စမ်းကြယ်
ထိုအရူးမှာ မှတ်တိုင်အနီးမှ ကားပါကင်ထောင့်တစ်နေရာတွင် စတည်းချသူဖြစ်သည်။ သူသည် ရူးနေသော်လည်း သွက်သွက်ခါအောင် ရူးခြင်းမျိုးတော့ မဟုတ်။ ယဉ်ယဉ်လေး ရူးနေခြင်းမျိုးသာ။ သူစတည်းချရာ အိပ်ယာတစ်နေရာစာတွင် စောင်အဟောင်းများ၊ အဝတ်အစားအဟောင်းများနှင့် အခြားတိုလီမုတ်စများ ရောထွေးစုပုံလျက်ရှိသည်။
ညနေစောင်းသည့်အခါ ဘတ်စ်ကားမှတ်တိုင်နှင့် မလှမ်းမကမ်းတွင်ရှိသော ဗာဒံပင်ကြီးအောက်တွင် ဆိုက်ကားဆရာများနှင့် ရပ်ကွက်မှလူများ ကျားထိုး၊ ချက်စ်ထိုးလေ့ ရှိကြသည်။ ထိုအခါမျိုးတွင် အရူးမှာလည်း ငြိမ်ငြိမ်လေးနေ၍ ဘေးမှ ကြည့်နေတတ်သည်။ တခါတရံတွင် ရွှေ့ရမည့် အကွက်များကိုပင် ပြောပြလေ့ရှိသော ကြောင့် သူ့အကြောင်း သိနေကြသူများက အရူးစစ်စစ်ဟု မသတ်မှတ်ထားခြင်း ဖြစ်သည်။
နံနက် (၁၀) နာရီ ဝန်းကျင်ခန့် ဖြစ်သည်။ အရူးနိုးလာပြီဖြစ်သည်။ သူ့အိပ်ယာ၏ အောက်ခံ မြေမှာ သမံတလင်းဖြစ်၍ ခြုံစောင်ဆီသို့ တစ်ညလုံးစိမ့်ဝင်နေသော အအေးဓာတ်မှာ သူ့ကို ကိုင်ရိုက်ထားသလို ဖြစ်နေပြီး ကိုယ်လက်များ နာကျင်ကိုက်ခဲနေလေတော့သည်။
သူသည် အိပ်ယာမှထလာကာ အနီး အနားရှိ ဆိုင်များသို့ ရွယ်ရည်ချက်မရှိ လမ်းလျောက်ထွက်လာသည်။ နေအပူချိန်ကြောင့် သူအကြောတက် ကိုက်ခဲနေသည်များ အနည်းငယ်လျော့သွားဟန်တူသည်။ မျက်နှာသွင်ပြင်မှာလည်း အနည်းငယ် ကြည်လင်လာသည်။
မောင်ကောင်းတစ်ယောက် အလုပ်အင်တာဗျူးဖြေဆိုရာမှ အိမ်သို့ပြန်ရန် ဘတ်စ်ကားမှတ်တိုင်ဆီ လျှောက်လာသည်။ ဘတ်စ်ကားမှတ်တိုင် ရောက်ခါနီး ဆိုင်တစ်ခုတွင် အရူးတစ်ယောက်နှင့် ဆိုင်တစ်ခုမှ လူ့အချို့ကို မြင်လိုက်ရသည်။ သို့သော် သူသည် အမှုမဲ့၊ အမှတ်မဲ့ဖြင့်သာ ဖြတ်ကျော်လာပြီး အိမ်ပြန်ရန် ကားဂိတ်ဆီသို့ လျှောက်လာခဲ့သည်။
မောင်ကောင်းတွင် ဘတ်စ် ကားစီးရာ၌ အကျင့်တစ်ခုရှိသည်။ ယင်းမှာ မိမိစီးချင်သည့် ကားနံပါတ် ရောက်လာသည့်တိုင် ချက်ခြင်းတက်မစီးခြင်းပင်။ မှတ်တိုင်မှနေ၍ ကားကောင်းကိုရွေးသည်၊ လူနည်းတာကို ရွေးသည်၊ အဲကွန်းဖွင့်ထားလား စပ်စုသည်။ ထို့ကြောင့် သူ၏ ချေးများတတ်သော အကျင့်ကို သူကိုယ်တိုင်သိသော်လည်း သက်တောင့်သက်သာ စီးနင်းချင်စိတ်ကိုမူ ဖျောက်မရဖြစ်နေခြင်းပင်။ ထိုဉာဉ်ကြောင့်ပင် သူသည် ဘတ်စ်ကားမှတ်တိုင်မှာ အခြားလူတွေထက် မကြာသင့်ဘဲ ပို၍ ကြာနေရတတ်လေသည်။
အချိန်ကား (၁၁) ခွဲခန့် ရှိချေပြီ။ မောင်ကောင်းတစ်ယောက် မှတ်တိုင်တွင် ကားစောင့်နေသည်မှာ မိနစ် (၂၀) ခန့် ရှိပြီဖြစ်သည်။ ထိုစဉ်တွင် လမ်းတွင်သူတွေ့ခဲ့သော အရူးမှာ သူ့ရှေ့မှ ဖြတ်လျှောက်လာသည်။ လက်ထဲတွင် ထမင်းတစ်ထုပ်၊ ဟင်းတစ်ထုပ် ပါလာသည်။ အရူးမှာ သူ့ကို လှောင်ပြောင်ရယ်မောသွားသည့် အမူအရာမျိုး မောင်ကောင်းခံစားမိသည်။ မောင်ကောင်းသည် ယခုအချိန်ထိ ထမင်းမစားရသေးချေ။ အိမ်ပြန်ရောက်မှ ထမင်းစားရန် ဆုံးဖြတ်ထားသောကြောင့်ပင်။ ထိုသို့ အရူးမှ လှောင်ပြောင်သွားသောကြောင့် မောင်ကောင်းမှာ စိတ်ကသိကအောက် ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော်.........။ ။
စမ်းကြယ်
20.8.2024
Keep Reading