ဆွေ (မန္တလေး)
ဘယ်အချိန်မှာ ပြောင်းလဲကြသလဲဆိုသည့် အချက်ကို အရင်မဆွေးနွေးခင် ဘယ်အချိန်မှာ မပြောင်းလဲကြဘူးလဲဆိုသည့် အချက်ကို အရင်ဆွေးနွေးချင်ပါသည်။
အရက်စွဲနေသူတော်တော်များများနှင့် ကျွန်မတို့ ပတ်ဝန်းကျင်မှာ တွေ့ဖူးကြပါလိမ့်မည်။ တချို့က အရက်ဖြတ်လိုက်နိုင်သည့် သူတွေရှိသည်။ တချို့က ဆရာဝန် တားမြစ်လို့ သောက်လို့မရတော့သည့် သူမျိုးတွေရှိမည်။ တချို့က ဆရာဝန် တားမြစ်သည့်တိုင် ဆက်သောက်နေကြသည့်သူတွေ သို့တည်းမဟုတ် ခိုးသောက်ကြသည့် သူတွေ တွေ့ဖူးကြလိမ့်မည်။ တချို့ကျ မိသားစုဝင်တွေ ကိုယ်တိုင် အရက်သောက်လို့မရအောင် ထိုးသည့်ဆေး အထိုးခံထားရပြီး တားမြစ်ခံရသူတွေလည်း တွေ့လိမ့်မည်။
နောက်ဆုံး အသက်သေဆုံးသွားသည်ထိ မပြောင်းလဲနိုင်သူတွေကိုလည်း ကြားဖူးပေလိမ့်မည်။ ထို့အတူ အသက်တိုတော့မည်ကို သိသည့်အချိန်မှ အကြောက်တရားဖြင့် ပြောင်းလဲသည့်သူ သို့မဟုတ် အသက်တိုတော့မည်ကို သိကြသည့်တိုင် မပြောင်းလဲနိုင်သူများကို တွေ့ကြလိမ့်မည်။ ဒီအခြေနေကိုကြည့်ခြင်းအားဖြင့် လူတွေသည် အသက်အန္တရာယ်ကို သိလာကြသည့်အချိန်မှာ ပြောင်းလဲကြတယ်လို့ ဆိုနိုင်သလို အသက်အန္တရာယ်ကို သိသည့်တိုင် မပြောင်းလဲနိုင်ကြသူများလည်း ရှိသည်ကို မြင်ရလိမ့်မည်။
ဆေးလိပ်သောက်သူများလည်း ထို့နည်းတူပင်ဖြစ်၍ နောက်အခြေနေတစ်မျိုးဖြင့် ဆွေးနွေးချင်ပါသေးသည်။ လူမှုရေးဖောက်ပြားမှုဟူသည် အိမ်ထောင်ရေးဖောက်ပြန်မှု တစ်ခုတည်း အပါအဝင် မဟုတ်ပါ။ လူမှုဆက်ဆံရေးနှင့် ပက်သက်သမျှ ပြုလုပ်သင့် သို့မဟုတ် မပြုလုပ်သင့်သည့် အပြုမူတိုင်းပါဝင်ပါသည်။
'လူမှုရေးဖောက်ပြားမှု တစ်ခါပြုလုပ်သူသည် နောက်တစ်ခါလည်း လူမှုရေးဖောက်ပြားမှု ကျူးလွန်ဖို့ အလွန်လွယ်ပါသည်။'
တဲ့ ဤအဆိုသာ အမှန်ဆိုလျှင် ထိုသူသည် ပြောင်းလဲဖို့ မဖြစ်နိုင်လော။ ထိုသို့ လူမှုရေးဖောက်ပြန်မှု ကျူးလွန်သူတို့ ပြောင်းလဲဖို့ရာ အသက်အန္တရာယ်ရှိနိုင်ချေမရှိ။ အရှက်သိက္ခာ နှင့် ဆင်ခြင်တုံတရားသာ ရှိဖို့ရန် လိုသည်။ မျက်နှာပြောင်တိုက်ဖို့ ရှက်မှသာ သူပြောင်းလဲဖို့ ဖြစ်နိုင်သည်ပေါ့။
ထို့နည်းတူ အများအားဖြင့် အမျိုးသမီးတော်တော်များများကြုံဖူးကြမည့် အဖြစ်ပျက်လေးတစ်ခုနှင့်လည်း ဆိုချင်ပါသေးသည်။ အမျိုးသမီးများ ငယ်စဉ်အရွယ်က သဘောကျတတ်ကြသည်မှာ ခပ်ဆိုးဆိုး ခပ်တေတေ ကောင်လေးများပင်ဖြစ်သည်။ ပြီးနောက် သူတို့ဆိုးတေနေတာများကို လိမ္မာအောင် ပြောင်းလဲအောင် စိတ်ရှည်လက်ရှည် သူတို့၏ ချစ်ခြင်းမေတ္တာများဖြင့် ပြုပြင်ပေးတတ်ကြသည်။ လူတစ်ယောက်ကို ပြောင်းလဲဖို့ ကျွန်မတို့ ကိုယ်စီအတွေ့ကြုံနှင့် ကြိုးစားဖူးခဲ့ကြလိမ့်မယ်။
ပြောင်းလဲနိုင်ခဲ့သည့် အမျိုးသမီးများလည်းရှိသည်။ သို့သော် ရာခိုင်နှုန်းနည်းပါသညိ။ နောက်ဆုံးချစ်သူဘဝတွင် မပြောင်းလဲနိုင်ခဲ့လျှင်တောင် လက်ထပ်ပြီးရင် ပြောင်းလဲသွားမှာပါ ဆိုသည့် မျှော်လင့်ချက်ကလေးနှင့် အိမ်ထောင်ဖက်အနေဖြင့် ရွေးချယ်ခဲ့ကြသည်။ ပြောင်းလဲနိုင်ခဲ့သည့် လူဦးရေ ရာခိုင်နှုန်း အရမ်းနည်းပါ၏။ မပြောင်းလဲတော့သည့်အဆုံး အိမ်ထောင်သည်ဘဝကို စွန့်လွှတ်ပြီးမှ တစ်ကိုယ်တည်းဖြတ်သန်းနေကြသည့် အမျိုးသမီးများလည်း ဒုနဲ့ဒေးပင်။ လူတစ်ယောက်ပြောင်းလဲဖို့ အခြားလူတစ်ယောက်ရဲ့ တည်ရှိမှုကလည်း မလုံလောက်ဘူးပေါ့။ ဒါဆိုရင် လူတစ်ယောက်ပြောင်းလဲဖို့ ဘာတွေလိုအပ်မှာပါလိမ့်။
'အကြောက်တရား' တချို့လူတွေအတွက် အလုပ်ဖြစ်ပေမဲ့ တချို့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။ 'အရှက်တရား'လည်း ထို့နည်းတူပင်။ ကိုယ့်ကိုယ်ချစ်တဲ့သူနဲ့ဆိုရင်လည်း အမြင်မှန်ရလျှင် ဖြစ်နိုင်ပေမဲ့ ရာခိုင်နှုန်းသည်။ ပြောင်းလဲခဲ့တဲ့ သူတွေကိုလည်း ကြည့်ကြအုန်းစို့။
အရက်ဖြတ်ခဲ့သည့် လူနှစ်ယောက်ကို မေးကြည့်ခဲ့သည် ဘာကြောင့်အရက်ဖြတ်ခဲ့သလဲ ဆရာဝန်ကြောင့်လားဟုမေးသောအခါ အရက်သမားဟု ခေါင်းစဉ်တပ်အထင်သေးခံရမည်ကို ရှက်သည်ဟုဆို၏။ ဆရာဝန်ကြောင့်လည်း မဟုတ် အကြောက်တရားလည်း မဟုတ်။ ကိုယ့်ကိုယ် ဒီလိုအခေါ်ခံရမည်စိုး၍ ပြောင်းလဲခဲ့သည်တဲ့ အဲ့သည်လိုပင် နောက်တစ်ယောက်ကိုလည်းမေးမြန်းရာ အရက်သောက်သည့်သူ စကားထက် သာမာန်စကားကပိုအလေးသာသည်တဲ့ သူ၏အလုပ်သည် စကားပြော၍ လုပ်နေရသောအလုပ်ဖြစ်သောကြောင့် စကားပြောထိန်းသိမ်းရာတွင် အရမ်းအရေးပါသည်လေ။ ထိုသူသည်လည်း ကိုယ့်စကားကို အရေးပါအရာရောက်စေချင်သည်။ ကိုယ့်ကိုယ်အထင်သေးသည်ကို မလိုလား၍ ဖြတ်ခဲ့သည်ဟု ဆို၏။ ထိုသူတို့ ပြောင်းလဲကြသည်မှာ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ စိတ်ကြောင့်ပင်ဟု နားလည်လိုက်ပါသည်။
လူမှုရေးဖောက်ပြားသူများအပါအဝင် ပြောင်းလဲဖို့ လိုအပ်နေသူများသည် တန်ပြန်ပြောချင်ပါလိမ့်မည်။ 'ငါလုပ်နေတဲ့လုပ်ရပ်သည် ချစ်လို့လုပ်နေတာ လုပ်ချင်လို့ လုပ်နေတာ' ဟုဆိုလျှင် ချောင်းဆိုးနေသော ကလေးတစ်ယောက်ကို ချိုချဉ်တွေဆက်တိုက်ကျွေးနေသလို ကိုယ့်ကိုယ်ကိုယ် ချစ်တာမဟုတ် နှစ်တာကော မဖြစ်နိုင်ပေဘူးလော။
လူတစ်ယောက်ပြောင်းလဲဖို့ရာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တဲ့ ချစ်စိတ်ကလေးသာ လိုအပ်မည်ဆိုလျှင် လူတစ်ယောက်သည် သူ့ကိုယ်သူ ချစ်တတ်သည့်အချိန် ပြောင်းလဲပါလိမ့်မည်။
၅၊ စက်တင်ဘာလ၊ ၂၀၂၄။
ည ၉:၂၃။
ဆွေ (မန္တလေး)
Keep Reading