မြသွန်း(တောင်ဒဂုံ)

?လမ်းလျှောက်နေရင်းနဲ့ စက်ဘီးမောင်းတဲ့သူတွေကို မိတ်ဆွေတို့တွေ့ဖူးပါသလား? ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းရာကလည်း အခုလိုမျိုးလမ်းလျှောက်ပြီးတော့မှသာ မောင်းနှင်နိုင်တဲ့စက်ဘီးအကြောင်းပဲဖြစ်ပါတယ်။ တစ်ခုရှိတာက လမ်းလျှောက်ပြီးမှပဲမောင်းလို့ရတာဆိုတော့ ထိုင်မောင်းလို့မရဘူးပေါ့နော်။ ဟုတ်ပါတယ်..ဒါကတော့ Dutch လူမျိုးတွေပထမဦးဆုံးစတင်တီထွင်လိုက်တဲ့ လမ်းလျှောက်စက်ဘီး(walking bike)ပဲဖြစ်ပါတယ်။ ဒီwalking bikeနဲ့သာဆိုရင် တစ်ချိန်တည်းမှာပဲ လမ်းလျှောက်လို့လည်းရတယ်၊ စက်ဘီးစီးလို့လည်းရနိုင်မှာဖြစ်ပါတယ်။
? ဒီယာဉ်အသေးစားလေးကို တီထွင်လိုက်တဲ့သူဟာ အတော်လေးကိုပါးနပ်တဲ့လူပဲလို့ပြောရမှာပဲရှင်။ သူ့စက်ဘီးမှာက တစ်ခြားဘီးတွေလို ထိုင်ခုံတို့၊ခြေနင်းပြားအသေးနှစ်ဖက်တို့မပါဘဲနဲ့ ခြေနင်းပြားကြီးတစ်ခုတည်းသာပါဝင်ပါတယ်။ နောက်ပြီးအဲ့ဒီစက်ဘီးကို အရှေ့ရောက်အောင်မောင်းနိုင်ဖို့ဆိုရင် ခြေနင်းပြားကြီးပေါ်မှာ လမ်းလျှောက်လိုက်ရုံပါပဲ။ အခုလိုလမ်းလျှောက်တဲ့အရှိန်နှုန်းလောက်ပဲ walking bike ကရွေ့လျားသွားမှာမဟုတ်ပါဘူး။ အနောက်ဘက်ဘီးပေါ်မှာတပ်ထားတဲ့မော်တာအသေးလေးက အရှိန်မြန်သွားအောင်ကူညီပေးတာပဲဖြစ်ပါတယ်။
?ဒါကြောင့်စက်ဘီးပေါ်မှာလမ်းလျှောက်လိုက်တာနဲ့ မော်တာဘီးတွေလိုအရှိန်မျိုးနဲ့အတူ တစ်ဟုန်ထိုးသွားနိုင်ကြမှာပါ။ သူ့ရဲ့အရှိန်ကတစ်နာရီကို မိုင်(၂၀)အထိသွားနိုင်တဲ့ အရှိန်လောက်ကိုရှိပါတယ်။ နောက်ပြီးတော့walking bike တွေဟာ စက်ဘီးစီးရင်း အခုလိုလေ့ကျင့်ခန်းကိုပါလုပ်နိုင်ရုံတင်မကဘဲ သဘာဝပတ်ဝန်းကျင်အတွက်လည်း ဘာဘေးထွက်ဆိုးကျိုးမှမရှိစေပါဘူး။ ဒါကြောင့်လည်း ဒီစက်ဘီးအကြောင်းက အရမ်းကိုpopularဖြစ်လာပြီးတော့ ပထမဦးဆုံးအစီး(၃၀၀)ထုတ်လုပ်ပြီးရောင်းချတဲ့အသုတ်မှာတင် စက်ဘီးတွေအားလုံးက လျင်လျင်မြန်မြန်ပဲရောင်းချနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ကွန်ရက်လို အင်တာနက်ပေါ်မှာလည်း walking bike သတင်းကပျံ့နှံ့သွားပြီးတော့ ပိုပိုပြီးတော့တောင် လူသိများထင်ရှားလာခဲ့ပါတယ်။
?ဘယ်လောက်ထိတောင်လဲဆိုရင် ဒူဘိုင်းကသူဌေးကြီးတွေကတောင် သူတို့ရဲ့သန်းချီတန်တဲ့ဇိမ်ခံကားအကောင်းစားတွေကို ချောင်ထိုးပြီးတော့ walking bike ကိုရွေးချယ်စီးနင်းတဲ့အထိပါပဲ။ ဘာလို့လဲဆိုတော့ အဖြေကရှင်းပါတယ်။ ဒီစက်ဘီးတွေက ကျန်းမာရေးအတွက်လမ်းလျှောက်ပြီးသားလည်းဖြစ်တယ်၊ လိုရာခရီးလည်းအမြန်ရောက်နိုင်တယ်၊ နောက်ပြီးမတ်တပ်ရပ်တဲ့အနေထားပဲဆိုတော့ ပတ်ဝန်းကျင်ကရှုခင်းတွေ၊ အဖြစ်ပျက်တွေကိုလည်းအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။ ဒီတော့အလုပ်သုံးခုလုံးက walking bike တစ်စီးတည်းနဲ့ အငြိမ်းပါပဲရှင်။ တစ်ချက်ခုတ်ရင် သုံးချက်ပြတ်တယ်ဆိုတာမျိုးပေါ့။ ဒါ့အပြင် သူ့ရဲ့အကြီးမားဆုံးအားသာချက် တစ်ချက်ကရှိနေပါသေးတယ်။ အဲ့တာကတော့ walking bike ကိုဘယ်လိုလူပဲဖြစ်ဖြစ် အားလုံးအလွယ်တကူစီးနိုင်ကြမှာပါ။
?ပြောချင်တာက ကျွန်မတို့သာမန်စက်ဘီးကိုစီးနိုင်ဖို့ဆိုရင် အရင်ဆုံးစက်ဘီးမောင်းနည်းကို သင်ကြရတယ်ဟုတ်။ ဒါမယ့် walking bike မှာက အပေါ်ကိုတက်ပြီးလမ်းလျှောက်ရုံပဲဆိုတော့ ဟန်ချက်ထိန်းနိုင်ဖို့အတွက် တကူးတကသင်နေစရာမလိုတော့ပါဘူး။ ကဲ...မိတ်ဆွေတို့ရေ အခုဆိုရင်walking bikeက ကမ္ဘာတစ်လွှားမှာနာမည်ကြီးလူကြိုက်များ အသုံးများနေကြပါပြီ။ ကျွန်မတို့မြန်မာနိုင်ငံမှာလည်း ဒီစက်ဘီးလေးတွေဝင်ရောက်လာရင် အရမ်းကိုပျော်ဖို့ကောင်းမှာပဲနော်။ ဒီတော့ မိတ်ဆွေတို့လည်း အခုပြောပြလိုက်တဲ့အကြောင်းရာလေးကိုနားထောင်ပြီး walking bike တစ်စီးလောက်လိုချင်သွားကြမယ်ထင်ပါတယ်။
Keep Reading