Author's Profile Photo

အောင်သင်း

20/09/2024

စာရေးဆရာများ လက်ခမောင်းခတ်ကြလော့

3 mins read
Education
General Knowledge
Art
စာရေးဆရာများ လက်ခမောင်းခတ်ကြလော့'s photo

၂၇-၁၁-၂၀၀၆ နေ့ထုတ် “လျှပ်တစ်ပြက်သတင်းဂျာနယ်” (အတွဲ ၁၊ အမှတ် ၁)တွင် စာရေးဆရာများနှင့် စာသမားများ လက်ခမောင်းခတ်လောက်သည့် သတင်းတစ်ပုဒ်ပါလာသည်။ အမျိုးသားစာကြည့်တိုက်ကိစ္စနှင့် ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်က နေပြည်တော်တွင် စာကြည့်တိုက်တစ်ခုထားရှိမည့်ပြင် ရန်ကုန်၌လည်း အဆင့်မြင့်အမျိုးသားစာကြည့်တိုက်တစ်ခု ထားရှိသွားမည်ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားသွားကြောင်း သတင်းပါလာပါသည်။ 

“အမျိုးသားစာကြည့်တိုက်” ဟူသော ဝေါဟာရနှင့်အညီ တစ်မျိုးသားလုံး၏ လူငယ်လူရွယ်လူကြီးအားလုံးတို့၏ တိုးတက်မှုအတွက် စာကြည့်တိုက်သည် ကြီးမားသော ကဏ္ဍတစ်ခုကို ဆောင်ရွက်ပေးနိုင်ပါသည်။ ကျွန်တော်တို့ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားစာပေ၊ အမျိုးသားစိတ်ဓာတ်စသည်တို့ကို နိုးနိုးကြားကြားဖြစ်လာအောင် ဦးဦးဖျားဖျား လှုံ့ဆော်ပေးသူတို့ကို စာရင်းချကြည့်လိုက်လျှင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မှော်ဘီဆရာသိန်းကြီး၊ ဆရာဇေယျ စသူတို့ကို တွေ့ရမည် ဖြစ်ပါသည်။ သူတို့ ကျက်စားပျော်မွေ့ရာကို စူးစမ်းကြည့်လိုက်လျှင် ဗားနဒ်၊ ကင်း၀န်မင်းကြီး စာကြည့်တိုက်များကို တွေ့ရမည် ဖြစ်ပါသည်။ ထိုထိုသော စာရေးဆရာကြီးများ
ပေါ်ပေါက်ခဲ့ရသည်။ ထိုထိုသော စာကြည့်တိုက်များကြောင့်ပင် အမျိုးသားစိတ်၊ အမျိုးသားစာပေများ ထွန်းကားလာခဲ့ရသည်။

အင်္ဂလိပ်လူမျိုးနှင့်ပတ်သက်၍ ပြောချင်ပါသေးသည်။ ကိုယ့်ထီးကိုယ့်နန်းကို ပျက်သုဉ်းစေလျက် ကိုယ့်ရေကိုယ့်မြေပေါ်တွင်လာပြီး ကိုယ့်လူမျိုးကို ကျွန်ပြုခဲ့သည့် အင်္ဂလိပ်လူမျိုးကို အဘယ်မှာလျှင် ကျွန်တော် ချစ်နိုင်ပါမည်နည်း။ ဒီကြားထဲတွင် ကျွန်တော့်ဖခင်က တို့ဗမာအစည်းအရုံးဥက္ကဋ္ဌ။ ကျွန်တော်တို့အိမ်က တောင်တွင်းကြီး တို့ဗမာအစည်းအရုံး တည်နေရာ ဖြစ်လေတော့ မျိုးချစ်စိတ်တစ်ခွဲသားနှင့် နယ်ချဲ့အင်္ဂလိပ်ကို မုန်းတီးဆန့်ကျင်ခဲ့သည်ပေါ့။

သို့သော် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ စာပေလေ့လာမှုလည်း ဝါရင့်ကျယ်ပြန့်လာလေတော့ အင်္ဂလိပ်လူမျိုးကို ဓမ္မဓိဋ္ဌာန်ကျကျကြည့်ပြီး သူတို့လုပ်ပုံကိုင်ပုံကို အားကျလေးစားခြင်းဖြစ်မိသည်။

ဆာ ချားလ်စ်အက်ဒဝပ်ဗားနဒ်သည် အောက်မြန်မာနိုင်ငံ၏ မဟာဝန်ရှင်တော်မင်းကြီးအဖြစ် အမှုထမ်းဆောင်နေစဉ် ၁၈၈၃ ခုနှစ်မှာပင် အခမဲ့စာကြည့်တိုက်ကို တည်ထောင်ခဲ့သည်။ ၁၈၈၅ အထက်မြန်မာပြည်ကို သိမ်းပြီးသောအခါတွင်လည်း ပေစာ၊ ပုရပိုဒ်စာမှစ၍ စာအုပ်စာတမ်းများကို အလှူခံ၍လည်းကောင်း၊ ဝယ်ယူ၍လည်းကောင်း မွမ်းမံဖြည့်ဆည်းခဲ့သည်။

အင်္ဂလန်စသည့် တိုင်းတစ်ပါးများသို့ ကျွန်တော် မရောက်ဖူးပါ။ သို့သော် (သွားလေသူ) တက္ကသိုလ်မင်းမော် စသော အပေါင်းအသင်းများက အင်္ဂလန်ရှိ စာကြည့်တိုက်များ၊ စာကြည့်တိုက်မှူးများ၏ လုပ်ပုံကိုင်ပုံများအကြောင်းကို အားကျခုံမင်စွာ ပြောပြတတ်ပါသည်။

သူတို့အပြောအရ လန်ဒန်မြို့၏ လမ်းမကြီးများကိုမဆိုထားနှင့် ရိပ်သာလမ်းသွယ် ခပ်ကြီးကြီးဆိုလျှင် စာကြည့်တိုက်တစ်ခုရှိတော့သည်သာဖြစ်၏။ စာကြည့်တိုက်ကြီးများနှင့် ဗဟိုစာကြည့်တိုက်ကြီးများလောက်တော့ စာအုပ်စာတမ်း မစုံလင်နိုင်ကြပေဘူးပေါ့။ သို့သော် သူတို့ဆီမှာမရှိလျှင် ဗဟိုစာကြည့်တိုက်မှ ခေတ္တငှားယူပြီး စာဖတ်သူကို ငှားသည်။ ကိုယ်ကလိပ်စာကို ပေးထားခဲ့ရသည်။ ၂ ရက်လောက်ရှိတော့ စာကြည့်တိုက်မှ မိမိဖတ်လိုသောစာအုပ် ရောက်လာပြီဖြစ်ကြောင်း အကြောင်းကြားသည်။ ဤမျှထိ ဂရုစိုက်ကြသည်။

တက္ကသိုလ်စာကြည့်တိုက်တွေကတော့ ပြောစရာမလိုတော့ပြီ။ အရေးကြီးသော သုတေသနလုပ်ငန်းအတွက် လိုအပ်သည်ဆိုပါလျှင် အမေရိကတက္ကသိုလ်စာကြည့်တိုက်က စာအုပ်ကိုပင် ခေတ္တငှားပေးလိုက်သေးသည်။ ထိုစဉ်က ယခုကဲ့သို့ မိတ္တူကူးစက်တွေက မပေါ်သေး။

မိတ္တူကူးစက်အကြောင်းကို စကားစပ်လိုက်သောကြောင့် သတိရမိတာလေးကို ပြောလိုက်ရဦးမည်။ ယခုခေတ် ဝတ္ထုဆိုတာမျိုးတွေ ခေတ်မစားမီက ပြဇာတ်ဆန်း၊ ဝတ္ထုဆန်း ဆိုတာတွေ မြန်မာစာပေလောကတွင် ပေါ်ပေါက်ခဲ့ဖူးသေးသည်။ ထိုဝတ္ထုဆန်း၊ ပြဇာတ်ဆန်းဆိုတာတွေ ကျွန်တော်တို့ဆီမှာ မရှိတော့ပြီ။ သို့သော် အင်္ဂလန်ပြတိုက်၊ စာကြည့်တိုက်တို့တွင်တော့ဖြင့် ထိန်းသိမ်းထားသောကြောင့် ရှိနေသေးသည်။ ကျွန်တော်တို့ တက္ကသိုလ်များ စာကြည့်တိုက်က ထိုစာအုပ်များကို (မိတ္တူကူးစက် မပေါ်သေး၍၊ ဓာတ်ပုံရိုက် ဖလင်ကူးပြီး ယူရသည်။ ဓာတ်ပုံဖလင်ပြစက်နှင့် ဖတ်ကြရသည်။

ကျွန်တော့်မိတ်ဆွေ ဆရာမတစ်ယောက်က ထိုခေတ်မြန်မာစာပေသမိုင်းကို မဟာဝိဇ္ဇာကျမ်းပြုရာတွင် ထိုဖလင်တွေကို မျက်စိမှုန် ခါးကုန်းခမန်း ဖတ်ခဲ့ရသည်ကို သတိရနေပါသေးသည်။

လွတ်လပ်ရေးရပြီးစတွင်ပင် အင်္ဂလန်ပြတိုက်ရှိ “သီဟာသနပလ္လင်” ကို မြန်မာနိုင်ငံတော်အစိုးရထံ ပြန်ပေးသည်။ မြန်မာလူမျိုး အတော်များများက အင်္ဂလိပ်ကို မယုံကြ။ ထို့ကြောင့် ‘သီဟာသနပလ္လင်' ကို အတုပဲ၊ အစစ်ပဲ စသည်ဖြင့် ပြောကြဆိုကြသည်။

သည်တုန်းက ဦးနုက ဝန်ကြီးချုပ်၊ ပြည်ထဲရေးက ဦးကျော်ငြိမ်း၊ ကာကွယ်ရေး ဦးဗဆွေ စသည်တို့ဖြစ်ကြသည်။ ဗမာ့ခေတ်ဦးအုန်းခင်က သူတို့နှင့် ပြောမနာဆိုမနာ လုပ်ဖော်ကိုင်ဖက်တွေ။ ဒီတော့ ဗမာ့ခေတ်သတင်းစာတွင် ရေးလိုက်ပုံက “သီဟာသနပလ္လင် စစ် မစစ်သိချင်ရင် အလွန် လွယ်ပါတယ်ခင်ဗျာ။ ဖဆပလဝန်ကြီးတွေကို တစ်ယောက်တစ်လှည့် ပလ္လင်ပေါ်ကို တက်ထိုင်ပါစေ။ ဝမ်းစိမ်းတွေ လျှောလာရင် အစစ်ပဲသာမှတ်ပါတော့” ဆိုကိုး။ ကျွန်တော့်မှာ ပြန်တွေးမိတိုင်း ပြုံးမိပါသည်။

ကျွန်တော်၏ စကားကို ပြန်ချုပ်ရလျှင် အင်္ဂလိပ်လူမျိုးနှင့်အစိုးရကို မြန်မာတစ်ယောက်အနေနှင့် ခံပြင်းမိခြင်းဖြစ်ခဲ့ပါသည်။ သို့သော် သူတို့၏ ထိန်းသိမ်းတတ်မှု၊ စူးစမ်းလေ့လာတတ်မှုကိုတော့ဖြင့် လေးစားအားကျမိခြင်း အကြိမ်ကြိမ်ဖြစ်မိပါသည်။

ယခု ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးကိုယ်တိုင်က ရန်ကုန်မြို့တွင်လည်း အဆင့်မြင့်စာကြည့်တိုက်ကြီးတစ်ခု ထားမည်ဟု ကတိစကား ပြောကြားလိုက်သောအခါ အားတက် လက်ခမောင်းခတ်ချင်စိတ် ပေါ်မိပါသည်။
ယခုအခါ မိတ္တူကူးစက်တွေလည်း ပေါ်လာခဲ့ပြီ။ ကွန်ပျူတာတွေကလည်း အဆင့်တွေမြင့်မြင့်လာလိုက်သည်မှာ ပိဋကတ် မြန်မာပြန်အားလုံးကို CD သုံးချပ်နှင့် ဖတ်နိုင်ပြီ။ အသံပါ နားထောင်နိုင်ပြီ။ အဆင့်မြင့်စာကြည့်တိုက်ကြီးတွင် ဝန်ထမ်းတွေက ဝတ်စုံတလွင်လွင်နှင့် စာဖတ်သူများအား ကူညီရှာဖွေပံ့ပိုးပေးနေသည်ကိုလည်း မြင်ယောင်နေမိပါသည်။

၁၉-၁၁-၂၀၀၆
ချယ်ရီမဂ္ဂဇင်း
အမှတ် ၁၄၁၊ ဖေဖော်ဝါရီ၊ ၂၀၀၇

#အောင်သင်း

Keep Reading

မမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာအရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)Finance Vs Accountingပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့