Author's Profile Photo

တင်ညွန့်

27/02/2024

ပလေတို၏ပညာရေးဒဿန

2 mins read
Education
ပလေတို၏ပညာရေးဒဿန's photo


ပလေတို၏ ပညာရေးအမြင်ကို အနှစ်ချုပ်လိုက်လျှင် သင်ယူသူ၏ အနာဂတ်အတွက် ပြင်ဆင်ပေးလိုက်ရန်သာ ဖြစ်သည်။
အနာဂတ်အတွက် ပြင်ဆင်ပေးလိုက်ရန်ဆိုသည့် သဘောတရားကို ခေတ်သစ်တွင် ဆန့်ကျင်သည့် ပညာရှင်များလည်း ရှိကြသည်။ ၂၁ ရာစုနှင့်ကိုက်ညီမည်မထင်သဖြင့် ပစ်ပယ်ထားခဲ့သော ပလေတို၏ သဘောတရားသည် ပြန်ပြီး အံဝင်ခွင်ကျဖြစ်လာသည်။ ပညာသင်ကြားရေးဆိုသည်မှာ အနာဂတ်အတွက် ပြင်ဆင်ပေးခြင်း မဟုတ်လျှင် မည်သည့်အတွက် သင်ကြားခြင်းဖြစ်သနည်း ဟူ၍လည်း မေးခွန်းများထုတ်လာ ကြသည်။
ပလေတို၏ ပညာရေးအယူအဆများကို လေ့လာကြည့်လိုက်လျှင် စိတ်ကူးတတ်စေရန်၊ စဉ်းစားဆင်ခြင်တတ် စေရန်၊ ကောင်းမြတ်စေရန်၊ တွေးခေါ်တတ်စေရန်၊ ကြောင်းကျိုးဝေဖန်တတ်စေရန်၊ ထိုးထွင်းသိမြင် တတ်စေရန်၊ တာဝန်ယူ တာဝန်ခံမှုရှိတတ်စေရန်၊ အကျင့်သီလကောင်းစေရန်၊ အနုပညာကို ကြားခံအဖြစ် သင်ကြားရေးတွင် အသုံးချတတ်စေရန်၊ စွဲဆောင်နိုင်စေရန်၊ အမှန်တရားကို မြတ်နိုးစေရန်တို့ဖြစ်သည်။ ထိုသဘောတရားများကလည်း ပညာရေးတွင် ယနေ့တိုင် လက်လွှတ်၍မရနိုင်သေးသည့် နည်းလမ်းများ ဖြစ်သည်။ ပလေတို၏ ဒဿနကို လေ့လာကြည့်လိုက်လျှင် ယင်းသဘောတရားများကို ကောင်းစွာ သိနိုင်မည်ဖြစ်သည်။
ပလေတို၏ ပညာရေးအမြင်များကို သူရေးသားခဲ့သော Republic ထဲတွင် တွေ့မြင်ရမည်ဖြစ်သည်။ ထိုကျမ်းတွင် အဓိကပါဝင်ဆွေးနွေးသူမှာ သူ၏ ဆရာသခင်ဖြစ်သူ ဆိုကရေးတီးဖြစ်သည်။ ထိုကျမ်း၏ အဓိကဦးစားပေးထား သော အကြောင်းအရာမှာ တရားမျှတမှုဖြစ်သည်။
“တရားမျှတခြင်းဆိုသည်မှာအဘယ်နည်း” ဆိုကရေးတီးက အဖွဲ့အစည်းအတွင်း၌လည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းတွင်လည်းကောင်း တရားမျှတမှုဆိုသည်မှာ အဘယ်နည်းဆိုသည့် သဘောတရား များကို ရှင်းပြခဲ့သယောင် ပလေတိုကရေးဖွဲ့ခဲ့သည်။
ဆိုကရေးတီးက လူ့ဘောင်အဖွဲ့အစည်းတွင် လူတန်းစား သုံးရပ်ရှိသည်။ (၁) အုပ်ချုပ်သူလူတန်းစား (၂) စစ်တိုက်သည့်လူတန်းစား (၃) အလုပ်သမားလူတန်းစားတို့ဖြစ်သည်။
လူတန်းစားသုံးရပ်တွင် သူ့လူတန်းစားဆိုင်ရာ စွမ်းအားများ ရှိပြီးသားဖြစ်သည်။ သူတို့ကိုယ်ပိုင် ကောင်းမြတ် ခြင်းတရားများ ရှိပြီးသားဖြစ်သည်။ အသိဉာဏ်၏ စွမ်းအားသည် ပညာကိုဖြစ်စေသည်။ ပညာကြောင့် အရာရာကို ဦးဆောင်နိုင်သည်။ ပညာသည် အဆုံးစွန်သော အမှန်တရားဖြစ်သည်။ အကြွင်းမဲ့ကောင်းမြတ်ခြင်း တရားလည်းဖြစ်သည်။ ပညာက အမှား၊ အမှန်၊ အဆိုး၊ အကောင်းတို့ကို ခွဲခြားပိုင်းဖြတ်နိုင်စွမ်းရှိသည်။ ပညာသည် အတွေးအခေါ်နှင့် ထပ်တူပြုနိုင်သည်။
အုပ်ချုပ်သူလူတန်းစား၏ ကောင်းမြတ်ခြင်းတရား သို့မဟုတ် စွမ်းအားသည် ပညာကို ပိုင်ဆိုင်နိုင်စွမ်းဖြစ်သည်။ သူတို့တွင် ပညာရှိသောကြောင့်လည်း ကောင်းစွာ စီမံဖန်တီးအုပ်ချုပ်နိုင်ခြင်းဖြစ်သည်။ ဉာဏ်စွမ်းထက်မြက်သူ ဘုရင်များ ထင်ရှားရခြင်းမှာ ပညာ၏တန်ခိုးစွမ်းအားကြောင့်ဖြစ်သည်။
စစ်တိုက်သည့် လူတန်းစားသည် သတ္တိရှိရန်လိုသည်။ သူတို့တွင် ခံစားချက်များ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာသည့်အတိုင်း ဖော်ထုတ်နိုင်ရမည်။ သူတို့စိတ်ထဲတွင် မကျေနပ်လျှင် မကျေနပ်ကြောင်း ဖော်ထုတ်ပြသနိုင်ရမည်။ စစ်တိုက်သည့် လူတန်းစားသည် ကိုယ့်တိုင်းပြည်ကို ကာကွယ်ရမည်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အကျိုးစီးပွားကို ကာကွယ်ရမည်။ သတ္တိဆိုသည်မှာ သူရဲဘောကြောင်ခြင်းနှင့် ကမူးရှူးထိုးနိုင်ခြင်းကြားမှ ဂုဏ်ပုဒ်တစ်ခုသာဖြစ်ကြောင်း အရစ္စတိုတယ်က ဖွင့်ဆိုသည်။ ထို့ကြောင့် မကြောက်တတ်ဟုဆိုသူသည် သတ္တိမရှိသူဟုဆိုနိုင်သည်။ ကြောက်စရာရှိလျှင် သဘာဝကျကျ ကြောက်တတ် သူများသာ သတ္တိရှိသူများဖြစ်သည်။
အလုပ်သမားလူတန်းစားသည် ဓနဥစ္စာကို ဖန်တီးနိုင်သူများဖြစ်သည်။ သို့သော် သူတို့၏ ကောင်းမြတ်ခြင်း တရားသည် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ခြင်း၊ ခြိုးခြံချွေတာခြင်းအပေါ်တွင် တည်မှီနေသည်။ သူတို့တွင် တဏှာ၊ လောဘတို့ရှိကောင်းရှိနိုင်သည်။ သို့သော် သူတို့ထိန်းချုပ်ကြရသည်။ သူတို့ မထိန်းချုပ်နိုင်လျှင် မင်းမဲ့ စရိုက်မျိုးဖြင့် ထကြွသောင်းကျန်းခြင်းမျိုးကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့် အလုပ်သမားလူတန်းစား၏ ကောင်းမြတ်ခြင်းတရားမှာ သည်းခံခြင်းသာဖြစ်သည်။ အလုပ်သမား လူတန်းစားသည် တက်ကြွမှုနှင့် ထိန်းချုပ်မှု နှစ်ခုကြားတွင် အနေအထားတစ်ခုကို ထိန်းချုပ်နိုင်မှ သူတို့ကို အုပ်ချုပ်နိုင်မည်။
လူ့ဘောင်အဖွဲ့အစည်းဆိုသည်မှာ တရားမျှတမှုနှင့် ငြိမ်းချမ်းမှု နှစ်ခုကြားတွင် တည်ငြိမ်အောင် ထိန်းသိမ်း ထားနိုင်ရန် လိုအပ်သည်။ ထို့ကြောင့် အုပ်ချုပ်သူလူတန်းစားကိုပေးရမည့် ပညာရေးတွင် တွေးခေါ်မြော်မြင် တတ်သူများ ဖြစ်လာစေရန်၊ ပညာကို ချစ်မြတ်နိုးတတ်စေရန်၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားတတ်စေရန် လေ့ကျင့်ပေးရမည်။
ကိုယ်က ဘာကိုသင်မည်နည်း၊ မည်သူ့ကိုသင်မည်နည်း၊ ဘာတွေသင်မည်နည်းဆိုသည်ကို သင်မည့် ဆရာက သိထားရန်လိုသည်။ အလုပ်သမားလူတန်းစားကို အုပ်ချုပ်သူလူတန်းစားသိထားရမည့် ပညာမျိုး သင်ပေးရန် ဖြစ်သင့် မဖြစ်သင့် စဉ်းစားသင့်သည်။ အနာဂတ်ကို မမြော်မြင်ဘဲ ပညာသင်ရန်မဖြစ်ဟု သူကခံယူသည်။
(Ref: Plato: Aims and Philosophy of Education)
(Photo Credit: Thought Co)
တင်ညွန့်
၂၃.၁.၂၀၂၄

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------