Author's Profile Photo

AYN

19/12/2023

If I were 18 again

3 mins read
Education
General Knowledge
18 Again
If I were 18 again's photo

"၁၈နှစ်လူငယ်တစ်ဦးပြန်ဖြစ်ရမယ်ဆိုရင်" ဆိုတဲ့ခေါင်းစဥ်လေးအောက်မှာ စာဖတ်သူတို့အနေနဲ့လဲ ငါသာဆိုရင် ဒီလိုတွေလုပ်ခဲ့မိမှာဆိုတဲ့အတွေးနဲ့ ကိုယ်စီကျေနပ်အားရမှုတွေရော ပူပန်နောင်တတွေပါ ဒွန်တွဲနေမယ်လို့မြင်မိပါတယ်။ ယခင် ကိုဗစ်ရောဂါကပ်ဆိုးကြီးမှသည် ယခုကျွန်တော်တို့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုများကြောင့် ပညာရေးသာမက စီးပွားရေး၊ လူနေမှု အဘက်ဘက်က အထိအခိုက်များခဲ့ရပါတယ်။ ဆယ်ကျော်သက်လူငယ်တွေရဲ့ ဘဝအိပ်မက် ပန်းတိုင်တို့သည်လဲ အလှမ်းဝေးသထက်ဝေးလာခဲ့ရပါတယ်။ ကျွန်တော့်အနေဖြင့်လဲ လူငယ်ဘဝရဲ့နုပျိုမှုတွေကို တန်ဖိုးမထားမိဘဲ ဖြစ်ချင်ရာဖြစ် အဆုံးမရှိတဲ့စိတ်ကူးတွေနဲ့ ရွက်လွှင့်ကာ လမ်းပျောက်ခဲ့ရပါတယ်။ ဆိုတော့ ဆယ်ကျော်သက်ညီငယ် ညီမငယ်လေးတွေအတွက် ကလေးလို့လဲခေါ်လို့မရ လူကြီးလဲမဖြစ်သေးတဲ့အရွယ်မှာ ဆုံးဖြတ်ချက်မမှားဖို့ ပညာရေးတစ်ပိုင်းတစ်စနဲ့ ပြီးပြီးရောဆိုပြီး ဘဝကိုဦးတည်ချက်မရှိ၊ ဘာတာဝန်မှခေါင်းပေါ်မရှိ၊ comfort zone ချည်းပဲမဖြစ်ဖို့ရာ ရည်ရွယ်၍ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အသိတွေကို ပြန်လည်မျှဝေပေးပါရစေ။
၁၈နှစ်လူငယ်တစ်ဦးပြန်ဖြစ်ခွင့်ရမယ်ဆိုရင်…

၁။ မိသားစုနဲ့ အနားမှာရှိတဲ့မိတ်ဆွေကောင်းတွေကို တန်ဖိုးထားပါ။
ဆယ်ကျော်သက်တွေရဲ့ စိတ်အတက်အကျတွေကြောင့် ကိုယ့်အနားမှာရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအစား လုပ်ယူရတဲ့ဆက်ဆံရေး (ကိုယ်ဆွဲထားမှမြဲမယ့်ဆက်ဆံရေး)တွေ၊ ပြင်ပလောကတွေကို ပိုပြီးခုံမင်တတ်တဲ့သဘော ရှိပါတယ်။ မိမိရဲ့ ကိုယ်ပိုင်အချိန်တွေမှာလဲ အပြင်တွေ လျှောက်သွားပျော်ပါးဖို့သာ အာရုံစိုက်နေကြပြီး ဘယ်သူကကောင်းလဲ၊ ဘယ်သူကမကောင်းဘူးလဲ ဆိုတာလဲမတွေးမိကြပါဘူး။ မရှိမှ နောင်တရငိုကြွေးနေမယ့်အစား မိဘတွေရှိတုန်းအခိုက်အတန့်မှာ ကိုယ်တိုင်ဂရုစိုက်ပေးပြီး ခရီးတိုထွက်တာလေးတွေ၊ အမှတ်တရလေးတွေ ဖန်တီးသင့်ပါတယ်။ ကိုယ့်အပေါ် မနာလိုဝန်တိုခြင်း၊ ကဲ့ရဲ့အပြစ်တင်ခြင်း၊ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးပြုတတ်တဲ့ မိတ်ဆွေတုတွေ၊ အဆိပ်အတောက်ဖြစ်စေမယ့် ဆက်ဆံရေးတွေဆီကရုန်းထွက်ပါ။ ကိုယ်နဲ့ဝါသနာတူတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့၊ ကိုယ့်အပေါ်အနစ်နာခံ၊ စိတ်အားငယ်တဲ့အချိန်တိုင်း ဖေးမပေးတတ်တဲ့လက်တွေကို တန်ဖိုးထားပြီးဆုပ်ကိုင်ထားရပါမယ်။

၂။ တခြားသူတွေနဲ့နှိုင်းယှဥ်ပြီး အများရဲ့ထင်မြင်ချက်တွေအတိုင်း အသက်ရှင်နေထိုင်ခြင်း။

ကျွန်တော်တို့ ဆယ်ကျော်သက်လူငယ်တွေက အရာရာကို လက်တည့်စမ်းချင်တဲ့အရွယ်လဲ ဖြစ်သလို အသေးအမွှားကိစ္စလေးတွေကိုကအစ တခြားသူတွေနဲ့ နှိုင်းယှဥ်တတ်ကြပါတယ်။ “သူကတော့ GED တက်နေပြီ။ ငါကတော့ ဘာမှမတက်နိုင်သေးဘူး။” စတဲ့ သိမ်ငယ်စိတ်တွေနဲ့အတူ ကိုယ့်မှာရှိတဲ့ အစွမ်းအစ အရည်အချင်းတွေကို မမြင်တတ်ကြပါဘူး။ "ငါဒီလိုလုပ်ရင် သူတို့ငါ့အပေါ်ဘယ်လိုမြင်မလဲ" ဆိုတဲ့အတွေးတွေနဲ့ တခြားသူတွေရဲ့ထင်မြင်ချက်တွေအပေါ်လိုက်ပြီး ကိုယ့်ဘဝကို ပျောက်ဆုံးနေတတ်ပါတယ်။ social media ပေါ်က အလှဓာတ်ပုံတွေကြောင့်လဲ ကိုယ့်ဘဝကို မကျေမနပ်ဖြစ်နေတတ်ကြပါတယ်။ အရေးမပါတဲ့ကိစ္စတွေအပေါ် အရာပေးနေတတ်ပြီး ကိုယ့်မှာရှိတဲ့အရည်အသွေးတွေကို မမြင်တတ်ကြပါဘူး။ တခြားသူတွေက "ဒါလုပ်ရင်​ကောင်းတယ်၊ဒါလုပ်"တဲ့ စကားတွေကိုနားယောင်ပြီး ဆက်လုပ်နေမိရင် ရပ်လိုက်ပါ။ ရှေးရိုးစွဲအယူအဆတွေ ပေါ်လိုက်ပြီးခံစားမနေဘဲ ကိုယ်ဝါသနာပါရာ နောက်ကိုလိုက်ပြီး အသက်ရှင်နေထိုင်ပါ။


၃။ နေ့တိုင်းအသစ်တွေသင်ယူပါ။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေမေးပါ။

ဒါက အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး ဓားသွားပါပဲ။ လောကမှာ သင်ယူစရာတွေ ကုန်သွားတယ်ဆိုတာ မရှိပါဘူး။ ပိုက်ဆံကုန်မှ ပညာတစ်ခုရတာမဟုတ်ပါဘူး။ အခုအချိန်အခါမှာဆိုရင် အိမ်မှာနေရင်းနဲ့တောင် Youtube Channels တွေ၊ ပညာဒါနတွေ ကြည့်ရင်း အခမဲ့လေ့လာလို့ရပါတယ်။ နောက်ပြီး တစ်နေ့တာလုပ်ခဲ့ ဖြစ်ခဲ့တာတွေကို ညအိပ်ယာမဝင်ခင် နေ့စဥ်မှတ်တမ်းရေးတတ်တဲ့အကျင့်ကို မွေးပါ။ ခါတိုင်းနေ့တွေထက်ပိုပြီး အဓိပ္ပါယ်ရှိလာပါလိမ့်မယ်။ ပန်းချီဆွဲပါ။ အနုပညာအပေါ် စီးမျောကြည့်ပါ။ စိတ်သဘောနူးညံ့ပြီး အရာရာအပေါ် အကောင်းမြင်စိတ်တွေ မွေးမြူတတ်လာပါလိမ့်မယ်။ "ငါ့ရဲ့ရည်မှန်းချက်၊ အတွေးအခေါ်၊ အယူအဆတွေကဘာလဲ" သိအောင် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပါ။ ပစ္စုပ္ပန်ကာလမှာနေပြီး ကိုယ်ရထားတဲ့လူငယ်ဘဝတန်ဖိုးကို မြှင့်တင်ပါ။ ဘဝရဲ့ အဓိပ္ပာယ်ကို တကူးတကအပင်ပန်းခံပြီး ရှာဖွေနေမယ့်အစား လက်ရှိအချိန်လေးမှာ မိမိလုပ်နိုင်တာတွေဆို အချိန်မဆွဲပဲထလုပ်လိုက်ပါ။

၄။ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာပါကျန်းမာအောင်နေပါ။

ပထမဦးဆုံး တရားထိုင်တတ်တဲ့အလေ့အကျင့်ကို လုပ်ဆောင်ပါ။ စိတ်ပျံ့နှံ့လွယ်ပြီး ဘာကိုမှ ကောင်းကောင်းအာရုံမစိုက်နိုင်တဲ့သူ ဆိုရင် ၅မိနစ်လောက်အချိန်ပေးပြီး မနက်စောစောဖြစ်စေ ညအိပ်ယာမဝင်ခင်ဖြစ်စေ တရားထိုင်ပေးသင့်ပါတယ်။ စိတ်ဂယောက်ဂယက်ဖြစ်မှုတွေ သက်သာစေပြီး စိတ်ကိုကျန်းမာပျော်ရွှင်စေနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်ထဲက ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအသောက်တွေ၊ စနစ်ကျတဲ့အိပ်ချိန်တွေ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုတွေကို ပုံမှန်ပြုလုပ်တတ်တဲ့အကျင့်ကို မွေးမြူပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင်နေထိုင်ပါ။ စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာမှာပါ ဘယ်သူ့ကိုမှ မှီခိုခြင်းမရှိဘဲ တစ်ယောက်ထဲ နေထိုင်တတ်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် မညာပါနဲ့။ ကိုယ့်စိတ်ကိုအသိဆုံးမို့ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်တွေမှာဆိုရင် တစ်ဖက်သားကအတင်းတိုက်တွန်းတောင်းဆိုမှုတွေကို အားမနာဘဲ ငြင်းတတ်အောင်လေ့ကျင့်ပါ။ အကောင်းမြင်စိတ်မွေးပြီး အရာရာအပေါ် negetive အတွေးတွေမတွေးဘဲ နေထိုင်ပါ။

နောက်ဆုံးကျွန်တော်ပြောချင်တာကတော့ စာဖတ်သူညီငယ်၊ ညီမငယ်လေးတွေအနေဖြင့် "ဘယ်တော့မှ တခြားသူတွေရဲ့ဝေဖန်ပြစ်တင်သံတွေကို မကြောက်ကြပါနဲ့။" ကိုယ်ယုံကြည်ရာကို ဆက်လျှောက်ပါ။ နောင်တစ်ချိန်ကျမှ ငါ ၁၈ နှစ်အရွယ်က ဒါတွေကိုမလုပ်ခဲ့ရလေခြင်း ဆိုတဲ့ နောင်တထက် အခုအသိတရားရပြီး ထလုပ်လိုက်ပါ။ အတိတ်ကဖြစ်ရပ်တွေအပေါ် သင်ခန်းစာယူပြီး မိမိတို့ရဲ့ ငယ်ရွယ်ချိန်တွေကို တန်ဖိုးထားပါ။ လက်ရှိလူငယ်အရွယ်က အရာရာကိုကြိုးစားဖို့ အကောင်းဆုံးအချိန်ဖြစ်တဲ့အတွက် အရှုံးမပေးဘဲ မိမိလိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်တဲ့ အနာဂတ်ကြယ်ပွင့်လေးတွေဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------