်း ဖြစ်ထွန်းစေပါတယ်။
အပင်စိုက်တာ တစ်ခုတည်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေက မနည်းလှပါဘူး။ တစ်နေ့ကို နည်းနည်းအချိန်ပေးရုံနဲ့ အပင်တွေကို စပြီးစိုက်နိုင်တာကြောင့် အခုကစပြီး ကိုယ်တစ်နိုင် အပင်လေးတွေကို စစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။
Credit to Dr Htet Htet Zaw Win
Keep Reading