Author's Profile Photo

တင်ညွန့်

27/02/2024

ပညာရေးသည် ပြင်ညာရေးမဟုတ်

1 min read
Education
ပညာရေးသည် ပြင်ညာရေးမဟုတ်'s photo


ပညာရေးတွင် ပိရမစ်ပုံစံပညာသင်ကြားရေးကိုသာ အစဉ်အလာအရ လက်ခံနေကြဆဲဖြစ်ကြောင်း တွေ့ရသည်။ ပိရမစ်ပုံစံ ဆိုသည်မှာ အောက်ခြေကြီးပြီး အဖျားရှူးသွားသည့် ပုံသဏ္ဌာန် ဖြစ်နေကြောင်း သတိမူရပေလိမ့်မည်။ ပညာရေးဆိုသည်မှာ အခြေခိုင်ရန် အရေးကြီးသော်လည်း အဖျားရှူးသွားရန် မဟုတ်ကြောင်းကို သတိမူသင့်သည်။

ကလေးအရွယ်ကတည်းက လေ့လာသင်ယူလိုစိတ်သည် အထက်သို့ရောက်လေ နည်းသွားလေ ဖြစ်ရန် မဟုတ်ပေ။ အရွယ်ရလာလေ၊ ပညာလိုလားလေ၊ ပိုများသည့် အတွေ့အကြုံဗဟုသုကို ဖွေရှာလိုစိတ် ပိုမိုရှိလာစေရန်သာ လေ့ကျင့်ပြုစုပျိုးထောင်ပေးသင့်ပါသည်။

ကလေးတစ်ယောက်သည် ဆရာပြောသမျှကို ကြားသာ ကြားနေရသော်လည်း နားထောင်နေခြင်း ဖြစ်ချင်မှ ဖြစ်မည်။ သူတို့သည် အချက်အလက်ကိုစုဆောင်းနေခြင်း ဖြစ်နိုင်သည်။ ဗဟုသုတရှာကောင်းရှာနေမည်။ သို့သော် ကိုယ်ပေးနေသမျှကို ပညာပေးနေသည်ဟု မှတ်ယူရန်မသင့်ပေ။

အမေရိကန်ပညာရေးလောကမှ နာမည်ကျော်ပညာရှင်တစ်ယောက်က
“ကျွန်တော်တို့ ယဉ်ကျေးနေကြပြီပဲ၊ ဆိုင်ခန်းတွေဆောက်ကြရအောင်” ဟု ပြောသည့်စကားတစ်ခွန်းရှိသည်။

သူဆိုလိုချင်သည်မှာ လက်တွေ့ကို တည်ဆောက်ခိုင်း ပုံရသည်။ ကျောင်းသို့ရောက်လာသည့် ကလေးများကို အရိုင်းအစိုင်းလေးများဟု မှတ်ယူရန် မဟုတ်တော့ပေ။ သူ့လူမှုပတ်ဝန်းကျင်က သူတို့ကို လူယဉ်ကျေးလေးများ ဖြစ်စေရန် သင်ကြားပေးလိုက်ပြီးဖြစ်သည်။ သို့ဖြစ်ရာ မလိုအပ်သည်များကိုကျော်ပြီး၊ လိုအပ်သည့် ပညာကိုသာ ပေးသင့်သည့်အချိန်ဖြစ်သည်။

လက်ရှိ ပညာရေးစနစ်သည် အတိုင်းအတာတစ်ခုအထိတော့ ရောက်နေပြီဟုဆိုနိုင်ပါသည်။ စာမေးပွဲနှင့် တိုင်းတာသည့် စနစ်သည် ခေတ်စားလာသော်လည်း ပညာတတ်ခြင်း မတတ်ခြင်းကို စာမေးပွဲနှင့် တိုင်းတာ၍ မရပေ။ သို့သော် လိုအပ်ချက်အရ လုပ်ဆောင်နေကြရသည့် စနစ်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။

ဖိစီးမှုတွေများလှသည့်ခေတ်သစ်လူ့ဘောင်တွင် စာမေးပွဲစနစ်သည် မလိုအပ်ဟုသိမြင်ကြသော်လည်း တိုင်းတာမှုစံတစ်ခုအနေဖြင့် ကျင့်သုံးနေကြသည်။ ကလေးများကို တွေးခေါ် စဉ်းစားတတ်စေရန် သင်ကြား ပေးစေလိုပါသည်။ စိတ်ဖိစီးမှုတွေများလှသည့် စာကျက်နေရသည့်လောကမှ ကလေးများကို ဆွဲထုတ်နိုင်သူ များမှာ ဆရာများသာဖြစ်သည်။ သို့သော် ဆရာတွေ ကိုယ်တိုင်တွင်လည်း ရွေးချယ်စရာနည်းပါးလှသည်။ သူတို့ကိုယ်တိုင် စာတွေကို အလွတ်ကျက်ပြီး ဆရာဖြစ်လာကြရသည်။

ခေတ်ကိုပြောင်းလဲပြုပြင်လိုလျှင် ပြောင်းလဲမြင်နိုင်ရမည် ဖြစ်သည်။ အမြင်ပြောင်းသလို အကောင်းမြင် တတ်ရန်လည်းလိုသည်။ ကလေးတွေကို အပြင်က သော့ခတ်ထားမလား၊ အတွင်းက သော့ခတ်ထားမလား စဉ်းစားခြင်းသည် ခြားနားမှု မရှိနိုင်ပေ။ အရေးကြီးသည်က သော့ခတ်ထားရန်မဟုတ်။ တံခါးတွေ ပြတင်းပေါက်တွေ ဖွင့်ပေးလိုက်ရန်သာဖြစ်သည်။

ကလေးများကို ပြုစုပျိုးထောင်ရေးတွင် Roots ဟု ခေါ်သည့် အခြေခိုင်အမြစ်တွယ်ရေး သို့မဟုတ် ခြေကုတ်ရစေရန် ကြိုးစားသင်ပေးသလို Wings ဟုခေါ်သည့် တောင်ပံလေးများ တပ်ပေးနိုင်ရန်လည်း ဆရာများတွင်တာဝန်ရှိသည်။
အသိဉာဏ်ကို ကျောက်ချထားရန် မဟုတ်၊ လွှဲပြောင်းနိုင် ရန်ကြိုးစားရမည်။ အသုံးချနိုင်စေရမည်၊ ခွဲခြမ်းစိတ်ဖြာနိုင်စေရမည်၊ ပေါင်းစည်း လုပ်ဆောင်နိုင်စွမ်း ရှိစေရမည်ဖြစ်သည်။

ဆရာများ၏ အခန်းကဏ္ဍအရေးကြီးသည်။ သင်ကြားရေးတွင် လွတ်လပ်မှုရှိရန်လိုသည်။ ပညာရှိပြီး ပညာရှင်ဆန်သော၊ ပညာရေးကို စိတ်ဝင်စားပြီး ပြုစုပျိုးထောင်ပေးလိုသော ဆရာများလိုသည်။ ထိုကဲ့သို့သော ဆရာများ ပေါ်ထွန်းလာရန်လည်း လုံလောက်သော ထောက်ပံ့မှုတွေလိုသည်။

တိုင်းပြည်တစ်ပြည်၏ ပညာရေးမှာ လေးစားအထင်ကြီးစရာမကောင်းဟု ထင်မြင်နေသည်ဆိုလျှင် ထိုပညာရေးတွင် ပညာရှင်မဟုတ်သူတွေ ဝင်ရောက်လွှမ်းမိုးနေပြီဟု ယူဆရမည်ဖြစ်သည်။

(Photo Credit: Education Week)

တင်ညွန့်

၁၆.၂.၂၀၂၄

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------