Author's Profile Photo

Myaing Hay Won

21/01/2024

ရင်ထဲကနွေ -အခန်း(၅)-

4 mins read
Education
General Knowledge
Art
ရင်ထဲကနွေ -အခန်း(၅)-'s photo

ဒီလိုနှင့် မတွေ့ရတာ လေးနှစ်။ ကျွန်မတို့ ရှစ်တန်းနှစ်တွင် ရွာထောင်ကျောင်းက မိန်းကလေးသုံးယောက် ကျွန်မတို့ကျောင်းသို့ ပြောင်းလာသည်။အတန်းထဲတွင် ကျွန်မတို့၏ ရှေ့ခုံတွင် ထိုကျောင်းသူသုံးယောက် ထိုင်သည်။ ကျောင်းတက်ပြီး တစ်ပတ်လောက်ကြာမှ သူတို့ထဲမှ တစ်ယောက်က နောက်ခုံတွင်ထိုင်နေသော ကျွန်မကို စကားလှည့်ပြောလာသည်။

"ဟေး နင်က နွေဦးကဗျာလား"

"အင်း၊ ဟုတ်တယ်၊ ငါ့ကိုသိလို့လား၊ ငါတော့နင့်ကိုခုမှ မြင်ဖူးတာ"

"သိတာပေါ့၊ ငါတို့က သူရိန်လင်း သူငယ်ချင်း လေ၊ သူရိန်လင်းက နင့်နာမည်ကို ပါးစပ်က မချဘူး။ သူ့ကောင်မလေးက ကျောင်းကြီးမှာ ရှိတယ်တဲ့။ နွေဦးကဗျာလို့ အမြဲပြောနေတာ"

ထိုစကားကို ကြားသောအခါ ကျွန်မအံ့ဩသွားသည်။

"ငါတို့က နွေဦးကဗျာဆိုတော့ ဆံပင်အရှည်လေးနဲ့ မိန်းကလေးဆန်ဆန် ထင်နေတာ" ဟုဆက်ပြောနေပြန်သည်။

နိုနို၊မြတ်လေးနှင့် ယွန်းတို့ ထိုစကားကို ကြားတော့ ခွက်ထိုးခွက်လှန် ရယ်တော့သည်။ မှန်သည်။ သူတို့ကို အပြစ်မဆိုသာ။ ကျွန်မဆိုသည်မှာ ရှစ်တန်းရောက်သည်အထိ ထဘီအနားညီအောင် မဝတ်တတ်သေး။ ဘောင်းဘီရှည်အနားစကို လုံချည်အောက်က မြင်ရသည်အထိ ဝတ်တတ်သေးသည်။ နောက်ပြီး နားရွက်ကို ဖော်ညှပ်ထားသော ဆံပင်အတိုနှင့်။ လမ်းလျှောက်လျှင်လည်း မြှောက်ကြွမြှောက်ကြွ လျှောက်တတ်သေးသည်။ ဆင်မယဉ်သာ ဆိုသည်မျိုး မရှိ။ ပြေးကာလွှားကာနှင့် အမြဲခလုတ်တိုက်နေသော ကျွန်မသည် မိန်းကလေးဆိုသည်ထက် ယောက်ျားလေးနှင့် ပိုတူနေပါသည်။

နေပါဦး။ သူက ဘာကိစ္စ ငါ့ကို သူ့ကောင်မလေးပါလို့ ပိုင်စိုးပိုင်နင်း ပြောရသလဲ။ တွေးရင်းတွေးရင်း နားမလည်နိုင်တော့။ လျှာရိုးမရှိတိုင်းလျှောက်ပြောတဲ့ကောင်။ ငါ့ကိုတော့ ဘာမှလာမပြောဖူးဘဲနဲ့ အဲ့လိုသတင်းလွှင့်တာ ကောင်းသလား။

"နွေ စာအုပ်ကြီးထဲလည်း မျက်နှာဝင်သွားဦးမယ်၊ ဘာတွေဖတ်နေတာလဲ"

ကျွန်မသည် မဟော်သဓာစာအုပ်ကို ဖွင့်လျက်သားနှင့် စဉ်းစားခန်းဝင်နေသည်ကို မြတ်လေးက ကျွန်မစာဖတ်နေသည်ဟု ထင်သွားပါသည်။

"ဟင်.. အင်း၊ မဟော်သဓာလေ ဆရာမ မသင်ခင် ကြိုဖတ်ထားမလို့၊ စိတ်ဝင်စားဖို့ကောင်းတယ်၊ ရေးတဲ့သူက ဦးဩဘာသကို နာမည်မေ့မေ့နေတာ၊ ဦးပုညရေးတယ်ပဲ ထင်နေလို့။ အဲဒါ ဦးနှောက်ထဲစွဲအောင် မှတ်နေတာ"

အဌမတန်းသည် အလယ်တန်း၏ နောက်ဆုံးနှစ်ဖြစ်သည့်အလျောက် အတန်းကြီးလေ စာများလေဖြစ်ပါသည်။ ကျွန်မအတွက် ဆော့ချိန်ပင် မရှိတော့ပါ။ အိမ်၊ ကျောင်း၊ ကျူရှင် ကူးချည်သန်းချည်နှင့် စာသာလုပ်နေရတော့သည်။ သူငယ်ချင်းများရှိ၍သာ တော်တော့သည်။ သူငယ်ချင်းများနှင့် ကျူရှင်အတူတူ၊ ထိုင်တော့လည်းအတူတူ။  အတူတူစာသင်ကြ၊ စာလုပ်ကြ၊ စကားပြောကြနှင့် ပျော်စရာကောင်းသည်။ ညနေကျောင်းဆင်းချိန်တွင်လည်း စက်ဘီးကိုယ်စီနှင့် အတူတူ ပြန်ကြသည်။

တစ်ခုသော ညနေ ငါးနာရီဝန်းကျင်ခန့်တွင် ကျွန်မတို့ကျောင်းသို့ပြောင်းလာသည့် ကောင်မလေးသုံးယောက် အိမ်ရှေ့မှဖြတ်သွားသည်ကို မြင်လိုက်ရသည်။ ထိုကောင်မလေးသုံးယောက် နောက်တွင်တော့ သူ။ ဟုတ်ပါသည် သူပါပဲ။

သူ့မျက်နှာကို မမြင်ရတာ ဘယ်လောက်ကြာကြာ ကျွန်မ မှတ်မိသည်။ သူသည် ငယ်ရုပ်လည်းမပျောက်၍ ပိုသေချာသွားသည်။ သို့သော် အဲ့ဒီတစ်ခါလည်း ခဏလေးပါပဲ။ ရှည်ထွက်လာသော သူ့အရပ်ကို ငေးကြည့်နေရင်းနှင့် သူ့နောက်ကျောသည် ကျွန်မမျက်လုံးရှေ့မှ တဖြည်းဖြည်း ဝေးသွားခဲ့သည်။ သူတို့ကျောင်းမှ သင်္ချာဆရာမတစ်ယောက် ဟိုဘက်ရပ်ကွက်မှာရှိသည်ကို သွားသတိရသည်။ ကျူရှင်လာတက်ကြတာပဲ ဖြစ်ရမည်။

နောက်တစ်နေ့ ကျောင်းရောက်တော့ ရှေ့ခုံက သူငယ်ချင်းများကို မေးကြည့်မိသည်။

"မနေ့ညနေက နင်တို့ကို တွေ့လိုက်တယ်၊ သူရိန့်ကိုရော၊ ကျူရှင်သွားတက်ကြတာလား ဟုတ်လား"

"ဟုတ်တယ်၊ နင်မြင်လိုက်တယ်လား၊ သူရိန်က နောက်နှစ်ကျ ဒီကို ပြောင်းလာမှာနော်၊ နင်သိလား"

"ဟုတ်လား၊ ငါမသိဘူးလေ"

သူက ဒီကို ပြောင်းလာမှာတဲ့လား။ သူနှင့် တွေ့ရတော့မည်ပေါ့။ သူက ငါ့ကို မှတ်မိပါ့မလား။ ငါ့ကို ငယ်ငယ်ကလို မခင်တော့ရင် ဘယ်လိုလုပ်မလဲ။ သူ့မှာ မိန်းကလေးသူငယ်ချင်းတွေလည်း အများကြီးပဲတဲ့။

*

ဒီလိုနှင့် ကိုးတန်းကျူရှင်တွင် သူနှင့် မထင်မှတ်ဘဲပြန်ဆုံခဲ့ရသည်။ ကျူရှင်ပထမဆုံးရက်တွင် သူ့ကိုတွေ့တော့ ဘာပြောရမှန်းမသိ။ သူကလည်း ဘာမှပြောမလာ။ ကျွန်မနှင့် မျက်လုံးချင်းဆုံတော့ ပြုံးစိစိလုပ်နေသည်။ သူပြုံးတော့ ကျွန်မလည်း ရုပ်တည်ခြင်းကို ဆက်မစွမ်းဆောင်နိုင်တော့။ ပြုံးမိတော့သည်။ ရက်အနည်းငယ်ကြာတော့ တစ်ယောက်နှင့်တစ်ယောက် စိမ်းမနေတော့။ မေးထူးခေါ်ပြော ရှိလာသည်။ ကျူရှင်တွင်ရော၊ ကျောင်းတွင်ပါ တစ်နေ့ကုန်တွေ့နေရ၍ စကားပြောဖြစ်လာသည်။ သို့သော်လည်း သိပ်အကြာကြီးတော့မဟုတ်။

ကိုးတန်းတွင် ကျွန်မတို့ သိပ္ပံတွဲယူသည်ဖြစ်၍ မြန်မာစာမှလွဲ၍ ဘာသာရပ်အားလုံး အင်္ဂလိပ်လို ဖြစ်သည်က တစ်ကြောင်း၊ အထက်တန်းရောက်လာပြီဆိုသည့် ဖိအားက တစ်ကြောင်းဖြင့် စာနှင့်သာ နပမ်းလုံးနေရသည်။ ကျောင်းတွင်လည်း ကျွန်မသူငယ်ချင်းများနှင့် ကျွန်မ အရပ်မညီ၍ဟုဆိုကာ အတန်းပိုင်ဆရာမက အတူမထိုင်ခိုင်းတော့ပါ။ တပူးတွဲတွဲနေလာခဲ့သည့် သူငယ်ချင်းများကို ယခုလိုခွဲထိုင်ခိုင်းသည့်အတွက် ကျွန်မတို့မှာ ကိုယ်နှင့်မရင်းနှီးသည့် သူငယ်ချင်းများနှင့် ထိုင်သည့်အခါ ရရှိသော စိတ်ရှုပ်ခြင်း၊ အပေးအယူမမျှခြင်းကြောင့် ဖြစ်လာသော စိတ်အလိုမကျမှုများ ဖြစ်လာသည်။

သို့သော် ထမင်းစားကျောင်းဆင်းချိန်၊ မုန့်စားကျောင်းဆင်းချိန်တို့တွင်မူ ကျွန်မတို့ ထမင်းအတူတူစားခြင်း၊ မုန့်စားခြင်း၊ စကားပြောခြင်း၊ အိမ်သာအတူသွားခြင်းတို့ကို ပြုလုပ်ကြပါသည်။ အိမ်သာအတူသွားခြင်းဆိုသည်မှာ အိမ်သာရှိရာသို့ သူငယ်ချင်းများစု၍ လမ်းလျှောက်သွားခြင်းကို ဆိုလိုပါသည်။ နိုနို၊ မြတ်လေးနှင့် ယွန်းတို့သည် ကျွန်မအတွက် သူငယ်ချင်းဆိုသော အဓိပ္ပာယ်ထက် ပိုအဓိပ္ပာယ်ရှိပါသည်။ ကျွန်မဆိုလိုချင်သည်မှာ ကိုးတန်း၊ ဆယ်တန်းသည် ကျွန်မအတွက် ဖိအားများသော စာသင်နှစ်များဖြစ်ခဲ့သည်ဟူ၏။

လေးနှစ်မျှ ကွဲကွာခဲ့ရသော သူနှင့် သူငယ်ချင်းဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ မခဲယဉ်းခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူရော ကျွန်မပါ ထိုလေးနှစ်အတွင်း ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသည်မှ လွဲ၍ စိတ်များကား ဟိုအရင်အတိုင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။

သူသည် အရပ်ရှည်ထွက်လာသည်။ ငယ်ငယ်ကလို အသားအရမ်းမဖြူတော့။ သို့သော် ဖြူနေပါသေးသည်။ ငယ်ငယ်ကဆို သူ့ပါးတွင် အကြောစိမ်းလေးများ မြင်ရသည်အထိ ဖြူခဲ့သည်။ အခုတော့ ထိုအကြောစိမ်းလေးတွေ သိပ်မမြင်ရတော့သလိုပါပဲ။ ကျွန်မလည်း အရပ်ရှည်လာသည်။ သူက ကျွန်မကို ပြောသည်။

"နင်က အဆိုတော်ချမ်းချမ်းလိုပဲ"

"ဘာလဲ အသံကောင်းတာလား"

"မဟုတ်ဘူး ဝါးခြမ်းပြားလေ"

"နင် ငါ့ကို ဆဲချင်အောင်လုပ်နေတာ"

ထိုကဲ့သို့ တစ်ဘက်သားမခံချင်အောင် စ ရ၊ နောက်ရမှ ထမင်းစားဝင်သလား မပြောတတ်။ မုန့်စားကျောင်းဆင်းချိန် ခေါက်ဆွဲသုပ်စားနေသည့်အချိန်ဆိုလည်း "မိုးတွင်းဆို တီကောင်တွေထွက်တယ် သိလား" ဟု မကြားကြားအောင် အော်ပြောတတ်သေးသည်။ ထိုအခါမျိုးတွင် ရွံတတ်သည့် သူငယ်ချင်းများက ဆက်မစားတော့။ သူငယ်ချင်းများက မျက်စောင်းထိုးသည်။ မေတ္တာပို့ကြသည်။ မိန်းကလေးတွေကို စချင်သည့် ဝါသနာက မပျောက်သေး။

ဆယ်ကျော်သက်ပီပီ ဆရာ၊ဆရာမများကိုပါ သူက စချင်သည်။ ဥပမာ အနည်းငယ်ဝသော ဆရာမတစ်ယောက်သည် စာသင်ခန်းဆီသို့ ဖြည်းဖြည်းချင်းလာနေသည်ကို တွေ့သည်ဆိုပါစို့။
"စည်ပိုင်းကြီး လှိမ့်လာပြီ၊ စည်ပိုင်းကြီး လှိမ့်လာပြီ" ဆိုသော သီချင်းကို ထဆိုတတ်သည်။

အင်္ဂလိပ်စာဆရာက မီးနင်းတစ်ခု၏ အသံထွက်ကို အင်္ဂလိပ်လေယူလေသိမ်းနှင့် မတူတူအောင် ပြောသည်ဆိုပါစို့။ သူက နောက်ကွယ်၌ ထိုဆရာ့ဟန်ကို လိုက်ပြောင်လေတော့သည်။ သူထိုသို့ လုပ်ပြတိုင်းလည်း ကျွန်မအပါအဝင် ဘေးက သူငယ်ချင်းများပါ မရယ်ဘဲ မနေနိုင်ပါ။ သူသည် ပျော်ပျော်နေတတ်သော လူကလေးဖြစ်၍ နေလေသည်။

ရှေ့ဆုံးခုံတန်းတွင် ထိုင်သည့် သူငယ်ချင်းဆီသွားကာ သူတစ်ယောက် လေပေါနေလေသည်။ နောက်သို့လှည့်၍လည်း ကျွန်မကို ကွက်ကြည့်ကွက်ကြည့် လုပ်တတ်သေးသည်။ သူ့သူငယ်ချင်းကလည်း တစ်ခါတစ်ခါ လှည့်လှည့်ကြည့်သည်။ ကျွန်မအကြောင်း ပြောနေတာ သိသာသည်။ သူသည် အမြဲလိုလိုစပ်ဖြဲဖြဲ။ မျက်နှာပိုးက မသေချင်။ သူဟာ မတည်ငြိမ်လိုက်ပုံများ။ ကျွန်မ မကြိုက်သည့် အချက်များ သူ့တွင် ရှိနေသော်လည်း သူ့ကိုခင်မြဲခင်မိပြန်သည်။

စိတ်ဆိုသည်မှာလည်း အဆန်းကြယ်သား။ ကျွန်မကြည့်သည့် တရုတ်ဇာတ်လမ်းများတွင်တော့ တစ်ရက်ဆရာဟာ တစ်သက်ဆရာပဲတဲ့။ သူငယ်ချင်းဆိုတာလည်း အဲ့လိုပဲ ဖြစ်လေမလား၊ တစ်ရက်သူငယ်ချင်းဟာ တစ်သက်သူငယ်ချင်းဖြစ်မှာလား။

သူနှင့်ကျွန်မ ဘယ်အချိန် ထပ်ဝေးရဦးမှာလဲ။ ကျွန်မ ဒါတွေကို ကြာကြာမစဉ်းစားနိုင်တော့။ အခုနှစ် စာတွေများသည်။

***

အပိုင်း(၆)မျှော်

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------