Author's Profile Photo

Honey cho

19/08/2024

For your health, you need to read it

2 mins read
Life Style
Health
General Knowledge
For your health, you need to read it's photo

လတ်တလောဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် သတိပြုရန် အချက်များ

♦️လတ်တလောမှာ ကာလဝမ်းရောဂါတွေ ဖြစ်ပွားနေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ကြားကြမှာပါ။ ကာလဝမ်းရောဂါက တစ်ခေတ်တစ်ခါကတော့ လူတွေကို အစုအပြုံလိုက် သေစေတာကြောင့် တော်တော်ကြီးကြောက်စရာကောင်းတဲ့ ရောဂါကပ်ဘေးတစ်ခု ဖြစ်ခဲ့ပါတယ်။

♦️ဒီခေတ်မှာတော့ ဆေးဝါးတွေ အများအပြား ရှိနေတာကြောင့် ဒီလောက်ကြီး မဆိုးတော့ပေမယ့် ဖြစ်လာရင် အသက်အန္တရာယ်ပေးနိုင်လောက်တဲ့အထိ ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။

♦️အခုက မိုးရာသီလည်းဖြစ်တော့ နဂိုတည်းကမှ ဝမ်းပျက်ဝမ်းလျှောရောဂါတွေက ပိုဖြစ်တတ်သလို ဒီနှစ်တုပ်ကွေးလူနာတွေမှာ ဝမ်းလျှောတာကိုလည်း တွေ့ရပါတယ်။ အခု ကာလဝမ်းရောဂါဆိုပြီးလည်း ဖြစ်နေကြတာဆိုတော့ ရုတ်တရက် ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်မှာ ဝမ်းလျှောခဲ့သည်ရှိသော် ဘာလုပ်ကြမလဲဆိုတာလေး ပြောပြချင်ပါတယ်။

✅ ဓာတ်ဆားသောက်ဖို့ လုံးဝ လုံးဝ မမေ့ပါနဲ့။
ဘာကြောင့်ပဲ ဝမ်းလျှောလျှော ဆုံးရှုံးထားသမျှကို ပြန်ထည့်ပေးဖို့က အရေးကြီးဆုံးပါ။ ဒါက ကာလဝမ်းအတွက်ပဲဖြစ်ဖြစ်၊ ရိုးရိုး အစားအသောက် မှားလို့ ဝမ်းလျှောတာအတွက်ပဲဖြစ်ဖြစ် ဓာတ်ဆားရည်သောက်ဖို့က အရေးကြီးဆုံးပါ။
ဓာတ်ဆားရည်ဆိုတဲ့နေရာမှာလည်း မြန်မာအခေါ် BPI ဓာတ်ဆားလိုမျိုး WHO formula နဲ့ ထုတ်ထားတဲ့ ဓာတ်ဆားကိုပဲ သောက်သင့်ပါတယ်။ ချွေးထွက်များရင် သောက်တဲ့ ဓာတ်ဆားရည်တွေ မဟုတ်ပါ။
ဓာတ်ဆားကို ဘယ်လောက်သောက်ရမလဲဆိုရင် အလွယ်ပြောရရင် လျှောသလောက် ပြန်သောက်ရမှာပါ။ လူကြီးဆိုရင်တော့ ဝမ်းတစ်ခါသွားပြီးတိုင်း 200ml၊ ၂ နှစ်အောက်ကလေးဆိုရင် 100ml သောက်ရမှာ ဖြစ်ပါတယ်။

တစ်ကြိမ်တည်း မသောက်နိုင်ရင် နည်းနည်းနဲ့ ခဏခဏသောက်ပေးပါ။ ဝမ်းလျှောသမျှကို နောက်ကနေ ပြည့်မီအောင် လိုက်သောက်နိုင်ဖို့က အရေးကြီးပါတယ်။ မဟုတ်ရင် ရေဓာတ်ဆုံးရှုံးပြီး ရှော့ဖြစ်သွားနိုင်ပါတယ်။

ကာလဝမ်းရောဂါ ဆိုးတယ်ဆိုတာလည်း ဒါကြောင့်ပါ။ ဝမ်းတစ်ခါတစ်ခါ သွားရင် ပမာဏတွေ အများကြီး သွားပြီး နောက်ကနေ လိုက်ပြန်မဖြည့်နိုင်တာကြောင့် ရှော့ဖြစ်တာ၊ ကျောက်ကပ်ထိတာတွေ ဖြစ်တာပါ။

✅ပရိုဘိုင်အိုတစ် သောက်နိုင်ပါတယ်။
ကောင်းကျိုးပြုဘက်တီးရီးယားတွေဖြစ်တဲ့ ပရိုဘိုင်အိုတစ်တွေက အူလမ်းကြောင်းထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးတာကြောင့် ဒါကိုလည်း သောက်နိုင်ပါတယ်။ အရေးကြီးတာက ဒါကို ဓာတ်ဆားရည် အစားထိုးအနေနဲ့ မသောက်ရပါ။ ပရိုဘိုင်အိုတစ်အထုပ်နဲ့ ဓာတ်ဆားအထုပ်က မတူတာကြောင့် ဝယ်တဲ့အခါ သေချာမေးဝယ်ဖို့ လိုပါတယ်။

✅ ပိုးသတ်ဆေးတွေကို သတိထားသောက်ပါ။
အခုဆို ကာလဝမ်းရောဂါဖြစ်ရင် ဘာဆေးသောက်၊ ဝမ်းလျှောရင် ဘာဆေးသောက်ဆိုပြီး ဖေ့ဘွတ်ပေါ်မှာ ပြောကြပါလိမ့်မယ်။ သတိပြုရမှာက ဝမ်းလျှောတိုင်း ပိုးသတ်ဆေးမလိုပါ။ တချို့ပိုးသတ်ဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှောတတ်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

✅ ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေကို သတိပြုပါ။
ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေကို သိထားမှ ကိုယ်ဓာတ်ဆားရည်သောက်တာ မလုံလောက်ဘူး၊ ထပ်သောက်ရမယ်။ ဒါမှမဟုတ် ပါးစပ်ကသောက်ရုံနဲ့ မလုံလောက်တော့ဘူး။ ဆေးရုံသွားရမယ်၊ ပုလင်းကြီးချိတ်ရမယ် စသဖြင့် လိုအပ်တဲ့ ကုသမှုတွေကို အချိန်မီရရှိစေဖို့ ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။
လူကြီးတွေမှာဆိုရင် ရေဓာတ်ဆုံးရှုံးတဲ့အခါ

-အာခြောက်တာ

-ဆီးဝါတာ၊ အနံ့ပြင်းတာ

-ဆီးနည်းသွားတာ

-ခေါင်းမူးတာ

-သွေးပေါင်ကျတာ

-နုံးပြီး ခြေလက်တွေ မသယ်ချင်တာတွေ ခံစားရပြီး
ကလေးတွေမှာဆိုရင်တော့

-ငယ်ထိပ်ချိုင့်တာ

-မျက်တွင်းကျတာ

-ငိုတဲ့အခါ မျက်ရည်မထွက်တာ

-ဆီးမသွားတော့တာ

-ကလေးက မှိန်းနေတာ စတာတွေ ခံစားရနိုင်ပါတယ်။

နောက်ပြီး လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ပါးစပ်ကနေ အရည်မဝင်သောက်ရင်၊ သောက်သမျှ ပြန်အန်နေရင်လည်း အရေးကြီးပါတယ်။ မကြာခင်မှာ ရေဓာတ်ဆုံးရှုံးပါတော့မယ်။

♦️ကိုယ်ဝမ်းလျှောနေတာ ကာလဝမ်းရောဂါကြောင့်လား။
ဒါကတော့ ခုချိန် လူတိုင်းသိချင်နေတဲ့မေးခွန်းပါ။ ဝမ်းလျှောတာချင်း တူပေမယ့် ကာလဝမ်းနဲ့ ရိုးရိုးဝမ်းနဲ့ ဘာကွာလဲဆိုရင်

- ပမာဏတွေ အများကြီး သွားပါတယ်။ အိမ်သာတစ်ခါသွားရင် ဝေါခနဲ ဝမ်းအရည်တွေကြီးပဲ ဒလဟော သွားပါတယ်။ တစ်ခါသွားရုံနဲ့တင်ကို လူက မြော့နေပါပြီ။

- ဆန်ဆေးရည်လို အဖြူကျဲကျဲ ဝမ်းတွေ သွားပါတယ်။

ဒီနှစ်ချက်က အဓိကပါပဲ။ ဒီအချက်ရှိပြီဆိုတာနဲ့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားဖို့ လိုပါတယ်။

♦️ဒီနှစ်ချက်မရှိဘဲ ရိုးရိုးဝမ်းလျှောတာဆိုရင်လည်း အပေါ်မှာ ပြောခဲ့တဲ့ ရေဓာတ်ဆုံးရှုံးတဲ့လက္ခဏာတွေကို သတိထားပါ။ ရေဓာတ်ဆုံးရှုံးတဲ့လက္ခဏာရှိတာနဲ့ နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းသွားရပါမယ်။

♦️နောက်ဆုံးအနေနဲ့ကတော့ ကာလဝမ်းအပါအဝင် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ ဒါတွေကတော့

?လက်ဆေးပါ။ အစာမစားခင်၊ အိမ်သာကအဆင်းအပြင် ကျန်တဲ့အချိန်တွေမှာလည်း မကြာခဏလက်‌ဆေးပေးဖို့ လိုပါတယ်။

?ရေကို ကျိုချက်သောက်ပါ။ ဒါမှမဟုတ် ရေသန့်သောက်ပါ။ ရေခဲဆိုရင်လည်း ရေသန့်ရေခဲသာ သုံးပါ။

?သန့်ရှင်းရေး အားနည်းတဲ့ ဆိုင်ကအစားအစာတွေကို ရှောင်ပါ။ မကျက်တကျက်တွေ၊ အစိမ်းစားတာတွေကိုလည်း ရှောင်ပါ။ အိမ်မှာပဲ သန့်သန့်ရှင်းရှင်းနဲ့ ပူပူလောလော ချက်ပြုတ်စားသောက်ပါ။

?အသီးအရွက်အစိမ်းစားတာကို ရှောင်ပါ။ အသီးအနှံတွေဆိုရင်လည်း သေချာရေဆေးပြီး အခွံခွာစားပါ။ လှီးပြီးချက်ချင်းစားနိုင်ရင် ပိုကောင်းပါတယ်။

ဒီအချက်လေးတွေကို သိထားမယ်၊ လိုက်နာမယ်ဆိုရင်တော့ ကာလဝမ်းအပါအဝင် ဝမ်းပျက်ဝမ်းလျှောရောဂါ တော်တော်များများကို ကိုယ့်ဟာကိုယ် ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။

Credit to owner

Dr Htet Htet Zaw Win

#AnandaSaytan

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမရိုးတရိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ရပ်တန့်ရမယ့်အချိန်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း