Default Profile Photo

SarPhat User

13/07/2024

The Whispering Strings

3 mins read
Poetry
Art
The Whispering Strings's photo

ညင်သာနွဲ့ပျောင်း....သံစဥ်စောင်း

လူစည်ကားသော လမ်းများနှင့် ဘဝအစုံစုံ ဟိုသည် ကူးသန်း ရူတ်ထွေးလှသော မြို့လယ်ခေါင်နှင့် ဝေးလှပါသော ရန်ကုန်မြို့အစွန် တစ်နေရာ၊ ဆိတ်ငြိမ်လှသော အိမ်တွင် ဂီတကို ဝါသနာပါသော မီယာတစ်ယောက် နေထိုင်ပါသည်။ ဂီတအပေါ်ချစ်မြတ်နိုးမူသည် အများနှင့်အတူ ရှိသည်။ တီးခတ်နေသော သူ့လက်ရာတွင် ကျေနပ်အားရမူ မရှိနိုင်ပဲ ဖြစ်လျက်နေသည်။ ရှေးအစဥ်အဆက် တီးခတ်လာသည့် မဟာဂီတကို ခေတ်သစ်ကို ကိုယ်စားပြုသော သံစဥ်သစ်များ ပေါင်းစပ်၍ ဖန်တီးရန် စိတ်ကူးယဥ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
မီယာ့ လှပသည့် ဗမာ့ရိုးရာတူရိယာ စောင်းကောက်တစ်လက်ကို ပိုင်ဆိုင်သည်။ ကျက်သရေရှိလှသော လှေပုံသဏ္ဍာန်ကိုယ်ထည်ကို အကောင်းမွန်ဆုံးသစ်သားဖြင့် ပြုလုပ်ထားပြီး အနုစိပ် လက်ရာများ ထွင်းထု တန်ဆာဆင်ထားသည်။ တီးခတ်ရန် ပိုးကြိုး တစ်ဆယ့်ခြောက်ကြိုးရှိပြီး သံစဥ်သကေ ခြောက်ခုဖြင့် ချိန်ညှိထားသည်။ ဆင်ဆွယ်ဖြင့်ပြုလုပ်ထားသော ချိန်ညှိတံများသည် စောင်း၏ နူးညံ့သိမ်မွေ့သော သံစဥ်များ မှန်ကန်ကြောင်းသေချာစေရန် တိတိကျကျ ချိန်ညှိထားသည်။

မီယာသည် ဇစ်သာတူရိယာဗျတ်စောင်း တီးခတ်ခြင်းကို လည်း စိတ်ဝင်စားသည်၊ အမြဲလိုလို နားဆင်လေ့ရှိသည်။ ဂီတလောကတွင် ဗမာ့စောင်းကို ဇစ်သာဗျတ်စောင်းလို ထင်ပေါ်စေလိုသူဖြစ်သည်။ ဗမာ့စောင်းတွင်လည်း ချိန်မြိန်အားရှိသော သံစဥ်များရှိသည်။ ရိုးရာအတိုင်းတီးခတ်နည်းများကို တန်ဖိုးထားပါသည်။ မီယာသည် သံစဥ်သစ်များ ရှာဖွေနေရင်း တညနေခင်းတွင် သူ၏ ကြိုးစားမူကို စိတ်ပျက်ချင်သလို ဖြစ်လာသည်နှင့် ပြတင်းပေါက်နားတွင် ထိုင်ကာ လခြမ်းကို မော့ကြည့် ငေးကြည့်နေမိသည်။ တိုက်ခတ်နေသော ညလေပြည်ထဲသို့ သူ၏ တိတ်တခိုးဆန္ဒကို တိုးတိုးလေး ပြောလိုက်ပါသည်။

မီယာ တစ်ယောက် အိပ်ပျော်သွားခဲ့သည်။ ယင်းနောက် ထူးဆန်းပြီး မှော်ဆန်လှသည့် တောအုပ်ထဲတွင် သူ့ကိုယ်သူ တွေ့လိုက်သည်။ သစ်ပင်များသည် ငွေရောင်ကဲ့သို့ တောက်ပသော အရွက်များနှင့် ဖြစ်ပြီး ပန်းပွင့်များသည်လည်း နူးနူးညံ့ညံ့ တောက်ပစွာ ဖူးပွင့်နေသည်မှာ သူ မြင်ဖူးခဲ့သည့် အရာများနှင့် မတူပါ။ ဤထူးဆန်းသောတောအုပ်အလယ်တွင် သူသည် ယခင်ကကြားဖူးသမျှနှင့်မတူသော အလှပဆုံးဂီတသံစဥ်ကို ကြားလိုက်ရသည်။
အသံကြားရာနောက် သူလိုက်လာရာ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်နေသေ လူတစ်ယောက်ကို သူတွေ့ရသည်။ သူသည် စောင်းနှင့်တူသော တူရိယာကို တီးခတ်နေသည်။ တူရိယာသည် လောကဓံကို ခံစားလာရသည်မှာ ဘဝနှင့် အမျှဖြစ်မည်။ မီယာ ချဥ်းကပ်လာသည်ကို မျက်လွှာတစ်ချက်ပင့်ကြည့်သည်။ သူ့မျက်ဝန်းများသည် ညဏ်ပညာနှင့် နွေးထွေးမူ အရောင်ဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်လျက်ရှိသည်။

“လာထိုင်ပါ မီယာ” ထိုသူက နုတ်ဆက်သည်၊ သူ့အသံသည် တေးသွားတစ်ကြောင်းနဲ့ပင် တူသည်။
“ကလေးမကို စောင့်နေတာ”
“ရှင်က ဘယ်သူလဲဟင်” မီယာ စူးစူးစမ်းစမ်းနှင့် စိတ်ဝင်တစား မေးလိုက်သည်။
“ကိုယ်က သီအိုပါ၊ သံစဥ်ကြိုးတွေကို အုပ်ထိန်းရတဲ့သူပေါ့၊ မီယာ့စိတ်ထဲမှာ ရှိနေတဲ့ ဆန္ဒကို သိနေသူပါပဲ၊ မင်းရဲ့ စောင်းကို ရှေးရိုးသံစဥ်နဲ့ပဲ မတီးချင်ပဲ ဂီတအသစ်ကို ဖန်တီးချင်တာ၊ အခုခေတ်ကို ထင်ဟပ်နေတဲ့ သံစဥ်ကို ဖန်တီးချင်တာ၊ အဲဒီလို မဟုတ်လား”
မီယာ့မျက်ဝန်းများ ဝိုင်းစက်သွားသည်။
“ဟုတ်တယ် ဒါပေမဲ့ ဘယ်လို တီးရမယ်မသိဘူး၊ ကျမ ကြိုးစားနေတာ ကြာပြီ၊ လိုချင်တဲ့ ပုံစံ မရသေးပါဘူး”
သီအိုက နူးညံ့စွာ ပြုံးသည်။
“ဂီတဆိုတာဟာ ဘဝလိုပဲ မြစ်တစ်စင်းပါ၊ ကလေးမ အလိုရှိရာကို စီးဆင်းဖို့ အတင်းအကြပ် လုပ်ဖို့ မသင့်ဘူး၊ ညင်ညင်သာသာ လမ်းညွှန်ရပါမယ်၊ ကိုယ်ပိုင်လမ်းကြောင်းကလည်း ဖြစ်ရအုံးမယ်”
သီအိုက သူ၏ တူရိယာကို မီယာအား ပေးလိုက်သည်။
“ဒါက အိပ်မက်စောင်းပဲ၊ တီးကြည့်လေ၊ သူက သင်ပြပါလိမ့်မယ်”
မီယာက စောင်းကို ယူလိုက်သည်၊ အစပိုင်းတွင် ချီတုချတုံဖြင့် တီးခတ်နေမိသည်၊ အံ့အားလည်းသင့်နေမိသည်၊ စောင်းကြိုးများသည် သူ၏ အတွေးကို တုံ့ပြန်နေပုံရသည်၊ သူ၏နှလုံးသားထဲမှ အတွင်းကျဆုံးသော အတွေးကို ယက်လုပ်ထားသော တေးသွားများကိုပင် သိနေသည်ထင်သည်။
“ဂီတကို စကားဝိုင်းတစ်ခုလို စဥ်းစားကြည့်ပါ”
သီအိုက တိုးတိုးညင်သာ ပြောပြန်သည်။ သကေတတစ်ခုချင်းစီဟာ ဝေါဟာရတွေပဲ၊ ကော့တွေဟာ ဝါကျတွေပေါ့၊ မင်းနှလုံးသားထဲက ရှိနေတဲ့အတိုင်း မင်းရဲ့ လက်ချောင်းတွေကတစ်ဆင့် ပြောလိုက်ပါ”
မီယာ တီးခတ်လိုက်သည်၊ ရိုးရာတီးခတ်နည်းနှင့်ပင် ခတ်မီသော သံစဥ်များက လိုက်ဖက်စွာ ထွက်ပေါ်လာသည်၊ တူရိယာကိုယ်တိုင်က သူအရင်က နားမလည်ခဲ့သော ဂီတ၏ ဘာသာစကားကို သင်ကြားပေးနေသလို ညွှန်ပြနေပါသည်။
တူတီးခတ်နေစဥ်တွင် သီအိုက ပြောပြန်သည်၊ သူ့အသံမှာ ဂီတသံစဥ်အလိုက်နှင့်မို့ ကြည်လင်အေးဆေးနေသည်။
“တွေ့လား၊ စောင်းဆိုတာ တူရိယာပဲ သက်သက်မှ မဟုတ်တာ၊ ပုံပြောပြတတ်သူတစ်ယောက်ပါပဲ၊ မဟာဂီတသီချင်းပုံပြင်တွေကိုလည်း ပြောပြတတ်သလို အနာဂါတ်အိပ်မက်တွေကိုလည်း ပုံဖော်နိုင်သူပါ၊ တိုးတိုးလေး ပြောပြတတ်တဲ့ သူ့လျို့ဝှက်ချက်ကို နားဆင်တတ်ရင် မင်းကိုယ်တိုင်လည်း သံစဥ်အသစ်ကို ရှာတွေ့မှာပါပဲ”

အိပ်ရာမှ နိုးလာသောအခါ အသစ်ဖြစ်သော နားလည်မူနှင့် ငြိမ်းချမ်းမူကို ခံစားလိုက်ရသည်။ သူ၏ စောင်းကောက်ကို ယူလိုက်ကာ စပြီး တီးခတ်လိုက်သည်၊ ကြိုးကို အင်အားမသုံးပဲ ညင်ညင်သာသာ လမ်းညွှန်ပြကာ သဘာဝ အတိုင်းပင် သံစဥ်ထွက်ပေါ်လာစေသည်။ တေးသွားသည် ဆန်းသစ်သည်၊ ကွဲပြားသည်၊ လှပသည် ပြီး သူနှင့် တစ်သားတည်းပင် ဖြစ်နေတော့သည်။
မီယာသည် ထိုနေ့မှစ၍ ဗမာ့စောင်း၏ မဟာဂီတ သံစဥ်များကို ခေတ်သစ်ဟန်များနှင့် တဖြည်းဖြည်းချင်း တီးခတ်ကြည့်လာခဲ့သည်။ သူ့နှလုံးသားကို ထင်ဟပ်စေသည့် တေးသွားများကို ဖန်တီးကြည့်နိုင်လာသည်။ တခါတရံ ညအချိန်အခါတွင် သီအိုဆိုသူ ဂီတကြိုးများအုပ်ထိန်းသူ၏ အသံကို ကြားယောင်မိသည်။
“ဂီတဆိုတာ ဘဝလိုပါပဲ မြစ်တစ်စင်းလိုပါပဲ၊ မြစ်ကို သဘာဝအတိုင်း စီးပါစေ...”

မီယာနှင့်စောင်း
“တိတ်တဆိတ်ည အိပ်မက်ဆီသို့ ပျံသန်းသူ
စောင်းတစ်လက်နှင့် အလင်းသစ်ကို ရှာတွေ့ခဲ့ပါတယ်။
တိုးတိတ်ညင်သာ ကြည်လင်ပါတဲ့ ဂီတတေးသွား
နှလုံးသားဆီက သံစဥ်အမှန် ကြားရဖို့ မျှော်ခဲ့ရတယ်။

ရိုးရာသံစဥ်ကို တစ်စစီ တီးပါလို့
ကြိုးတိုင်းရဲ့ အသံသစ်မှာ စီးမျောခဲ့တယ်။
ပေါ့ပါးဝိညဥ် စိတ်လက်သန့်ရှင်း ညင်သာလက်ချောင်းလေးတွေနဲ့
သူ့သီချင်း သူ့ကံကြမ္မာကို သူတွေ့ခဲ့ပါတယ်။

Keep Reading

ဘဲမေမေကြီးနဲ့ ဥလေးများအမှိုက်များနန်းကျဘုရင်အဆင်ပြေသွားမှာပါမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ(က)