ရဲဘုန်းသွင်
ဟံသာဝတီနေထွက်ချိန် (အပိုင်း၄၀)
မင်းသားဗညားနွဲ့မှာ ကလေးငယ်ကဲ့သို့ ငိုယိုလျက် မိသားစု အကြောင်း မေနေတော့လေသည်။ ရန်သူ၏လူဘက်တွင် ဝမ်းနည်းထိခိုက်နေသော မင်းသား၏ အမူအရာကိုကြည့်ပြီး မင်းကန်စီလည်း မျက်စိမျက်နှာပျက်နေတော့သည်။
" ဟာ အရှင့်သား စိတ်ထိန်းပါဘုရား။ ဒါဟာ ပါရမီဖြည့်နေတယ်လို့ နှလုံးသွင်းပါဘုရား။ ဘုရားအလောင်းတော်တောင်မှ လူနတ်သတ္တဝါတို့ အကျိုးအတွက် တောထွက်တဲ့အခါ မယားနှင့် သားငယ်ကို ထားခဲ့ရပါသေးတယ် ဘုရား။ ဒါကြောင့်လည်း ဘုရားအဖြစ်ကို ရခဲ့တာ မဟုတ်ပါလား။ မာရ်နတ်စစ်သည်တို့ လာဖျက်သည်ကိုလည်း အောင်ခဲ့တယ် မဟုတ်ပါလားဘုရား။ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးက တမန်ကိုးခေါက် စေခဲ့တာတောင်မှ ပြန်မလာဘဲ ကာဠုဒါရီအမတ်ပင့်မှ ကြွခဲ့သည် မဟုတ်ပါလားဘုရား။ "
မင်းသားလည်း ငြိမ်၍နားထောင်နေသည်။ ရန်သူ့ဘက်သားဖြစ်လျက် မိမိအကျိုးကိုဆိုနေသော သမိန်တိဿကုမ္မာစကားကြားရမှ မင်းကန်စီလည်း သက်ပြင်းချကာ သက်သာနိုင်တော့သည်။
" ကျုပ်ကို အမတ်ကြီးဇိပ်ဗြဲ မှာခဲ့ပါသေးတယ် ဘုရား။ အရှင့် ခမည်းတော်လည်း အနားသည်းလှပြီ၊ ယခုမင်းသားမှာ ရေနက်သို့ရောက်သော မိကျောင်းနှင့်တူပါတယ်။ ရေတိမ်သို့ ဘယ်အကြောင်းနှင့်မျှ မသွားသင့်တော့ပါဘုရား။ ကျုပ်တို့မှာလည်း အသက် ၆၀ ကျော် ဇရာပိုင်းသို့ ရောက်နေပါပြီဘုရား။ ပဲခူးမြို့က ဂဝံကျောက်တွေကို စားရတာလည်း အဟာရမဖြစ်လှပါဘုရား။ သို့ကြောင့် မုတ္တမ မြေသင်းခဲနုနုကို စားလိုပါသေးတယ်ဘုရား "
မင်းသားမှာ အမတ်ကြီးစကားသည် မည်သည်ကို ဆိုလိုသည်ကို ချက်ချင်းသိလိုက်သည်။ မုတ္တမမြို့အား ဘောသံဂေးကို စားစေမည်ဟု ဂတိပေးထားခဲ့ဖူးသည်။ ယခုလည်း သမိန်တိဿကုမ္မာသည် ပဲခူးကိုစားလိုကြောင်း ဖွင့်ဟလာလေသည်။ မင်းသားလည်း အခက်တွေ့နေရာမှ ဘောသံဂေးကို ခေါ်၍ မုတ္တမနှင့်အခြားမြို့ လည်းပေးရန်အကြံဖြစ်သည်။
" ဘောမွန်"
"ဘုရား "
" သူဌေး ဘောသံဂေးကို သွားခေါ်စမ်းကွာ "
ဘောမွန်လည်း အခန်းအပြင်မှပင် မင်သားအမိန့်ကို နာခံပြီးဘောသံဂေးကို သွားခေါ်သည်။ ခဏအတွင်ပင် ဘောသံဂေးကို ခေါ်၍ ပြန်လာလေသည်။ ဘောသံဂေးလည်း အခန်းအတွင်းသို့ ရောက်လျှင် သမိန်တိဿကုမ္မာနှင့် မင်းကန်စီတို့ကို မြင်၍ အကြောင်းထူးရှိကြောင်းသိလိုက်သည်။
" မောင်မင်း ဘောသံဂေး၊ မင်းက ဝန်မြို့နဲ့ မုတ္တမကို စားလို၍ ငါ့ဆီရွှေဆက်ဖူးတယ်။ ငါကလည်း စားစေရမယ်လို့ ကတိပေးဖူးတယ်။ ခုတော့ ငါ့ဦးရီးတော်က မုတ္တမကိုစားလိုကြောင်း ဆိုလာတယ်။ ဒီတော့ မင်းကို ရွှေ ၇ ပိသာ ပြန်ပေးမယ်။ မုတ္တမကိုငါ့အား ပြန်ပေးပါ။ မင်းက ဝန်မြို့နဲ့ တခြားသောမြို့ကိုသာ စားပါ။ "
" အို သည်အတွက် မပူပန်ပါနဲ့ဘုရား။ မင်းသားဟာ ရေမြေ့သခင်ဖြစ်လို့ မင်းသားပေးတဲ့မြို့ကိုသာ ကျုပ်စားပါ့မယ်။ မြို့စားဖြစ်ရရင် ကျွန်ုပ်လည်း ကျေနပ်ပါပြီ။ "
" ဒါဆိုရင် ရွှေ ၇ ပိဿာကို မင်း တခါထဲယူသွား။ ဘောမွန် ဘောသံဂေးကို ရွှေ ၇ ပိသာယူပေးလိုက်ချေ "
ဘောသံဂေးမှာလည်း မုတ္တမပိုမစားရသည့်တိုင် ရွှေ ၇ ပိသာပြန်ရသည့်အတွက် ကျေနပ်အားရပြီး မင်းသားကိုရှိခိုးကာ ဘောမွန်နောက်သို့ ပါသွားလေတော့သည်။
" ကိုင်း ကျုပ်ဦးရီးတော် ကျုပ်မင်းဖြစ်တာနဲ့ မုတ္တမကို စားရစေမယ် "
" မင်းသား အမှုတော်ကို ထမ်းရွက်ပါ့မယ် ဘုရား "
သမိန်တိဿကုမ္မာမှာ မင်းသားက မုတ္တကိုစားစေသည့်အတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ ထို့နောက် မင်းသားလည်း မင်းကန်စီနှင့်တိုင်ပင်ကာ မဟာဒေဝီထံသို့ ပြန်စာတစောင်ကို စာရေး မသင်အားခေါ်၍ ရေးစေပြီး စာပြန်လိုက်လေသည်။ သမိန်တိဿကုမ္မာနှင့် ကျွန် ၁၅ ယောက်လည်း ဒဂုံတွင် တညအိပ်ပြီးနောက် မင်းသားဗညားနွဲ့၏ ပြန်စာကိုယူကာ ဟံသာဝတီသို့ ပြန်ကြလေသည်။
~~~~~~~~~~~~~~~~~~
" ဘုန်းရှင့် အရီးတော် မဟာဒေဝီအား ကျွန်ုပ် ဆင်ဖြူရှင်မင်းမြတ်၏သားတော်၊ တူတော် ဗညားနွဲ့မှ အရီးတော်ဘုရား၏ ရွှေဖဝါးတော်အောက် လျှောက်ကြားအပ်သည်မှာ -
ကျွန်ုပ်သည် ဒဂုံ၌ ရှိနေသော်လည်း အရီးတော် ပြုစုစောင့်ရှောက်ပေးခဲ့သော ဂုဏ်ကျေးဇူးတို့ကို မမေ့မလျော့ပါ။ ဒဂုံ၍ ရှိနေသော်ငြား ကျွန်ုပ်စိတ်သည် အရီးတော်ထံတွင်သာ ရှိပါတယ်ဘုရား။ ကျွန်ုပ် ဒဂုံရောက်သည့်အခါတွင် ကျွန်ုပ်ကျွန်များနှင့် အရီးကျွန်များ ဝိဝါဒ ကွဲကြရာမှ အချင်းချင်းသတ်ကြ၍ အရီးတော်ကျွန်များ သေခဲ့ကြပါတယ်။ ထိုသို့ အပြစ်ပြုမိ၍ တူတော်မှာ အရီးတော်ထံ ပြန်မလာဝံ့အောင် ရှိပါတယ်ဘုရား။ ဤအပြစ်ကို အရီးတော် အခွင့်လွတ်တော်မူလျှင် ဝါခေါင်လတွင် ကျွန်ုပ်အမိ မွေ့အဲလောကို လွတ်၍ ပြန်ခေါ်ပါ။ ထိုသို့ ပြန်ခေါ်ပါက ကျွန်ုပ်သည် အရေးတော်ရွှေဖဝါးအောက် ဟံသာဝတီသို့အရောက် ပြန်လာခဲ့ပါ့မယ် ဘုရား။ ကျွန်ုပ်သည် ခမည်းတော် ဆင်ဖြူရှင်မင်းမြတ်ကို ပုန်စားခြင်းမပြုသည့်အတွက် သေလွန်ပါက သုဂတိသို့လားရပါစေ။ ခမည်းတော်အား ပုန်စားပါက ဒုက္ခတိသို့သာ လားရပါစေ။ ဒဂုံဆံတော်ရှင်အား တိုင်တည်ပါ၏။ "
မဟာဒေဝီမှာ သမိန်တိဿကုမ္မာဆက်သော မင်းသားဗညားနွဲ့၏ ပြန်စာကိုဖတ်ပြီး ခပ်မဲ့မဲ့ နှုတ်ခမ်းတွန့်ရုံသာ ပြုံးနေသည်။ မဟာဒေဝီ၏ရှေ့တွင် သမိန်တိဿကုမ္မာနှင့် သမိန်မရူးတို့လည်း ရှိကြလေသည်။ မဟာဒေဝီလည်း စာဖတ်၍ ဆုံးလျှင် လက်ထဲရှိ ပေစာရွက်ကို သမိန်မရူးအားပေးလိုက်လည်။ သမိန်မရူးလည်း ယူ၍ ဖတ်ကြည့်သည်။
" ဒီစာကို အပသုန်ရေးတာ မှန်သလော "
" မှန်ပါ ဘုရား "
" သင်းဒဂုံမှာ ဘယ်သို့ ရှိစ"
" အရှင့်တူတော်မှာ ဒဂုံ၌ ပုန်စားဟန်မရှိပါဘုရား။ အရှင့်ကျွန်များနှင့် သူကျွန်များ သတ်ကြသည်ကို မဟာဒေဝီဘုရား အမျက်တော်ရှမည်ကို ကြောက်လန့်နေဟန်ရှိပါတယ် ဘုရား"
သမိန်တိဿကုမ္မာ၏ အဖြေစကားတို့ကိုကြားသော မဟာဒေဝီမှာ အနည်းငယ်ပြုံးနေသည်။ သမိန်မရူးမှာလည်း ငြိမ်၍ နားထောင်နေသည်။ ခန်းဆောင်အပြင်၌ မွေ့ကေသာနှင့် ကျွန်မငယ်များ ခစားနေကြသည်။
" သူ့မယားနှင့် သား မကျန်းမာသည်ဆိုတော့ အပသုန် ဘယ်သို့ ဆိုသလဲ "
" အရှင့်တူတော်ဘုရားက အရှင်မိဖုရားပေးသည့်စာကို ဖတ်ပြီး သခင်မ တလမေဒေါနှင့် ဗောလောကျန်းဒေါတို့ မကျန်းမာသည်ဟုဆိုလျှင် မျက်ရည်စစနှင့် ငိုပါတော့တယ်ဘုရား။ သူ့တွင် ဆိုဖွယ်ကာစကားမရှိ။ စာဖြင့်သာ အလုံးစုံရေးသားလိုက်ပါမည်ဟု ဆိုပါတယ်ဘုရား "
မဟာဒေဝီလည်း ခေါင်းတငြိမ့်ငြိမ့်နှင့် သဘောကျနေသည်။
" မောင်မင်း ကောင်းကောင်းအမှုထမ်းခဲ့တာဘဲ "
" မွေ့ကေသာ "
" အမိန့်ရှိပါဘုရား "
"ဒီမှာ တိဿကုမ္မာကို ဆုချဖို့ ကျက်သရေတိုက်က ပိတ်ကောင်းတအုပ်နဲ့ ရွှေချည်ထိုးလုံချည်တစ်ခု ယူခဲ့စမ်း "
" မှန်ပါဘုရား "
မဟာဒေဝီမှာ အော်၍ အမိန့်ပေးလိုက်သဖြင့် မွေ့ကေသာမှာ ကျက်သရေခန်းသို့ ခပ်သွက်သွက်သွား၍ မဟာဒေဝီမိန့်သည့်အတိုင်း ပိတ်ကောင်းတစ်အုပ်နှင့် ရွှေချည်ထိုးပိုးလုံချည်ကို ယူလာ၍ မဟာဒေဝီအား ဆက်သည်။ မဟာဒေဝီလည်း မွေ့ကေသာပေးသော ပိတ်ကိုယူ၍ သမိန်တိဿကုမ္မာအားပေးလျှင် သမိန်တိဿကုမ္မာက ရိုသေစွာ လက်ခံယူပြီး ရှိခိုးဦးချကာ ပြန်သွားတော့သည်။
" မဘုရား တူတော်က သည်လိုကျတော့လည်း ကျိုးနွံပါ့လား "
" သည်ကောင် စာကိုသာ ကောင်းကောင်းပြန်တာ ဒဂုံမှာ ဘယ်သို့ ကြံနေတာ ငါတို့ မသိရချေဘူး။ သင်းကို လျော့တွက်လို့မရဘူး။ စောင့်ကြည့်နေတဲ့ ကြားကတောင် ပဲခူးကနေ ရအောင်ပြေးသေးတာ။ ခုဒဂုံမှာ သူ့လူချည်းဖြစ်လောက်ပြီ။ သင်းဘေးမှာ ရှင်လူထွက် လောကီဆရာလည်း ရှိနေတော့ ပိုသတိထားရမယ် "
" မှန်ပါ့ဘုရား။ ဒီအတွက် မပူပါနဲ့ဘုရား။ ကျွန်ုပ်လူယုံတွေ ဟံသာဝတီမြို့လေးမျက်နှာမှာ စနည်းနာခိုင်းထားပါတယ်။ သို့ပေမယ့် သူ့စကားက ဝါခေါင်လကျရင် မွေ့အဲလောကို လွတ်ပြီး ခေါ်ကြည့်ပါဦးဘုရား။ စစ်မပြုရဘဲ ပြန်လာတော့ ကောင်းတာပေါ့ အမတော်။ သင်းဒီလိုပြန်လာခဲ့ရင် ဟံသာဝတီရောက်တာနဲ့ စစ်သည်ရဲမက်တွေနဲ့ ဝိုင်းပြီး အသာဖမ်းရုံပဲ "
" အပသုန် ပြန်လာမယ်လို့ မင်းထင်သလား မရူးငယ်။ ငါတော့ မထင်ဘူး "
မဟာဒေဝီစကားကြောင့် သမိန်မရူးလည်း တွေဝေသွားသည်။ မဟာဒေဝီမှာလည်း တစုံတခုကို လေးလေးနက်နက် တွေးတောနေပုံရပြီး အခြားတနေရာသို့ စူးစိုက်ကြည့်နေသည်။ သမိန်မရူးလည်း ကြံရာမရသည့် အခြေအနေ ရောက်နေလေသည်။
မင်းသားဗညားနွဲ့ ဒဂုန်သို့ ပြေးသည့်ကစ၍ သမိန်မရူးနှင့် မဟာဒေဝီတို့ ယခင်ကလောက် နီးနီးကပ်ကပ်မရှိတော့။ ယခင်ကလောက်လည်း သမိန်မရူးက မဟာဒေဝီအဆောင်သို့ နေတိုင်းနနီးပါး မလာနိုင်တော့ချေ။ ဤသို့ သမိန်မရူးနှင့် မဟာဒေဝီတို့ ခြေလှမ်းကျဲသွားသည်မှာ မင်းသားဗညားနွဲ့ အရေးနှင့်ပတ်သက်၍ စိတ်ပူပန်နေကြသောကြောင့် ဖြစ်ရမည်။
မဟာဒေဝီမှာလည်း နန်းဆောင်အတွင်း တဦးထဲရှိနေချိန်များတွင် တူတော်အား ဖမ်းရန် သမိန်မရူးအား နန်းတင်ရန်သာ ကြံစည်နေတတ်သည်။ အိမ်တော်တွင်လည်း ရက္ကန်းသမများ၊ အပ်ချုပ်သမတို့ကို ခေါ်၍ သမိန်မရူးနန်းတက်ရန် ထီးဖြူ၊ မကိုဋ်၊ ပုလဲ သင်တိုင်းတို့ကို စီရင်သည်အထိ ဖြစ်လာလေသည်။ ထိုသို့သော မဟာဒေဝီ၏ ဆောင်ရွက် ချက်အားလုံး အတွင်းသိ အဆင်းသိ သိသူမှာ မွေ့ကေသာပင် ဖြစ်သည်။
" မွေ့ကေသာ...."
မဟာဒေဝီခေါ်လိုက် သော်လည်း အိမ်တော်ပေါ်တွင် မွေ့ကေသာ ရှိမနေ၍ ပြန်ထူးသံ မကြားရပေ။
" ဟဲ့ မွေ့ကေသာ....။ "
" ဘုရား၊ လာပါပြီ အရီးတော်ဘုရား "
မွေ့ကေသာလည်း အိမ်တော်လှေကားမှ မဟာဒေဝီအသံကြားသဖြင့် ကမန်ကတန်း ပြေးတက်လာလေသည်။
" ညည်းနှယ် ခေါ်လိုက်ရတာအေ။ ညည်းအဖေ ဒုန်းဝန်းစား ဖျတ်လတ်သလောက် ညည်းက ညည်းအဖေခြေဖျားတောင် မမှီပါဘူး။ နှေးလိုက်တာ လွန်ရော "
မွေ့ကေသာ မဟာဒေဝီရှေ့တော်သို့ အရောက်တွင် မဟာဒေဝီက မဲ့ကာရွဲ့ကာဖြင့် မြည်တွန်တောက်တီးနေသည့်အတွက် မျက်နှာငယ်ဖြင့် ကြောက်ရွံ့နေသည်။ သို့သော် စိတ်အတွင်းတွင်ကား မဟာဒေဝီ၏ ကောက်ကျစ် ယုတ်မာမှုတို့ကို အသိဆုံးဖြစ်၍ မဟာဒေဝီအား ရွံ့လည်းရွံ့သည်။ မုန်းလည်း မုန်းသည်။ မွေ့ကေသာ အမြင်တွင် မဟာဒေဝီသည် စုန်းမကြီး တယောက်အလား အမြဲယူဆနေသည်။
" သွား ညည်းသခင် သမိန်မရူး ငါ့ဆီမလာတာကြာပြီ။ သွားခေါ်ချေစမ်း "
" မှန်ပါ့ဘုရား "
မွေ့ကေသာလည်း ချက်ချင်းပင် မဟာဒေဝီကိုရှိခိုး၍ သမိန်မရူးကို ခေါ်ရန် အိမ်တော်ပေါ်မှ ဆင်းခဲ့သည်။
" သင်းက စုန်းမကြီး။ တူအရင်းကိုထားပြီး လင်ငယ်ကို ဘုရင်မြောက်ချင်တဲ့ စုန်းမကြီး။ စိတ်ဓာတ်ကလည်း ကောက်တန်းကျလိုက်တာ လွန်ပါရော။ စိတ်ကလည်း ပုပ်လိုက်တာမှ အနံသာထွက်တဲ့အမျိုးဆိုရင် နန်းတော်တခုလုံး အနံ့တောင် ခံနိုင်မှာ မဟုတ်ဘူး။ "
" ဟဲ့ မွေ့ကေသာ ဘာတွေပြောနေသလဲ "
ရုတ်တရက် အိမ်တော်ဝန်းအပြင်တွင် သမိန်မရူးအသံကြားလိုက်၍ နှုတ်မှ မဟာဒေဝီအကြောင်း တတွတ်တွတ်ပြောလာသော မွေ့ကေသာမှာ လန့်ဖျန်သွားပြီး မျက်နှာများပင် နီရဲ၍ ခြေလက်တို့ တုန်သွားသည်အထိ လန့်သွားသည်။ ရှေ့သို့ မဝံ့မရဲကြည့်လိုက်ရာ နှုတ်ခမ်းမွှေးစစနှင့် မျက်နှာသွယ်သွယ်တွင် မျက်မှောင်ကျုံ့လျက် မျက်နှာထားခပ်တင်းတင်းနှင့် လက်ထဲတွင်လည်း ဆောင်နေကျ ဓားကို ကိုင်ထားသော သမိန်မရူးကို တွေ့လိုက်ရသည်။
" အဲ... ဟို....ဟို....
အရှင့်ကို အရီးတော်ဘုရား အခေါ်ခိုင်းလိုက်ပါတယ်ဘုရာ "
" အေး....ငါလည်း မဘုရားဆီ သွားလို့ "
" မှန်ပါ့"
" မှန်ပါ့ လုပ်မနေနဲ့။ လမ်းရှေ့ကဖယ်လေ "
" အဲ.... "
ရုတ်တရက်တွေ့လိုက်သည်ဖြစ်၍ မွေ့ကေသာမှာ သမိန်မရူးရှေ့တွင် လမ်းကိုပိတ်ရပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် သမိန်မရူး ငေါက်လိုက်မှ လမ်းဘေးသို့ ကမန်းကတမ်းရှောင်ပေးလိုက်သည်။
" အော်.. သည်ကောင်မလေးနှယ်။ "
သမိန်မရူးသည် ငေါက်ငမ်းလျက် မွေ့ကေသာကို ကျော်တက်သွားသည့်အခါမှ မွေ့ကေသာလည်း သက်ပြင်းချနိုင်တော့သည်။
" ဟင်း......ဘုရား...ဘုရား....
တော်သေးတာပေါ့။ ဘီလူးလိုကောင် ဘာမှမကြားလို့ "
မွေ့ကေသာလည်း ရင်ဘတ်ကို လက်တဖက်နှင့်ဖိကာ စိတ်အတွင်းမှ ငြီးတွားရင်း သမိန်မရူးသွားသည့်နောက် သို့ ပြန်လိုက်လာခဲ့လေတော့သည်။
သမိန်မရူး မဟာဒေဝီ၏ အိမ်တော်ပေါ်သို့ ရောက်သောအခါ မဟာဒေဝီမှာ ခန်းဆောင်အတွင်း ရှိနေ၍ သမိန်မရူးလည်း ခန်းဆောင်အတွင်းသို့ ဝင်သွားပြီး မဟာဒေဝီ၏ ရှေ့နားတွင်ကပ်ကာ ဝင်၍ထိုင်သည်။ မွေ့ကေသာမှာလည်း မဟာဒေဝီ အမိန့်ရှိလျှင် အသင့်ရှိနေစေရန် ခန်းဆောင်ရှေ့နားအထိ လိုက်လာ၍ ဒူးထောက်ကာ ခစားနေလေသည်။ အခန်းအတွင်းရှိ မဟာဒေဝီနှင့် သမိန်မရူးတို့ စကားသံကိုလည်း မွေ့ကေသာ သဲ့သဲ့ကြားနေရသည်။
" မဘုရား၊ ကျုပ်ကို အခေါ်တော်ရှိတယ်ဆို "
" အင်း မင်းနဲ့ တိုင်ပင်စရာရှိလို့ "
" ဘဇာများလဲ အမတော် "
" တခြားတော့ မဟုတ်ဘူး။ အပသုန်အကြောင်းဘဲ။ အပသုန် ပဲခူးကထွက်တော့ သူ့ကျွန် ရှင်လူထွက်က အခါပေးတာဖြစ်နိုင်တယ်။ ဒါကို သူ့မယား၊ ငါ့တူမတော် မသိတာဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့ပေမယ့် သူ့အထိန်းတော် အဒေါ့ကုန်း၊ သူနဲ့တချိန်လုံးရှိနေတာ မသိမှာမဟုတ်ဘူး။ "
သမိန်မရူးလည်း မဟာဒေဝီစကားကို သေချာနားထောင်ရင်း မင်းသားဗညားနွဲ့ ဒဂုံမှ ပြေးသည့် အကြောင်းကို လေးလေးနက် စည်းစားနေသည်။
" မှန်တယ် အမတော်။ သည်တော့ ကျုပ်တို့......."
သမိန်မရူးစကားကို မဟာဒေဝီလည်း ခေါင်းငြိမ့်ကာ ထောက်ခံသည်။
" ဒါဆို ဒီညနေ ချက်ချင်းလုပ်နိုင်အောင် ကြံလိုက်ပါ့မယ် အမတော် "
" အေး....ကောင်းတယ်။ မြန်လေကောင်းလေဘဲ။ သည်ညနေ ငါကိုယ်တိုင် တလမေဒေါအိမ် လိုက်ခဲ့မယ် "
မဟာဒေဝီတို့ အကြံအစည်ကို အခန်းပြင်ရှိ မွေ့ကေသာမှာ ကောင်းကောင်း ကြားသိသွားလေတော့သည်။
" ဘုရား....ဘုရား....အားလုံးဒုက္ခရောက်တော့မှာပါ့လား။ သည်လိုဆိုမဖြစ်ချေဘူး။ ဒီကိစ္စကို သခင်မ တလမေဒေါသိအောင် ငါကြံမှဖြစ်မယ် "
" မွေ့ကေသာ "
" ဘုရား"
စိတ်အတွင်းတွေးတောနေရင်း မွေ့ကေသာဟူသော မဟာဒေဝီ၏ အမိန့်သံအဆုံးတွင် အကျင့်ပါနေသော မသိစိတ်က ဘုရားဟု အလိုလို ထူးမိပြီးသားဖြစ်နေသည်။
"ဒီညနေ ငါ တလမေဒေါအိမ် ကြွမယ်။ ပြင်ဆင်စရာရှိတာ အသင့်ပြင်ထားချေ "
" မှန်ပါဘုရား "
မဟာဒေဝီအမိန်ကို မလွန်ဆန်သာ၍ လုပ်ဆောင်နေရသော်လည်း မွေ့ကေသာမှာ စိတ်မပါလှ။ စိတ်များလေးနေပြီး၊ တခုခုဖြစ်တော့မည်ဟု မသိစိတ်က စိုးရိမ်နေသည်။ မလုပ်၍ မရသည့်အတွက် မဟာဒေဝီ အပြင်သွားနိုင်ရန် မျက်နှာနှင့် ခြေလက်တို့လိမ်းရန် နံ့သာသွေးခြင်း၊ ပန်ဆင်ဖို့ရန် ပန်းအသင့်ပြင်ခြင်း၊ ဝတ်လဲတော် ပြင်ခြင်း၊ ဝေါတော်အတွင်း ပန်းပေါင်းဆီ၊ အမွှေးဆီ များပက်ဖြန်းထားခြင်း၊ ခြုံရန်အတွက် ဝတ်လဲတော်နှင့်လိုက်မည့် ပုဝါ၊ ကိုင်ဆောင်ရန် ဒေါင်းမြီးယပ်တို့ကို ပြင်ဆင်ထားရခြင်း ဖြစ်သည်။ ထိုသို့ ပြင်ဆင်ရသည့်တိုင် စိတ်မပါလှ။ မိမိသိထားသော သတင်းစကားကို သခင်မတလမေဒေါအား သိပေးရန် စိတ်စောနေတော့သည်။
အပိုင်း ၄၁ ဆက်ရန်
#ရဲဘုန်းသွင်
Telegram မှာလည်း စာဖတ်လို့ ရပါပြီဗျ။
https://t.me/yebhonethwin
#ဗညားနွဲ့ #သမိန်မရူး
#မဟာဒေဝီ #သမိန်တိဿကုမ္မာ
#အပိုင်း၄၀
#ဟံသာဝတီနေထွက်ချိန်
#TheSunriseofHANTHARWADY
Keep Reading