မြ (စံကားဝါမြေ)
မြရဲ့ ဒီနေ့ဆောင်းပါးလေးကတော့ "နိုင်ငံရပ်ခြားကို စိတ်ကူးဖြင့် ခရီးသွားခြင်း" အကြောင်းပဲ ဖြစ်ပါတယ်ရှင်။တကယ်တော့ မြ ဒီနေ့ထိ နိုင်ငံခြားကို မရောက်ဖူးသေးပါဘူး။ သို့သော် မြကြီးလာခါကျ ရောက်အောင်သွားမှာပါ။ မြ သွားတဲ့အချိန်ကျ အစစအရာရာ အဆင်သင့်လည်း ဖြစ်နေပါပြီ။ ယခုအချိန် သွားလိုက်ရင် ဘာမှပြင်ဆင်ထားတာမရှိဘဲ ယောင်လည်လည် ဖြစ်နေမယ့် မြရဲ့ပုံစံလေးကို မြင်ယောင်ကြည့်လိုက်ကြရအောင်နော်။
မြ တရုတ်ပြည်က ဝမ်ဝမ့်ဆီ သွားမယ်ဆိုပါစို့။ ယခု ချက်ချင်း ကျောက်ပန်းတောင်းကနေ ရန်ကုန်ကို သွားပါမယ်။ ရန်ကုန်ရောက်တော့ Myanmar International Airlineနဲ့ တရုတ်ပြည်ကို ပျံသန်းခဲ့ပါပြီ။ ဆိုတော့က ယခု တရုတ်ပြည်က ဘေကျင်း (သို့) ရှန်ဟိုင်း လေဆိပ်ကို ရောက်ခဲ့ပြီပေါ့နော်။
ကဲ တရုတ်ပြည်ကြီးကိုတော့ ရောက်ခဲ့ပြီ။ ဘာဆက်လုပ်ရမလဲ? ဘယ်ကို ဆက်သွားရမလဲ? လမ်းမေးဖို့ တရုတ်လိုက မပြောတတ်သေး၊ Englishလို ပြောဖို့ကျလည်း ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်နဲ့ ယောင်လည်လည် မျက်လုံးကလည်ကလည်လေးနဲ့ ဖြစ်နေပြီပေါ့ရှင်။
ယောင်လည်လည်ဖြစ်ရင်းကနေ မတတ်တခေါက် English စကားလေးပြောပြီး တည်းခိုခန်းလေးကို အနားယူဖို့ ရောက်ခဲ့ပြီပေါ့။ တစ်နေကုန် ခရီးနှင်လာရတော့ ပင်ပန်းပြီး ဗိုက်ကဆာလာပါပြီ။ အဲဒီအခါ အစားအသောက်မှာရင် တရုတ်လိုမှာရပါတော့မယ်။ အခု အနီးအနားက စားသောက်ဆိုင်လေးထဲကို ဝင်လိုက်ပါပြီ။ အဲဒီအခါ စားစရာတစ်ချို့ကို အမူအရာနဲ့ပဲ မှာလိုက်ရတယ်ပေါ့ရှင်။ ဒီလိုနဲ့ စာသောက်ပြီးပြီပေါ့။
အဲ့လိုလေး အနည်းငယ် သွားလာလှုပ်ရှားပြီးတဲ့အချိန်မှာ မြ စိတ်ထဲ ဝင်ရောက်လာတဲ့ အတွေးတစ်ခုက "ငါက ငါ့မြို့မှာသာ မသွားတတ်တဲ့နေရာမရှိ၊ မသွားဖူးတဲ့ လမ်းကြားကစမရှိ၊ ငါသာလျှင် အတော်ဆုံး၊ အတတ်ဆုံး၊ အသိဆုံးဆိုပြီး လေကြီးလေကျယ်နဲ့ ဆရာကြီး လုပ်နေတာ၊ ယခုလို သူများဆီ ရောက်လာတော့လည်း ဘာမှမသိတဲ့ လူနုံ၊ လူအ၊ စကားတောင် လေးလုံးကွဲအောင် မပြောနိုင်တဲ့ မွေးကင်းစ ကလေးတစ်ယောက်လိုပါပဲလား" ပေါ့။
ဒီလိုစဉ်းစားကြည့်လိုက်တော့ မြ ဖားလေးတစ်ကောင်အကြောင်းကို သတိရလာပါတယ်။
ဖားပေါက်စလေးက မိုးရွာထဲမှာ ခုန်ပေါက်ကစားနေရင်း အုန်းမှုတ်ခွက်တစ်ခုရဲ့ ဖုံးအုပ်ခြင်းကို ခံလိုက်ရပါတယ်။ အဲဒီအခါ ဖားလေးက တစ်ရက်၊ နှစ်ရက်တော့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း (၃/၄)ရက် ကြာလာတဲ့အခါမှာ အုန်းမှုတ်ခွက်လေးထဲမှာပဲ နေသားကျသွားခဲ့ပါတယ်ရှင်။ ဒီလိုနဲ့ အုန်းမှုတ်ခွက်လေးထဲမှာပဲ ဆော့ကစားပျော်ပါးရင်း အဲ့ထဲဝင်လာတဲ့ အင်းဆက်ပိုးကောင်လေးတွေကို ဖမ်းယူစားသောက်ရင်းနဲ့ သူ့ကိုယ်သူ "ငါသာလျှင် အကြီးဆုံး၊ အပျော်ရွှင်ရဆုံး၊ အတော်ဆုံး" လို့ထင်ပြီး ကျေနပ်နေခဲ့တာပေါ့ရှင်။
တစ်နေ့မှာတော့ လယ်ကွက်တွေကို လယ်သမားတွေက လယ်ယာစိုက်ပျိုးဖို့အတွက် လာပြီး ထယ်ထိုးကြတာပေါ့ရှင်။ အဲဒီအခါမှာ မြေအောက်ထဲကို မြှုပ်နေတဲ့ အုန်းမှုတ်ခွက်လေးကလည်း မြေပြင်ပေါ်ကို ခုန်ထွက်လာခဲ့ပါတော့တယ်။ အဲဒီအခါမှ ဖားကလေး မြင်လိုက်ရတာကတော့ ကြီးမားကျယ်ပြန့်လှတဲ့ ကောင်းကင်ပြာကြီးပါ။ အဲလို မြင်လိုက်တဲ့အခါမှ ဖားကလေးက "အိမ်း ငါက ငါသာလျှင် အကြီးဆုံး၊ အတော်ဆုံး၊ အပျော်ရွှင်ရဆုံးလို့ ထင်နေခဲ့တာပါလား၊ ယခုတော့ ဒီကောင်းကင်ကြီးကို မြင်လိုက်ရမှ ငါက သဲမှုန့်တစ်မှုန့်စာလောက်ပဲ ရှိပါလား" ဆိုပြီး တွေးမိလိုက်ပါတယ်။
မြ ယခုလို နိုင်ငံရပ်ခြားကို စိတ်ကူးနဲ့ သွားကြည့်လိုက်တဲ့အခါမှ ယောင်လည်လည် အတတ ကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ ပြန်စဉ်းစားကြည့်လိုက်ရင် မြရဲ့ ယခုလက်ရှိ ပညာရေး၊ ပိုင်ဆိုင်မှု၊ အသိပညာတွေနဲ့ အောင်မြင်ကျော်ကြားမှုတွေက အုန်းမှုတ်ခွက်တစ်ခွက်စာလောက်ပဲ ရှိပါသေးတယ်။ မြအတွက် ဆက်လက် လေ့လာသင်ယူစရာတွေက မရေးမတွက်နိုင်လောက်အောင် အများကြီးကို ရှိနေပါသေးတယ်ရှင်။
မြလိုပဲ မြရဲ့ စာဖတ်သူလေးတွေလည်း မိမိကိုယ်ကို ပြီးပြည့်စုံနေပြီ အတော်ဆုံး၊ အတတ်ဆုံး၊ အမြင့်ဆုံးဆိုပြီး သတ်မှတ်မထားပါနဲ့။ အဲ့လို သတ်မှတ်လိုက်မိတဲ့အခါ မိမိရဲ့ မသိစိတ်ကနေ ဘဝင်မြင့်ပြီး ကြိုးစားချင်စိတ်တွေ လျှော့နည်းသွားတတ်ပါတယ်ရှင်။ ဒါ့ကြောင့် ကျယ်ပြောလာတဲ့ ကမ္ဘာကြီးမှာ မကုန်ဆုံးနိုင်သော လေ့လာသင်ယူစရာတွေကို လေ့လာသင်ယူရင်း ရှေ့ဆက်လျှောက်ကြမယ်နော် စာဖတ်သူလေးတို့ရေ.....
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
2.10.2024(Wednesday)
Keep Reading