တင်ညွန့်
“အန္တရာယ်ကို ရှောင်ဖယ်ဖို့ ဆုမတောင်းပါနဲ့။ အန္တရာယ်ကို မကြောက်မရွံ့ ရင်ဆိုင်နိုင်အောင်ကြိုးစားပါ”
အလွန်တန်ဖိုးရှိသော ထိုစကားကို ပြောကြားသူမှာ အိန္ဒိယနိုင်ငံမှ စာဆို၊ အတွေးအခေါ်ပညာရှင်ကြီး “ရာဘင် ဒြာနတ် တဂိုး” ဖြစ်ပါသည်။ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးနှင့် အတွေးအခေါ်စာပေပေါင်းများစွာ ရေးသားခဲ့ပြီး သူရေးသားခဲ့သည့် စာပေမှန်သမျှသည် အတွေးစများကို ချန်ထားပေးခဲ့သည်ချည်းဖြစ်သည်။ သူသည် ဂီတ စာဆိုလည်းဖြစ်ပြီး တေးသီချင်းပေါင်းများစွာကို ရေးဖွဲ့စပ်ဆိုခဲ့သေးသည်။ ထို့ပြင် သူသည် ပန်းချီကျော် တစ်ဦးလည်း ဖြစ်နေပြန်သည်။ ပညာရေးသမားအဖြစ်လည်း နာမည်ကြီးသလို အနုပညာရှင်အဖြစ် ကမ္ဘာသိသော ဘင်္ဂလီစာဆိုကြီးတစ်ဦးလည်းဖြစ်သည်။
တဂိုးကို ပညာရေးနှင့်ပတ်သက်ပြီး လွတ်လပ်စွာတွေးမြင် သင်ကြားနိုင်သော ဆရာဦးတစ်ဦးအနေဖြင့် ချီးကျူး လေးစားကြသည်။ သူ၏တက္ကသိုလ်၊ သူ၏ စာသင်ကြားမှုများသည် လွတ်လပ်မှုတွေနှင့် ပေါင်းစုနေသည်။ ချစ်ခြင်းတရား၊ လွတ်လပ်ခြင်းများ၊ ပျော်ရွှင်ခြင်းများနှင့် ပညာလောက၏ ဘဝတစ်ခုကို စံပြုလောက်အောင် တည်ဆောက်ပြခဲ့သည်။ သူ၏ ပညာရေးသဘောတရားများတွင် လွတ်လပ်ခြင်းခြင်း အသက်ဝိညာဉ်ဖြစ်သည်။
“ကလေးတွေကို ခင်ဗျားတို့ လေ့လာသင်ယူခဲ့တာတွေနဲ့ မကန့်သတ်လိုက်ပါနဲ့”
ထိုစကားသည် ပညာရေးလောကအတွက် အမြောက်နှင့် ပစ်လိုက်သလိုဖြစ်သွားသည်။ ဆရာတိုင်း ကိုယ်သင်ယူခဲ့သည့်အတိုင်း ပြန်သင်ပေးနေကြသည်ဖြစ်သောကြောင့်ပင်။ တဂိုးက အဘယ်ကြောင့် တော်လှန် ပြောင်းလဲသော အမြင်တစ်ခုကို တင်ပြလိုက်ရသနည်း။ သူ့အမြင်ကရှင်းသည်
“ကလေးတွေဟာ အနာဂတ်၊ အနာဂတ်မှာ ရှင်သန်ရမယ့်သူတွေကို အတိတ်က ခေတ်နောက်ကျနေတဲ့ အတွေး အမြင်သဘောတရားတွေနဲ့ လှောင်ပိတ်ထားလိုက်မှာလား” ကျွန်တော်တို့စဉ်းစားရပေလိမ့်မည်။
“ပညာရေးဆိုတာ အချက်အလက်တွေကို သင်ပေးနေရုံသက်သက်မဟုတ်။ ဘဝမှာ ဟန်ချက်ညီညီ ရပ်တည် နိုင်အောင် ပြုစုပျိုးထောင်ပေးခြင်း”
ကျွန်တော်တို့လူ့ဘောင်တွင် ကလေးတွေကို စာသင်၊ စာဖတ်၊ စာရွတ်၊ စာမှတ်၊ အလွတ်ရွတ်ပြ၊ အလွတ်ရေးပြ၊ ၏၊ သည် မရွေ့မှန်ကန်မှ လူတတ်လူတော်ဟုထင်တတ်ကြသည်။ ပညာဆိုသည်မှာ အလွတ်ရွတ်ပြနိုင်မှ ဆိုလိုက်လျှင် ကြက်တူရွေးကိုပင် ပညာရှင်ဟုဆိုရပေလိမ့်မည်။ ကျွန်တော်တို့သည် ပညာ၏နောက်ကွယ်တွင် တွေးခေါ်စဉ်းစား ဆင်ခြင်နိုင်စွမ်းရှိစေရန် မသင်ကြားနိုင်လျှင် သူတို့သည် ဘဝဆိုသည့် ဝဲဂယက်ထဲတွင် ဟန်ချက်ညီစွာ ရပ်တည်နိုင်ရန် ခက်ခဲပေလိမ့်မည်။
တဂိုး၏ ပညာရေးဆိုင်ရာ လမ်းညွှန်ချက်များမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သူက ဆရာ ဆရာမများကို
“ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဘဝတွေထဲက အဖြူစင်ဆုံး၊ အရိုးသားဆုံး အတွေ့အကြုံတွေကိုရွေးပြီး ကလေးတွေကို သင်ပေးကြပါ။ သူတို့ရဲ့ အပြစ်ကင်းစင်မှုကို ဘယ်တော့မှ မညစ်နွမ်းပါစေနဲ့။ မေတ္တာတရား၊ ကရုဏာတရား၊ ကိုယ်ချင်းစာတရား၊ မုဒိတာတရားတွေ ထားတတ်အောင် သင်ပေးကြပါ”
အလွန်တန်ဖိုးရှိသော စကားများဖြစ်ပါသည်။ လောကတွင် ကိုယ်ချင်းစာနာစိတ်များကင်းခြင်း၊ သဘောထား ကြီးမှု မရှိခြင်း မေတ္တာတရား ခေါင်းပါးခြင်းများကြောင့် ငါနှင့်မတူ ငါ့ရန်သူအဖြစ် သဘောထားကာ အပြုတ် တိုက်ရေး၊ အမြစ်ဖြုတ်ရေးများကို တွေးနေကြခြင်းဖြစ်သည်။ ကလေးအရွယ် နုနယ်စဉ်ကတည်းက လူကျင့်ဝတ် လူ့တရားများကို သင်ကြားခြင်း မပြုလိုက်လျှင် တာဝန်မကျေသူများ ဖြစ်သွားပေလိမ့်မည်။
“ကလေးတွေကို စာအုပ်တွေနဲ့ချည်း ပိတ်လှောင်မထားပါနဲ့ သူတို့ကိုယ်ပိုင်အတွေ့အကြုံ၊ လေ့လာမှုတွေကနေ ပညာရအောင် ကြံဆောင်ပေးကြပါ”
ခေတ်အဆက်ဆက် ကျောင်းထဲတွင် ပိတ်လှောင်၊ စာသင်ခန်းထဲတွင် ခြံသွင်း၊ ဖတ်စာအုပ်များဖြင့် လည်ပင်း ကြိုးကွင်းစွပ်ထားသော ပညာရေးသည် လွတ်လပ်သောစိတ်ကူး၊ ရင့်ကျက်သောလူသား၊ အတွေးအခေါ်ဖြင့် ဟန်ချက်ညီစွာ လှုပ်ရှားနိုင်သော တန်ဖိုးရှိသည့်သူများကို မမွေးထုတ်နိုင်ပေ။
“ဆရာဆိုတာ အမြဲတက်ကြွ လှုပ်ရှားနေရမှာ။ ခင်ဗျားတို့နေရာဟာ အတန်းရှေ့မှာ ထိုင်နေဖို့မဟုတ်ဘူး။ ကျောင်းသားတွေကြားမှာ ပြေးလွှားပြီး အားမာန်အပြည့်ပြနိုင်မှ တပည့်တွေကလည်း တက်ကြွတော့မှာပေါ့”
အတန်းထဲဝင်လာသည့် ဆရာတစ်ယောက်သည် အတန်းရှေ့ခုံတွင်ထိုင်၊ စာအုပ်ဖွင့်၊ လိုက်ဆို၊ အိပ်ငိုက်နေရုံမျှဖြင့် ပညာလောကတစ်ခုကို မတည်ဆောက်နိုင်သလို တက်ကြွလှုပ်ရှားသည့်သူများကိုလည်း မမွေးထုတ်နိုင်
“ခင်ဗျားတို့ ကလေးတွေအပေါ်နားမလည်ဘဲ ပညာသင်ပေးလို့မရဘူး။ သူတို့ကို နားလည်ဖို့ဆိုတာ သူတို့ကို ချစ်ခင်မြတ်နိုးတတ်မှရတယ်။ သူတို့နဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်းခံစားနိုင်မှရတယ်”
ကျွန်တော်တို့ပညာရေးလောကတွင် တဂိုးထံမှ သင်ယူစရာများလှသည်။ တဂိုးကဲ့သို့သော အနုပညာရှင် ပညာရေးသမားတစ်ယောက်ကဲ့သို့ ကလေးများအပေါ်မခံစားနိုင်ဘဲ ပညာတတ်အောင်သင်ပေးရန်မှာ မဖြစ်နိုင်ဟု ဆိုချင်သည်။
တင်ညွန့်
၁.၃.၂၀၂၄
Keep Reading