Author's Profile Photo

မော်ဂန်

26/09/2024

ရည်မှန်းချက် နဲ့ စနစ်

4 mins read
Education
General Knowledge
Culture
ရည်မှန်းချက် နဲ့ စနစ်'s photo


စာဖတ်သူတို့အနေနဲ့ မူလတန်းလောက်တုန်းကကျောင်းအခန်းထဲမှာစားပွဲခုံလေးတွေကို ဝိုင်း၊အဖွဲ့လေးတွေခွဲပြီး စာသင်ခဲ့ရဖူးပါသလား ?

 ကျွန်တော့်အဖို့တော့ တတိယတန်းလောက်ကစပြီးအဲ့လိုအဖွဲ့လေးတွေခွဲပြီး စာသင်ခဲ့ရဖူးပါတယ်။ အတန်းထဲမှာ လူ ၅၀ရှိရင် ၁ဖွဲ့ ၁၀ယောက်နှုန်း နဲ့ အဖွဲ့ ၅ဖွဲ့ဆိုပြီး ဆရာမက 

အဖွဲ့လေးတွေခွဲပေးပါတယ်။ ကိုယ့်အဖွဲ့ရဲ့ခေါင်းဆောင်ကို အဖွဲ့ဝင်တွေကိုယ်တိုင်ကရွေးချယ်တင််မြှောက်ရပြီး၊ အဖွဲ့ရဲ့နမည်ကိုလည်းအဖွဲ့ဝင်တွေအားလုံးရဲ့သဘောတူညီချက်နဲ့ ပေးကြရပါတယ်။ အဖွဲ့ခေါင်းဆောင်ရဲ့တာဝန်ကတော့ ဆရာမမေးတဲ့မေးခွန်းကိုအခြားအဖွဲ့တွေနဲ့ ယှဉ်ပြိုင်ပြီးဖြေတဲ့အခါ
အဖွဲ့ကိုယ်စား လက်ထောင်ပြီးဖြေပေးရတဲ့သူပါ။ များသောအားဖြင့် အဖွဲ့ခေါင်းဆောင်ကို စာတော်တဲ့သူကိုသာရွေးချယ်လေ့ရှိပါတယ်။
အဲ့လိုသင်ရတာကလည်း ကလေးတွေအတွက် Collaborations နဲ့ Communication အားကောင်းစေဖို့ရည်ရွယ်တာဖြစ်ပါတယ် ။

ကျွန်တော့်အတွက် အဲ့ဒီလို အဖွဲ့လိုက်စာသင်ရတာက တတိယတန်း မှာစတာပါ။ဆရာမရဲ့သဘောအတိုင်းရွေးလိုက်တဲ့အဖွဲ့လေးမို့လားမသိဘူး ကျွန်တော်တို့အဖွဲ့လေးကစာတော်တဲ့သူတစ်ယောက်မျှ မပါခဲ့ဘူး။ တခြားအဖွဲ့တွေဆိုရင် တစ်ဖွဲ့လုံးစာတော်တဲ့သူတွေချည်း တချို့အဖွဲ့တွေဆို အတန်းပိုင်ဆရာမရဲ့ကျူရှင်ကလူတွေချည်းပဲ ။ကျွန်တော်တို့အဖွဲ့ထဲမှာ စာလုပ်တဲ့သူဆိုလို့ ကျွန်တော်နဲ့ကောင်မလေးတစ်ယောက်ပဲရှိတယ်။ ကျန်တဲ့၈ယောက်လုံးက အတန်းထဲက
နံရံမှီတဲ့ဖိုက်တာတွေနဲ့၊ မိနိုင်တို့လို စာမလုပ်ကြတဲ့မိန်းကလေးတွေ ဖြစ်ကြတယ် ။ ကျွန်တော်က ကျောင်းမှာဆိုစာတော်သူလဲမဟုတ်သလို အရမ်းညံ့တဲ့ထဲမှာလဲမပါပါဘူး။ စာကြိုးစားသူသက်သက်သာဖြစ်တယ်။
ဆိုတော့ယောက်ျားလေးဖြစ်တဲ့ ကျွန်တော့်ကိုသာခေါင်းဆောင်အဖြစ်ရွေးချယ်ကြတယ်။
ခေါင်းဆောင်လည်းဖြစ်ရော ခေါင်းထဲဝင်လာတဲ့ပထမဦးဆုံး အတွေးက
“ငါဒီလိုအဖွဲ့နဲ့ ဘယ်လိုရှေ့ဆက်ရမှာလဲ”
ဆိုတဲ့အထင်သေးတဲ့အတွေးလေးတစ်ခုပေါ့။
ခေါင်းဆောင်လည်းဖြစ်ပြီဆိုတော့ အဖွဲ့လေးအတွက် နမည်ဝိုင်းပေးကြတယ်

•မိုးကောင်းကင်
•တိမ်လွှာဖြူ
•ဓူဝံကြယ်
•လင်းယုန်
•ရောင်စဉ်
•အလင်းတန်းများ


သူတို့ပြောလိုက်တဲ့ နမည်တွေ ကြားကြားချင်း
ကျွန်တော့်မှာ အတော်အံ့ဩမိသွားခဲ့တယ်။ 
သူတို့ကို စာမလုပ်တဲ့သူ၊ ဖိုက်တာ ၊ဇိုးတွေ 
ဆိုပြီး ဆရာမတွေက/ကျောင်းသားတွေကသတ်မှတ်ထားပေမယ့် သူတို့ ကိုယ်ထဲမှာတော့ ဖြူစင်တဲ့ နှလုံးသားလေးရှိပါလား ဆိုတဲ့ ကလေးဆန်ဆန်
သံဝေဂ လေးရခဲ့ဖူးသေးတယ်။

တစ်ရက်မှာ ဆရာမကကျွန်တော်တို့ကို “ကျွန်ုပ်တို့၏ ရည်မှန်းချက်”ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်ဖွဲ့လုံးပါတဲ့စာစီစာကုံးတစ်ပုဒ်ကိုရေးခိုင်းပါတယ်။
ထုံစံအတိုင်း ခေါင်းဆောင်တဲ့ကျွန်တော်က
ဒိုင်ခံရေးရမှာဖြစ်တယ်။ဒါကြောင့် စာအုပ်နဲ့ခဲတံလေးကိုင်ပြီးအဖွဲ့ဝင်တိုင်းရဲ့ရည်မှန်းချက်တွေကို အင်တာလိုက်ဗျူးပါတယ်။ စာမလုပ်ပေမယ့် ဆရာဝန်ဖြစ်ချင်သူနဲ့ ၊အင်ဂျင်နီယာဖြစ်ချင်သူတွေနဲ့ပြည့်လို့နေတယ် ။ ဒါပေမယ့်ရှားရှားပါးပါးရည်းမှန်းချက်လေးတစ်ခုလေးကတတိယတန်းအရွယ်ကလေး တစ်ယောက်ရဲ့ နှုတ်ဖျားကထွက်လာခဲ့တယ်။“စာရေးဆရာ” တဲ့ ။ကျွန်တော်လက်ထဲကခဲတံလေးဟာ
ကျွန်တော်လက်ထဲကရုန်းထွက်နေသလိုခံစားလိုက်ရတယ်။ ကျွန်တော့်ရဲ့ရည်မှန်းချက် အမည်စာရင်းလေးထဲက ကျွန်တော့်နမည်ရဲ့ ဘေးလေးမှာ အင်ဂျင်နီယာ
ဟုသာ ခဲသားလေးနဲ့အထင်းသားရေးထားပြီးပြီ။ 

အဲ့နေ့ကသူ့စာစီစာကုံးစာအုပ်ကိုကျွန်တော် စပ်စပ်စုစုတောင်းဖတ်သေးမိလိုက်သေးတယ်။ညီညာတဲ့ မျဉ်းကြောင်းလေးတွေမှာ မညီမညာရေးထားတဲ့ လရေး တွေနဲ့ရေးထားတဲ့ စာစီစာကုံးတွေက
ကျွန်တော့်အတွက် တကယ့်စာရေးဆရာကြီးတစ်ယောက်ရေးထားအတိုင်း ရေးထားတဲ့အကြောင်းအရာတွေကို မျက်ဝါးထင်ထင်မြင်နေရတယ်။ ကျွန်တော်သူ့ကိုမေးကြည့်လိုက်သေးတယ်

“မင်းရေးတာတော်တော်ကောင်းတယ် စာစီစာကုံးပြိုင်ပွဲတွေဝင်ပြိုင်ပါလား”

လို့ပြောတော့

 “စာစီစာကုံးပြိုင်ပွဲက လက်ရေးလှမှဝင်ပြိုင်လို့ရတာလေ”တဲ့


အဲ့တာလည်း ဟုတ်ပါတယ်။ ကျောင်းမှာ စာစီစာကုံးပြိုင်တွေရှိလို့ ပြိုင်မယ့်သူ စာရင်းလာကောက်ရင် မြန်မာစာ မှတ်စုစာအုပ်ကိုအရင်တောင်းကြည့်ပါတယ်။ လက်ရေးလှမှ ဝင်ပြိုင်ခွင့်ပေးတာပါ ။

ကျွန်တော်သိတဲ့”စာစီစာကုံ” ဆိုတာ 
စာဖတ်စွမ်းရည်ကလာတယ်လို့ထင်တာပါ။ 
စာတွေရင်ဖတ် ၊ဖတ်ပြီးမှရလာတဲ့ဗဟုသုတတွေကိုတွေးတောရတာပါ ။အဲ့ဒီအတွေးတွေကို 
လှပတဲ့စာသားတွေအဖြစ်ပြောင်းလဲပြီး 
သီကာပတ်ကုံးရေးရတာကို”စာစီစာကုံး”
လို့သိထားတာပါ။


ဒါပေမယ့် ဆရာ/မ တွေရဲ့ စာစီစာကုံး ဆိုတာ
လက်ရေးလှမှ လှပတဲ့ စာစီစာကုံးလို့သတ်မှတ်တယ်ထင်ပါ့ဗျာ။ လက်ရေးမလှတာလေးတစ်ခုကြောင့်
ဒီလိုလှပတဲ့စာစီစာကုံးမျိုးတွေကို အားပေးအားမြောက်လုပ်ဖို့မပြောနဲ့ တင်ပြခွင့်တောင်မရခဲ့ကြတဲ့ လူတွေလည်းမြန်မာမှာ တော်လေးရှိဦးမှာပါ။

******************

ကျွန်တော်မူလတန်းကနေ အလယ်တန်းကိုရောက်လာခဲ့တယ်။ ကျောင်းတွင်းမှာ ကျွန်တော်သိပ်ဝါသနာပါတဲ့
စာအရေးအသားပိုင်းဆိုင်ရာတွေ တင်ပြခွင့်ရတာဆိုလို့ အထင်ကရနေ့တွေဆိုပြုလုပ်တဲ့ စာစီစာကုံးပြိုင်ပွဲတွေသာဖြစ်တယ်။ ကျွန်တော့်လက်ရေးကအရမ်းလှတဲ့အထဲ မပါပါဘူး သာမန် ဖတ်လို့ရရုံလောက်ပါပဲ။ ကျွန်တော် စာစီစာကုံးပြိုင်ပွဲတွေကို အလယ်တန်း ၊(၅)တန်းကစပြီး (၇)တန်းလောက်ထိ
ရှိသမျှ စာစီစာကုံးပြိုင်ပွဲတွေကို ဝင်ပြိုင်ပါတယ်။
ကြိုတင်ပြင်ဆင်မှုတွေလည်း အရမ်းလုပ်ခဲ့ပါတယ်။
ရည်မှန်းထားတဲ့ ပထမဆု ကြီးကို နေ့တိုင်းအိပ်မက်ထဲထည့်မက်ပါတယ်။ ပွဲက ၁၅ရက်နေ့စမယ်ဆို ၁ရက်နေ့လောက်ကတည်းက ကြိုလေ့လာပြီး စာတမ်းပြုစုပြီးသားပါ။ ပထမတစ်ခေါက် ဝင်ပြိုင်ပါတယ် ။
ဒါပေမယ့် ကျွန်တော်ဘာဆုမျှရခဲ့ပါဘူး။

လက်ရေးမလှလို့ဆုမရတာ

ဆိုတဲ့အထင်နဲ့ လေးကြောင်းမျဉ်းစာအုပ်တွေဝယ်ကာ
ဝလုံး တွေကိုအခေါက်ခေါက်အခါခါရေးပါတယ်။
ကျောင်းစာလုပ်ဖို့ထက် ဝလုံးသာထိုင်ရေးနေခဲ့တယ်။
အဲ့လိုနဲ့ကျွန်တော့်လက်ရေးသိသိသာသာလှလာခဲ့ပါတယ်။ နောက်ထပ်ပြိုင်ပွဲတွေအတွက် ကျွန်တော်ယုံကြည်ချက်အပြည့်နဲ့ ဆက်လက်ယှဉ်ပြိုင်ပါတယ်။သို့သော် ဘာဆုမှမရခဲ့ပါဘူး။

•အာဇာနည်နေ့
•လွတ်လပ်ရေးနေ့ 
•မူးယစ်ဆေးဝါးတိုက်ဖျတ်ရေး
•လမြတ်ဝါဆို
•မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များ
•ညနေဆည်းဆာ








အစရှိသဖြင့်ပေါ့ဗျာ။ ကျွန်တော်စိတ်ဓာတ်အတော်ကျခဲ့ရတယ် ။

ငါကဝါသနာပဲပါခဲ့တာ ပါရမီမပါခဲ့ဖူး

ဆိုတဲ့အတွေးမျိုးစုံနဲ့ ကျွန်တော် စာရေးတာကို(၈)တန်းနှစ်တစ်နှစ်လုံး နားပစ်ခဲ့တယ်။ (၉)တန်းနှစ်ရောက်တော့် မန္တလေးကကိုယ်ပိုင်ကျောင်း(ဘော်ဒါဆောင်)ကို
ပြောင်းဖြစ်ခဲ့တယ်။ ကျွန်တော်ဘယ်ပြိုင်ပွဲမှ ဝင်မပြိုင်ဖြစ်ခဲ့ဘူး

ဝင်မပြိုင်တော့ဘူး

ဆိုပြီးဆုံးဖြတ်ထားတဲ့တယ် ။ ဒါပေမယ့် အဲ့ကျောင်းမှာအပြောအဟောကောင်းတဲ့ မြန်မာဆရာမကြီးရှိတယ်။
ဆရာမကြီး ရဲ့နမည်က ဒေါ်လီလီခိုင်တဲ့။ ဆရာမကြီးကစာဖတ်မြန်တယ် ။ ကျောင်းသားတိုင်းရဲ့ စာစီစာကုံးကိုယူဖတ်လေ့ရှိပါတယ် ။လက်ရေးမလှလည်း ရအောင်ဖတ်ပါတယ် ။ ဆရာမမှင်နီနဲ့ဝိုင်းတာခပ်ရှားရှားပါ ။ ပြီးတော့ ကျောင်းသားတိုင်းရဲ့ စာစီစာကုံးကိုဖတ်ပြီးတိုင်း
မှားမှားမှန်မှ န်ချီးကျူးလေ့ရှိပါတယ်။ သူအချီးကျူးဆုံးလူကား ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်း၂ယောက်သာဖြစ်တယ်”


တစ်နေ့ကျောင်းမှာ နေထွက်ချိန် ဆိုတဲ့ခေါင်းစဉ်နဲ့
စာစီစာကုံးပြိုင်ပွဲလုပ်တယ်။ ဆရာမက ကျွန်တော့် ကိုအတင်းဝင်ပြိုင်ခိုင်းတယ်။ ကျွန်တော်လည်းဆရာမကိုမလွန်ဆန်နိုင်တာနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တယ် ။ပြိုင်ပွဲလည်းပြီးရော ဆုကြေငြာတဲ့နေ့မှာ ကျွန်တော့်နမည်ကထိပ်ဆုံးမှာပါလာခဲ့တယ်။ ပထဆုကို ပထမအချိန်ရခဲ့တော့ ကျွန်တော်အလွန်ပျော်ခဲ့ပါသေးတယ် ။

နောက်နေ့ကျတော့ ထိုမြန်မာဆရာမကပြောပြတယ် ကျွန်တော်တို့ပြိုင်ခဲ့တဲ့ပြိုင်ပွဲအကြောင်း



တဲ့ ။ကျွန်တော်စဉ်းစားမိတယ် ။
အလယ်တန်းနှစ်တစ်လျှောက်လုံး ကျွန်တော်ဝင်ပြိုင်လိုက်တဲ့ စာစီစာကုံးပြိုင်ပွဲတွေမှာ ပထမ၊ ဒုတိယ၊တတိယ ဆိုပြီး ဆုရတဲ့သူတွေကလည်း ဒီလူတွေပဲ
ပတ်ရနေတာ ကိုစဉ်းစားမိလာတယ်။
စာစီစာကုံးကိုအတန်းပိုင်တွေကစစ်တယ် ။
ပြီးတော့ဆုရတဲ့သူတွေကလည်း အတန်းပိုင်ကျူရှင်ကလူတွေသာဖြစ်တယ်။






















ဒါဟာကျောင်းတိုင်းဖြစ်နေကျ ကိစ္စဟုတ်ချင်မှဟုတ်ပါလိမ့်မယ် သို့ပေမယ့်လည်းသောအားဖြင့်တွေ့နေကျဖြစ်တယ်။ဟိုး…အပေါ်ကပြောခဲ့သလို လက်ရေးမလှလို့ စာစီစာကုံးတွေတင်ပြခွင့်မရတာတို့ ၊
ထုံးစံကနေ စနစ်ဖြစ်သွားခဲ့တာတို့ဆိုရင်
နစ်နာသူတွေဟာပါရမီရှင်ပေါက်စလေးတွေသာဖြစ်ပါလိမ့်မယ်။

*****

စာဖတ်သူတစ်ဦးချင်းစီတိုင်းကို အစဉ်လေးစားလျက်ပါ။

သာယာသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေ။

ကျွန်တော် စာရေးသူ မော်ဂန် ပါ။

Telegram: moxgen_u

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------