မောင်ဇင်(မှိုင်းဌာနီ)
"ရွှီးးးးးး ဝှီးးးးးးး"
ဒီအသံတွေကို သတိပြုမိတော့ သူ့ရဲ့နားကိုလေတွေတိုးဝှေ့ပြီးဖြတ်သွားနေခဲ့ပါတယ်။သွားနေခဲ့တဲ့နေရာလေးက သူအရောက်ချင်ဆုံးနေရာတွေထဲက တစ်နေရာပါ။
မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ်ကပေါ့။သူ့အိမ်အနီးက စေတီတော်ကြီးတစ်ဆူရဲ့ "အသံမစဲမဟာပဠာန်း ရွတ်ဖတ်ပွဲ" အတွက် သူအပါအဝင်၊လမ်းထဲကလူငယ်၊ရွယ်၆ယောက်၇ယောက်လောက်နဲ့ဘေးအိမ်ကသူ့ဉီးလေးရဲ့ကားလေးနဲ့အလှူခံထွက်ခဲ့ရပါတယ်။အလှူခံအဖွဲ့ဉီးဆောင်သူက သူ့အဖေပါ၊သူ့အဖေက ငွေလက်ခံစာကိုကြည့်ပြီးကားထဲကနေ ဆင်ပြီးသားဖြစ်တဲ့လော်စပီကာကြီးကနေ ပြန်ကြော်ငြာပေးနေရတာပါ။
သူ့ရဲ့အသွားချင်ဆုံးနေရာကိုသွားမယ်လို့လည်း သူ့အဖေ့ဖက်ကနေကြိုသတိမပေးထားခဲ့ပါဘူး။ဒီလိုနဲ့သူတို့အလှူခံအဖွဲ့ယောင်လည်လည်နဲ့ပဲကားစီးခဲ့ရတာပေါ့။ သူတို့ရဲ့တည်နေရာကနေ နာရီဝက်လောက်ကားစီးပြီးတဲ့နောက်မှာတော့ သူတို့အဲ့နေရာလေးကိုရောက်ဖြစ်ခဲ့ကြပါတယ်။ အဲ့နေရာလေးကတော့ "ဝါးလည်ရွာ" လေးဖြစ်ပါတယ်။ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့မွေးရပ်ဌာနီဆိုရင်လည်းမမှားပါဘူး။
ဒီ "ဝါးလည်ရွာ"ဟာဆိုရင် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊မီးလောင်ကျေးရွာအုပ်စုထဲက ရွာငယ်လေးဖြစ်ပါတယ်။သူတို့အဖွဲ့ရောက်ဖြစ်တော့ ကုက္ကိုလ်ပင်ကြီးတွေဆီကနေ ကုက္ကိုလ်ရွက်တွေက တာလမ်းမ(အဝေးပြေးလမ်းမ)ကြီးပေါ်ကိုကြွေကျနေခဲ့ပါတယ်။ညနေ ၃နာရီစောင်းစောင်းလောက်မှရောက်တာဆိုတော့နေလည်းမဝင်သေးပါဘူး၊လေပြေတွေဖြူးနေတဲ့အရပ်ကိုလှည့်ကြည့်မိတော့ ယာဖက်က လယ်ကွင်းတွေ၊ဝဲဖက်မှာကတော့ မန်းကျည်းပင်ကြီးနှစ်ပင်နဲ့စတွေ့ရတဲ့ ဆရာကြီးရဲ့ရွာဝင်မြေနီလမ်းလေးကိုတွေ့ရပါတယ်။
ရွာအဝင်လမ်းလေးကိုစစဝင်ချင်းမှာဆိုရင်ပဲ "ရိုသေရင်လေးစားပြီးသားကွ" ဆိုတဲ့ ဆရာကြီးရဲ့စကားအတိုင်း ကြည်ညိုစွာနဲ့ပဲ ရွာဝင်အစမြေကြီးကို ထိုင်ကန်တော့မတတ် တယုတယနဲ့သူကိုင်ဆုပ်မိနေခဲ့ပါတယ်။ရွာထဲကိုအလှူစခံတော့လည်း ဆရာကြီးရဲ့အရိပ်အငွေ့လေးတွေကိုသူတောက်လျှောက်ခံစားနေမိခဲ့ပါတယ်။သူ့အဖို့ကတော့ အလှူခံလို့ကုသိုလ်လည်းရ၊လေ့လာရေးခရီးစဉ်ပါရသွားတယ်မို့ကျေနပ်နေခဲ့ပါတယ်။
ဒီလိုနဲ့သူ ရွာလမ်းအတိုင်းလမ်းတွေလျှောက်၊အလှူလည်းခံရင်းနဲ့..... ကွယ်လွန်သွားပြီဖြစ်တဲ့ဆရာကြီးဆီကို သူအတွေးလေးတွေနဲ့ပဲ စာပို့နေမိခဲ့ပါတယ်။ဘယ်လိုတွေလဲဆိုရင်
"ဆရာကြီး၊နောက်ဆုံးတော့ ဆရာ့ရွာ ကျွန်တော်ရောက်ခဲ့ပါပြီဗျာ၊ကျွန်တော်ဟာဆရာ့ကိုလူတွေ့ထင်ရှားမမြင်ဖူးခဲ့ရပေမယ့်ဆရာ့ရဲ့အကြောင်းကိုသိပြီးတဲ့နောက်လေးစားအားကျလွန်းပြီး ကျွန်တော့်ရဲ့ ကလောင်အမည်နောက်မှာ မှိုင်းဌာနီ ဆိုတာလေးကို တလေးတစားထည့်သုံးထားပါတယ်ဗျာ၊ပြီးတော့ ဆရာ့လိုနယ်ချဲ့တွေလက်အောက်မှာတောင် ကလောင်ကိုင်ပြီးရဲရဲဝင့်ဝင့်နဲ့ ကျွန်တော်တို့လို မိဘပြည်သူကျောင်းသားတွေဖက်က ရပ်တည်ပေးခဲ့ပြီး ၁၉၂၀ကကျောင်းသားသပိတ်တုန်းကလို "မင်းတို့နာမည်ထိပ် မင်းတို့ဆရာ ငါ့နာမည်"သာထည့်လိုက်ဆိုတဲ့ ဆရာကောင်း၊ဆရာမြတ်တစ်ယောက်၊ဘယ်လောက်နာမည်ကြီးကြီး ပကြွားခြင်းမရှိ၊နတ္တိအစွဲမရှိတဲ့ ကျောင်းဆရာ၊စာရေးဆရာ တစ်ယောက်တော့ဖြစ်စေရမယ်လို့ ကျွန်တော့်ဘာသာ သနိဌာန်ချထားပါတယ် ဆရာ။ အဖြစ်ချင်ဆုံးဆန္ဒ၊အပြည့်ချင်ဆုံးဆုတစ်ခုကတော့ ဆရာနဲ့ဘယ်ဘဝမှာပဲဆုံဆုံ ရင်းနှီးကျွမ်းဝင်ရပြီး ဆရာနားလည်သလို၊ကျွန်တော်ကလည်း ကျွန်တော်နားလည်သလို နိုင်ငံအကြောင်း၊လူငယ်တွေအကြောင်း နှီးနှောဆွေးနွေးချင်တာပါပဲဗျာ။"
ဒီလိုတွေခေါင်းထဲကအတွေးလေးတွေနဲ့ဆရာကြီးနဲ့အတူ သူ တွေ့ဆုံနေတုန်း အိမ်တိုင်းမှာ တပိုင်တနိုင် သင်ဖြူးဖျာတွေရက်နေတဲ့သူတွေ၊လယ်ထဲမှာလယ်ထွန်နေတဲ့သူတွေ၊ပလက်ကုလားထိုင်လုပ်နေတဲ့သူတွေကိုပါ General knowledgeအနေနဲ့သိမှတ်ခဲ့ရပါသေးတယ်ခင်ဗျာ။
အပိုင်း ၂ ဆက်ရန်။
ဖောင်တိန်ဖြင့်ရှင်သန်မည့်
မောင်ဇင်(မှိုင်းဌာနီ)။(၅.၁၀.၂၄)
Keep Reading