Author's Profile Photo

SarPhat Author

1/01/2024

ဇန်နဝါရီ ၁ ရက် (သို့မဟုတ်) ကုန်းဘောင်မင်းဆက် နိဂုံး

1 min read
Education
General Knowledge
History
ဇန်နဝါရီ ၁ ရက် (သို့မဟုတ်) ကုန်းဘောင်မင်းဆက် နိဂုံး's photo

၁၈၈၅ခုနှစ်၊နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြန်မာဘုရင် သီပေါမင်း နှင့် မိဖုရားခေါင်ကြီး စုဖုရားလတ် တို့သည် အိန္ဒိယနိုင်ငံ၊ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
ဗြိတိသျှတပ်များ မန္တလေး နန်းတော်ကို သိမ်းပိုက်ပြီးစတွင် ဗိုလ်ချုပ် ပရင်ဒါဂတ် နှင့် ကာနယ်စလေဒင်တို့ က ယာယီ အုပ်ချုပ်ခဲ့ပြီး အထက်မြန်မာပြည့်အား မည်သို့မည်ပုံ စီမံအုပ်ချုပ်ရမည်ကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

အစတွင်မူ ပြင်သစ်တို့နှင့် လက်ပွန်းတတီး ရှိလှသော သီပေါဘုရင်အား နန်းချပြီး မင်းတုန်းမင်းတရားကြီးရဲ့ အချစ်တော် ညောင်ရမ်းမင်းသားအား နန်းတင်ရန် လျာထားခဲ့သော်လည်း ညောင်ရမ်းကိုယ်တော်လေးသည် ကာလကတ္တားမြို့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပြီးဖြစ်သည်။ သူ့၏ သားတော်မှာလည်း လူမမယ် ကလေးမျှသာရှိသေး၏။
ကျန်ရှိသည့် တခြားသော မင်းသားများမှာမူ ဗြိတိသျှတို့အတွက် ပြစ်မှုကင်းရှင်းမှုမရှိခြင်း၊
ပြင်သစ်တို့နှင့် ဆက်နွယ်သော ဆက်ဆံရေးရှိခြင်း စသည်တို့ကြောင့် နန်းတင်ပေး၍ မဖြစ်ပေ။

အိန္ဒိယ ဘုရင်ခံချုပ် လော့ဒပ်ဖရင်၊အောက်မြန်မာနိုင်ငံဆိုင်ရာ
ဝန်ရှင်တော်မင်းကြီး ဘားနဒ် တို့၏ ဆွေးနွေးမှုများ အဆုံးတွင်မူ မြန်မာပြည်အား ဗြိတိသျှအင်ပါယာအတွင်းမှ ပြည်နယ်ကြီး တစ်ခုအဖြစ်သာသတ်မှတ်ခဲ့ကြသည်။ဗြိတိသျှ ဘုရင်မကြီးရဲ့ အလိုတော်အတိုင်း အိန္ဒိယဘုရင်ခံချုပ်နှင့်ဘုရင်ခံတို့က ခန့်အပ်သည့်
အရာရှိများမှ တဆင့် စီမံအုပ်ချုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။ ဗြိတိသျှဘားမား ဟုလည်း အမည်နာမ ပေးအပ်ခဲ့ကြသည်။
ဤသို့ဖြင့် ၁၈၈၆ခုနှစ် ၊ဇန်နဝါရီ ၁ ရက်နေ့တွင်
မြန်မာပြည်တစ်ခုလုံး( ကုန်းဘောင်ခေတ် အင်းဝနိုင်ငံတော်ကြီး) သည် ဗြိတိသျှကိုလိုနီ လက်အောက်ခံဘဝ သို့ လုံးလုံးလျားလျား ကျရောက်ခဲ့ရ‌လေသည်။

ဗြိတိသျှ အသိုင်းအဝိုင်း၏ အဆိုအရ

နန်းတွင်းလူသတ်ပွဲကြီးအား ရှုတ်ချခြင်းများ၊ သီပေါမင်းလက်ထက် ဗြိတိသျှ-မြန်မာ မဟာမိတ်ဆက်ဆံရေး အေးစက်ကာ မန္တလေးမြို့တော်ရှိသံရုံးဖျက်သိမ်းခြင်းများရှိခဲ့သော်လည်း၊ ဗြိတိသျှတို့သည် အထက်မြန်မာပြည်အား အလျင်စလို သိမ်းပိုက်လိုသော ဆန္ဒမရှိချေ။
သို့သော် နန်းတွင်းအပျို‌တော် တစ်ဦးဆီမှတဆင့် ပေါက်ကြား‌လာသော ပြင်သစ်မြန်မာ သဘောတူစာချုပ်ကြောင့် တစ်ကြောင်း၊ ဘုံဘေဘားမားအရေးကြောင့် တစ်ကြောင်း၊ ပြင်သစ်တို့အရင် လက်ဦးမှုရယူရန်
အလျင်အမြန် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်းပိုင်း အရှုပ်တော်ပုံများ၊ ထီးနန်းအာဏာလုပွဲများ၊ နန်‌တွင်းလူသတ်ပွဲကြီးများ၊ တိုင်းပြည်အတွင်း မတည်ငြိမ်မှုများ၊ လက်ရုံးနှလုံးနှင့် ပြည့်စုံသော အမှုထမ်းများနည်းပါးခြင်းများ၊ ဘုရင်နှင့် မိဖုရားတို့၏အမျှော်အမြင်၊အရည်အချင်းနည်းပါးခြင်းများသည် ကုန်းဘောင်မင်းဆက်အား အပြီးတိုင် အဆုံးသတ်စေခဲ့သည်။

မောင်ဟိန်းခန့်

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?