Author's Profile Photo

Han Thar

28/08/2024

တန်ဖိုးကြီးသော အခမဲ့ လက်ဆောင်

2 mins read
တန်ဖိုးကြီးသော အခမဲ့ လက်ဆောင်'s photo

တန်ဖိုးကြီး အခမဲ့ လက်ဆောင်ဆိုတာဟာ လူသားတိုင်း
ပိုင်ဆိုင်တဲ့ အပြုံးကို ပြောတာဖြစ်ပါတယ်။ အပြုံး ရှိတဲ့
သူဟာ လူချစ်လူခင်ပေါ များပါတယ်။ တဖက်လူက အမြင်မကြည် ‌ဖြစ်နေတာတို့ ကိုယ့်ကို မကြိုက်တာတို့‌ဖြစ်နေပါသလား ကိုယ်က စ ပြုံးပြလိုက်ပါ။ အပြုံးဟာ ကမ္ဘာပေါ်မှာ
အကြီးမားဆုံး ငြိမ်းချမ်းရေး လက်နက် ဖြစ်ပါတယ်။
လူကြီးမင်းတို့ကို ကျနော်ဖတ်ဖူးတဲ့ ဆောင်းပါး လေး
မျှဝေပါရစေဗျာ။


တစ်ခါက အာရေးဗီးယား ဒေသမှာ စူလတန်ဘုရင်ကြီးတစ်ပါးရှိပါသတဲ့..။ ဘုရင်ကြီး ဘယ်ကိုပဲသွားသွား ပညာရှိကြီးတစ်ယောက်ကို အမြဲပဲ ခေါ်ဆောင်သွားလေ့ရှိတယ်။ ပညာရှိကြီးရဲ့ အမည်ကတော့ “ဟွန်ဂျာ” လို့ ခေါ်ပါသတဲ့။တစ်နေ့တော့ ဘုရင်ကြီးဟာ အင်မတန်ဝေးလံသီခေါင်တဲ့ ဒေသတစ်ခုကို ခရီးထွက်ဖို့ ဖြစ်လာတယ်။ အဲဒါကြောင့်လည်း သူဟာ ခါတိုင်းလိုပဲ ပညာရှိကြီး ဟွန်ဂျာကို ခေါ်ဆောင်ပြီး ကိုယ်ရံ တော် အလုပ်အကျွေးတွေနဲ့တကွ ခရီးထွက်ခဲ့တယ်။ဘုရင်ကြီးနဲ့တကွသော အလုပ်အကျွေးတွေဟာ အင်မတန်ကြမ်းတမ်းလှတဲ့ သဲကန္တာရအထပ်ထပ်ကို ဖြတ်ကျော် ခရီးနှင်လာခဲ့ကြတယ်။အဲဒီလိုနဲ့ တစ်နေရာအရောက်မှာတော့ သူတို့မြင်ကွင်းတဆုံး တစ်နေရာမှာ မြို့ငယ်လေးတစ် မြို့ကို မြင်တွေ့လာကြရတယ်။ အဲဒီလို မြို့ကလေးကို မြင်တွေ့တဲ့အခါ ဘုရင်ကြီးက ဟွန်ဂျာကို ဒီလိုပြောတယ်”ဟွန်ဂျာ.. မင်းဟာ ဉာဏ် ပညာကြီးမားတဲ့အတွက် ငါကိုယ်တော်ပိုင်တဲ့ တိုင်းနိုင်ငံတဝှမ်းမှာ မောင်မင်းအမည်နာမကို မကြားဖူးသူမရှိပေဘူး။ အဲသည်လိုပဲ ငါကိုယ်တော်ဟာလည်း တရားစောင့်သော မင်းကောင်းမင်းမြတ်အဖြစ် လူတကာ သိကြတာချည်းပဲ။ ခုကိုယ်တော်တို့ မြင်နေရတဲ့မြို့ကျတော့ အရမ်းခေါင်နေတော့ ငါကိုယ်တော်ကိုရော၊ မောင်မင်းကိုပါ မြင်ဖူး တွေ့ဖူးသူ ရှားလိမ့်မယ်။ အဲဒီလိုမြို့ထဲကလူတွေ နှုတ်ဆက်တဲ့လူဟာ တော်တော်လူသိများတဲ့လူလို့ ပြောနိုင်တယ်မောင်မင်း။ ခုနေများ နောက်လိုက်နောက်ပါတွေကို ချန်ထားရစ်ပြီး မောင်မင်းနဲ့ ငါကိုယ်တော် နှစ်ယောက်တည်း မြို့ထဲကို ဝင်သွားရင် ဘယ်သူ့ကို လူတွေက ပိုပြီး နှုတ်ဆက်ပြုံးပြကြမယ်ထင်သလဲ”ဘုရင်ကြီးရဲ့ စကားကို ကြားတဲ့အခါ ဟွန်ဂျာက တခဏမျှ စဉ်းစားတွေးတောတယ်။ အဲဒီနောက်တော့ သူဟာ ဂုဏ်ယူလှတဲ့အပြုံးနဲ့ ဒီလိုပြန်ပြောပြန်တယ် “အရှင်မင်းကြီး လူတွေဟာ ကျွန်တော်မျိုးကိုသာ ပိုပြီး ပြုံးပြ နှုတ်ဆက်ကြမှာပါ”ဘုရင်ကြီးဟာ ဟွန်ဂျာရဲ့ အဖြေကိုကြားတဲ့အခါ ဘဝင်မကျဘဲဖြစ်နေပြန်တယ်။ “ဒင်းကများ ငါ့ထက် လူသိများရတယ်လို့” လို့ တွေးတောရင်း ဟွန်ဂျာရဲ့ စကားကို မခံချိမခံသာဖြစ်လာတယ်။ အဲဒါကြောင့် ဘုရင်ကြီးက ဒီလိုပြောတယ်”သိပ်လည်း အပြောမကြီးပါနဲ့လေ။ လက်တွေ့ သွားကြည့်ကြတာပေါ့”


ဘုရင်ကြီးဟာ နောက်လိုက် နောက်ပါ အခြွေအရံတွေအားလုံးကို နေခဲ့စေပြီး ဟွန်ဂျာကို ခေါ်ဆောင်ကာ နှစ်ဦးတည်း မြို့ငယ်လေးထဲကို အရောက်လှမ်းခဲ့ကြတယ်။ အဲဒီလိုနဲ့ မြို့အဝင်ဝကို ရောက်လာတယ်။ မြို့ငယ်လေးဟာ သေးငယ်သလောက် အင်မတန်စည်ကားလှတဲ့ မြို့တစ်မြို့ဖြစ်ကြောင်းကိုဘုရင်ကြီးတွေ့ရပြန်တယ်။အဲဒီလိုနဲ့ ဟွန်ဂျာနဲ့ ဘုရင်ကြီးဟာမြို့လမ်းတွေတစ်လျှောက်အချိန်အတန်ကြာအောင် လျှောက် လာခဲ့ကြတယ်။ အဲဒီလို အတန်ကြာလျှောက်လာကြတဲ့အခါ ဘုရင်ကြီးအတွက် အင်မတန် အံ့သြစရာ အဖြစ်အပျက်တစ်ခုကို တွေ့လိုက်ရတယ်.။ အဲဒါကတော့ဘုရင်ကြီးတို့နဲ့ မျက်နှာချင်းဆိုင်လာသမျှသော လူတွေဟာ ဘုရင်ကြီးကို ကျော်ပြီး ဟွန်ဂျာကိုသာ ပြုံးပြနှုတ်ဆက်သွားကြလို့ပဲဖြစ်တယ်။ အဲဒီလိုနဲ့ အတန်ကြာတဲ့အထိ စောင့်ကြည်ပေမယ့်လည်း မြင်သမျှသောသူတွေဟာ ပညာရှိကြီးဟွန်ဂျာကိုသာ ပြုံးပြနှုတ်ဆက်ကြတာကိုသာ တွေ့ရပြန်တယ်။ နောက်ဆုံးတော့ ဘုရင်ကြီးက ဒီလိုပြောတယ်”ဟွန်ဂျာ..လူတွေအကုန်လုံးက ငါကိုယ်တော်ကို ဂရုတောင်မထားပဲ မောင်မင်းကိုတော့ တလေးတစားပြုံးပြနှုတ်ဆက်နေကြပါလား။ အဲဒါဘာကြာင့်လဲမောင်မင်း”အဲဒီလို ဘုရင်ကြီးရဲ့စကားကို ကြားတဲ့အခါ ဟွန်ဂျာက”သူတို့က ကျွန်တော်မျိုးကြီးကို ပြုံးပြရတဲ့အကြောင်းရင်းကတော့ ကျွန်တော်မျိုးကြီးက သူတို့ကို ပြုံးပြနေခဲ့တာကိုးဘုရာ့”
အဲဒီလို ဟွန်ဂျာရဲ့စကားကိုကြားတဲ့အခါ ဘုရင်ကြီးက ဟွန်ဂျာကို ပြူးကြီးကြည့်လိုက်တယ်။ အဲဒီအခါမှာတော့ ဟွန်ဂျာက ဘုရင်ကြီးကို ပြုံးပြလိုက်တော့တယ်။ကျွန်တာ်တို့ပိုင်ဆိုင်သမျှအရာတွေထဲမှာ “အပြုံး”ဟာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ တန်ဖိုးအကြီးဆုံးအရာပဲဖြစ်တယ်။ သူ့ကို အသုံးပြုဖို့အတွက် ကုန်ကျစရိတ်နည်းလှပေမယ့် သူ့ကို လက်ခံရရှိသူအဖို့ ဝယ်ယူလို့မရတဲ့ စိတ်ချမ်းမြေ့မှုတွေကို ရရှိစေမှာပဲဖြစ်တယ်။ အချိန်ကာလအားဖြင့်လည်း တခဏ အပြုံးဟာ တစ်ဘဝအမှတ်ရစေနိုင်တဲ့အစွမ်းလည်းရှိပြန်တယ်..။ အပြုံးတွေဟာ နေ အိမ်တစ်အိမ်ရဲ့ သာယာချမ်းမြေ့မှုကို ဖန်တီးပေးနိုင်သလို စီးပွားရေးလုပ်ငန်းတစ်ခုကို မြှင့်တင်ပေးနိုင်ပြန်တယ်။ မိတ်ဆွေ အချင်းချင်းကြားက နားလည်မှု၊ အပြန်အလှန်လေးစားမှုသင်္ကေတလည်းဖြစ်တယ်။အပြုံးဟာ နွမ်းနယ်ပင်ပန်းသူတွေအတွက် ချွေးသိပ်ရာအရိပ်လည်းဖြစ်သလို၊ စိတ်ပျက်အားငယ်သူတွေအတွက်လည်း အားဆေးဖြစ်တယ်။ မှောင်မိုက်ဝမ်းနည်းဖွယ်ဘဝရဲ့ နေရောင်ဖြစ်သလို၊ ဘဝရဲ့ဒုက္ခအဆိပ်ကို ပြေစေနိုင်တယ့် သဘာဝရဲ့ အဆိပ်ဖြေဆေးလို့လည်း ဆိုနိုင်တယ်။ကျွန်တော်တို့တွေဟာ အဲဒီလိုကုန်ကျ စရိတ်နည်းပါးစွာ အဖိုးထိုက် တန်တဲ့အပြုံးကို လိုလိုလားလားနဲ့ လူတိုင်းလူတိုင်းကို ဝေငှပေးသင့်လှတယ်။ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ဆိုင်တဲ့အပြုံးလက်ဆောင်ကိုပေးတဲ့အခါ ဟွန်ဂျာကို အပြုံးနဲ့တန်ပြန်တဲ့ မြို့သားတွေလို ကျွန်တော်တို့ဟာလည်း အပြုံးလက်ဆောင်တွေကို တန်ပြန်ရရှိမှာပဲဖြစ်တယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့ ဘဝကို အမြဲ ပြုံး‌ပြုံးလေး နဲ့
စတင်လိုက်ပါ။

ကြိုးစားလျှက်ပါ Han Thar
28.8.2024

Keep Reading